မြန်မာလူမျိုးများ၏ - TopicsExpress



          

မြန်မာလူမျိုးများ၏ ပုဂ္ဂိုလ်ရေးသက်သက် ကိုးကွယ်မှုများနှင့် ဒီမိုကရေစီ ခရီးလမ်း ( ရူပ ပွင့်ပွင့်လင်းလင်းရေးသည် ) ကိုးကွယ်မှု၊ လေးစားမှု၊ ယုံကြည်မှု၊ လေးစားယုံကြည်မှု ဆိုတဲ့ စကားရပ်ကလေးတွေကြားမှာ ကျနော်တို့ တော်တော်များများ ကိုယ်သန်ရာ ကိုယ်ဆွဲတွေးရင်း ပိတ်မိနေကြတာ မြင်နေရပါတယ်။ ဒီစကားလုံးတွေရဲ့ အနက်ဟာ နိုင်ငံတည်ဆောက်ဖို့အတွက်သာမက မိမိဘ၀တည်ဆောက်ဖို့အတွက်ပါ အသုံးဝင်ပါတယ်။ ကျနော်ဘာကောင်မှ မဟုတ်ပါဘူး။ သို့သော် အမြဲတမ်း တွေးတောပြီးမှ စဉ်းစားတတ်သူတစ်ယောက်တော့ ဖြစ်ပါတယ်။ ဘာကိုမှ လွယ်လွယ်လက်မခံတတ်သလို၊ ဘာကိုမှလည်း လွယ်လွယ်မဆန့်ကျင်တတ်ပါဘူး။ အခုလည်း ကျနော့်အတွေးလေးကို ရိုးရိုးလေး တင်ပြကြည့်လိုက်ပါတယ်။ အယူအဆမတူတာ၊ မှားယွင်းနေတာ ရှိရင်လည်း အတွေ့အကြုံနုနယ်သေးတဲ့ ကျနော့်ကို ခွင့်လွှတ်ရင်း လာရောက်ထောက်ပြဆွေးနွေးပေးကြပါဦးလို့ လေးစားစွာ ဖိတ်ခေါ်လိုက်ပါတယ်။ ကိုးကွယ်မှုဆိုတာကတော့ ဘာသာတရားကလွဲ၍ အခြားမည်သည့်နေရာမှာမှ မထားသင့်တဲ့ အရာပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဗုဒ္ဓဘာသာမှာဆိုရင် ကျနော်တို့ရဲ့ အထွဋ်အမြတ်ထားရာ မြတ်စွာဘုရားကို ကျနော်တို့ အကြွင်းမဲ့ ယုံကြည်ကိုးကွယ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေဟာ လုံးဝ ထောက်ပြစရာ မရှိလောက်အောင် အကြွင်းမဲ့ မှန်ကန်နေလို့ပါပဲ။ သို့သော် လူပုဂ္ဂိုလ်တစ်ယောက်ကို ကိုးကွယ်တာကတော့ လုံးဝကို မဖြစ်သင့်တဲ့အရာပါပဲ။ ကျနော် ဘာလို့ ကိုးကွယ်တယ်ဆိုတဲ့ အသုံးအနှုန်းကို ပြောတာလဲဆိုတော့ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ ကယ်တင်ရှင်ကို မျှော်ကြတဲ့ အလေ့အထတစ်ခု ရှိလို့ပါပဲ။ မိမိကိုယ်သာ ကိုးကွယ်ရာလို့ ကျနော်တို့ မြတ်စွာဘုရားက ဟောကြားထားခဲ့ပါလျက် ကယ်တင်ရှင်ကို လွန်ကဲစွာ တကြတဲ့အခါ မိမိတို့ရဲ့ ဘ၀ကို ကယ်တင်ပေးနိုင်တယ်လို့ ထင်တဲ့သူတွေကို ကိုးကွယ်မှုတွေဟာ သူတို့ရဲ့ မသိစိတ်အတွင်းမှာ ရောက်မှန်းမသိရောက်လာခဲ့ပါတယ်။ ဒီတော့ ဘာဖြစ်သလဲဆိုတော့ ကိုယ်ကိုးကွယ်တဲ့သူပြောသမျှစကားလုံးတွေအားလုံးကို မှန်တယ်လို့ ယူဆလာကြပြီး ကိုယ်ကိုးကွယ်တဲ့သူကို တိုက်ခိုက်တဲ့၊ ဝေဖန်တဲ့သူ မှန်သမျှကို အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ပေါက်လာတော့တာပါပဲ။ ဒါ့ကြောင့် လူတစ်ယောက်ကို မစဉ်းစား၊ မချင့်ချိန်ဘဲ အကြွင်းမဲ့ ယုံကြည်မှုကို ကိုးကွယ်တယ်လို့ ကျနော်ဆိုချင်ပါတယ်။ လေးစားမှုဆိုတာက လူတစ်ဦးတစ်ယောက်ရဲ့ အရည်အချင်း၊ ကိုယ်ကျင့်သိက္ခာအပေါ်မှာ ဖြစ်တည်လာတဲ့အရာပဲ ဖြစ်ပါတယ်။ မကောင်းတာလုပ်တဲ့ ခေါင်းဆောင်တွေကို မကောင်းမှုမှာ မွေ့လျော်တဲ့သူတွေက လေးစားလိုက်တာလို့ ဆိုခြင်းကိုတော့ ကျနော်က လေးစားတဲ့ခေါင်းစဉ်အောက်မှာ မထည့်ပါဘူး။ ဒါကတော့ ရှင်းပါတယ်။ လူမိုက်အားပေး၊ မသူတော်ချင်း သတင်းလွေ့လွေ့ ဆိုတဲ့ ခေါင်းစဉ်အောက်ကိုသာ ပို့ရမှာပါပဲ။ ကျနော်ပြောချင်တာက လူတစ်ဦးတစ်ယောက်ကို အခြားလူတွေက လေးစားကြတယ်။ ဘာလို့လေးစားကြတာလဲ။ ပညာရှိလို့လည်း ဖြစ်နိုင်တယ်။ ကိုယ်ကျင့်တရားကောင်းလို့လည်း ဖြစ်နိုင်တယ်။ အများအကျိုးဆောင်ရွက်နေတဲ့သူ ဖြစ်လို့လည်း ဖြစ်နိုင်တယ် စသည်ဖြင့်ပေါ့ဗျာ။ အဲ့ဒီတော့ လေးစားမှုဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေးကို ဖြစ်တည်လို့ရတဲ့ စိတ်ပါ။ ဆိုက်ကားသမားတစ်ယောက်က ဆိုက်ကားခကို ပိုမယူဘဲ မှန်မှန်ကန်ကန်ယူပေးရင် သူ့ရဲ့ စိတ်ဓာတ်ကို လေးစားကြမယ်။ ရပ်ကွက်လူကြီးက ၁၅၀၀ တန်ဖုန်းကဒ် ခဏခဏ ပေါက်နေရင် ရပ်ကွက်ထဲက လူတွေက သူ့ကို မလေးစားကြတော့ဘူး။ ပြည်သူတွေအတွက် ကူညီပေးရင် ရဲပဲဖြစ်ဖြစ်၊ စစ်သားပဲဖြစ်ဖြစ် လေးစားကြမယ်။ ကျောင်းသားတွေကို စာကောင်းကောင်းမသင်ပေးဘဲ အဆင့်အတန်းခွဲခြားဆက်ဆံတတ်တဲ့ ဆရာမကို ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက မလေးစားဘူး။ ဒါဟာ နိယာမတရားပါပဲ။ ဒါပေမယ့် လေးစားမှုတိုင်း ယုံကြည်မှုဖြစ်နိုင်မလားဆိုတော့ မဖြစ်နိုင်ပါဘူးလို့ပဲ ပြောရမှာပါပဲ။ ကျွန်စနစ်ပပျောက်စေခဲ့တဲ့ အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းကို ကျနော်တို့ လေးစားတယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံမှာ လာပြီး သမ္မတလုပ်ဖို့ဆိုရင် ယုံကြည်ပေးနိုင်မလား။ အိန္ဒိယခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီကို လေးစားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ ၀န်ကြီးချုပ်လုပ်ဖို့ဆိုရင် ယုံကြည်ပေးနိုင်မလား။ လက်ရော ခံပေးနိုင်မလားစဉ်းစားကြည့်တယ်။ ဒါ့ကြောင့် လေးစားမှုတိုင်းဟာ ယုံကြည်မှုတွေကို မမွေးဖွားနိုင်ဘူးဆိုတဲ့ အဖြေထွက်လာတယ်။ ယုံကြည်မှုဆိုတာ အလုပ်အပေါ်မူတည်ပြီး ဆုံးဖြတ်ကြတဲ့ ကိစ္စပဲဆိုရင် လက်ခံနိုင်မလားခင်ဗျာ။ ဥပမာပေးကြည့်မယ်နော်။ လူတစ်ယောက်။ သူက စိတ်ထားကောင်းတယ်။ ကူညီတတ်တယ်။ လူကြီးမိဘကိုလည်း လေးလေးစားစားဆက်ဆံတတ်တယ်။ သို့သော် သူက အလုပ်လုပ်ရင် မသေချာဘူး။ အမှားအယွင်းများတယ်။ အချိန်မီဘယ်တော့မှလည်း မအပ်နိုင်ဘူး။ နောက်လူငယ်တစ်ယောက်။ သူက မောက်မာတယ်။ လူတွေကိုလည်း သိပ်မကူညီတတ်ဘူး။ လူကြီးမိဘဆိုရင် သူ့မိဘလောက်ကလွဲပြီး ဘယ်တော့မှ အခြားသူတွေကိစ္စကို မစဉ်းစားတတ်ဘူး။ သို့ပေမယ့် သူက အလုပ်လုပ်ရင် တိကျတယ်။ သေသပ်တယ်။ ချိန်းဆိုထားတဲ့ အချိန်ဆိုရင် ကွက်တိပြီးအောင်လုပ်နိုင်တယ်။ မိတ်ဆွေတို့ ဘယ်သူ့ကို လေးစားကြမလဲ။ ပထမလူပေါ့။ မဟုတ်လား။ သို့သော် မိတ်ဆွေ အလုပ်အပ်မယ်ဆိုရင် ပထမလူနဲ့ ဒုတိယလူ ဘယ်သူ့ကို ယုံကြည်ကြမလဲ။ ကျနော်တော့ ပထမလူကို လေးစားပေမယ့် မယုံကြည်ပေးနိုင်ဘူး။ သူက လက်တွေ့အလုပ်လုပ်တာ အချိုးပြေတဲ့ သူမှ မဟုတ်တာပဲ။ ဒါ့ကြောင့် ကျနော်သာဆို ဒုတိယလူကိုပဲ ယုံကြည်စွာနဲ့ အလုပ်အပ်ပေးမယ်။ ဒီဥပမာနဲ့ မထင်ရှားသေးရင် နောက်ဥပမာတစ်ခု ထပ်ပေးပါဦးမယ်။ ရပ်ကွက်တစ်ခုမှာ ကျူရှင်ဆရာနှစ်ယောက်ရှိတယ်။ တစ်ယောက်က ဆရာစိတ်ပီသတဲ့သူ။ တပည့်တွေအပေါ် ဆင်းရဲ၊ချမ်းသာမရွေး ညီတူညီမျှဆက်ဆံတတ်သူ။ သို့သော် သူက အသင်အပြတော့ အတော်ညံ့တယ်။ နောက်တစ်ယောက်က ဆရာစိတ်သိပ်မရှိသူ။ ကျူရှင်လခမပေးနိုင်ရင် ကျောင်းသားကို အခန်းထဲတောင် ၀င်ခွင့်မပေးသူ။ ပညာဂုဏ်မောက်နေသူ။ သို့သော် အသင်အပြအရမ်းကောင်းတယ်။ သူ့ဆီ ကျူရှင်တက်ရင် အောင်ဖို့အောက်ထစ်ကျိန်းသေတယ်။ ဂုဏ်ထူးတွေဆိုတာ သူ့ဆီမှာ ရိုက်သတ်လို့တောင်မကုန်ဘူး။ ကဲ မိတ်ဆွေ။ မိတ်ဆွေဟာ အဲ့ဒီရပ်ကွက်က လူဆိုပါတော့။ မိတ်ဆွေမှာလည်း သားသမီးတစ်ယောက်ရှိတယ်ဆိုပါတော့။ မိတ်ဆွေ ဘယ်သူ့ကို ယုံကြည်ပြီး မိတ်ဆွေသားသမီးကို အပ်ပါမလဲဗျာ။ အထက်ဖော်ပြပါ ဥပမာတွေအရဆိုရင် အဖြေက ရှင်းနေပါပြီ။ လေးစားရုံနဲ့ ယုံကြည်မှုမဖြစ်နိုင်ဘူးဆိုတာပါပဲ။ လူတစ်ယောက်ကို လေးစားကြပါတယ်။ ဒါပေမယ့် ယုံကြည်ဖို့ကတော့ သူ့ရဲ့ အရည်အချင်း၊ လက်ရှိလုပ်ဆောင်ချက်တွေနဲ့ တိုင်းတာစံထိုးကြည့်ကြရတာပါပဲ။ ဒီလို အသေးအဖွဲကိစ္စကလေးတောင် လေးစားရုံနဲ့ ယုံကြည်မှု မဖြစ်နိုင်ဘူးဆိုတော့ တိုင်းပြည်တစ်ခုလုံးကို ပုံအပ်ရမယ့် ကိစ္စမှာ ကျနော်တို့ ပိုပြီး မစဉ်းစားသင့်ပေဘူးလားဗျာ။ တိုင်းပြည်တစ်ပြည်ကို အုပ်ချုပ်ရမယ့်သူဟာ ပြည်သူက လေးစားယုံကြည်ဖို့လိုတယ်ဆိုတာ ကျနော် လက်ခံပါတယ်။ ဒါပေမယ့် လေးစားမှုနဲ့ ယုံကြည်မှု တစ်ခုသာ ရွေးရမယ်ဆိုရင်တော့ ပြည်သူအတွက်၊ အမျိုးဘာသာသာသနာအတွက် လက်တွေ့လုပ်ဆောင်နိုင်တဲ့ ယုံကြည်ရသူကိုပဲ ရွေးရမှာပါပဲ။ ဘာလို့လဲဆိုတော့ ကျနော်တို့လေးစားရသူတိုင်းဟာ တိုင်းပြည်အတွက် တကယ်လုပ်နိုင်မလုပ်နိုင်ဆိုတာ သူ့လုပ်ရပ်အရ ဆုံးဖြတ်ရလို့ပါပဲ။ ကျနော့် ဥပမာတွေနဲ့ ချိန်ထိုးလေ့လာကြည့်ရင် နားလည်နိုင်ပါလိမ့်မယ်ဗျာ။ ဘယ်သူ့ကိုမှ ထောက်ခံဖို့ ကျနော်မတိုက်တွန်းပါ။ မိတ်ဆွေတို့ရဲ့ ဆုံးဖြတ်ချက်တိုင်းကို လေးစားလျက်ပါ။ တွေးတောပေးဖို့သာ မေတ္တာရပ်ခံခြင်းဖြစ်ပါတယ်။ အဲ့ဒီတော့ ကိုယ့်တိုင်းပြည်က ကိုယ်ဖြစ်စေချင်တဲ့ ခေါင်းဆောင်တစ်ယောက် တိုင်းပြည်ကို အုပ်ချုပ်ခွင့်ရဖို့ဆိုတာ ပြည်သူက လေးစားရုံမရကြောင်း သိသာနေပါပြီ။ ဒါ့ကြောင့် ပြည်သူက ယုံကြည်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ပါ အလုပ်တွေနဲ့ သက်သေပြဖို့လိုပါတယ်။ ပြည်သူတွေကို အတိုက်အခံတွေပဲလို့ အမြဲမြင်နေရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ပြည်သူတွေကလည်း ကိုယ့်ကို အမြဲမထောက်ခံနိုင်ပါဘူး။ အမြင်လွဲလို့ ဆန့်ကျင်ကြတဲ့အခါ ပြန်တိုက်ခိုက်နေလို့ကတော့ ကိုယ့်ခေါင်းဆောင်ရဲ့ ပုံရိပ်တွေပဲ ကျဆင်းပြီး လူထုရဲ့ ယုံကြည်မှု ပျောက်ဆုံးသွားမှာပါ။ ဆန့်ကျင်နေတဲ့သူတွေက ကိုယ့်ခေါင်းဆောင်ကို တစ်ချိန်က လေးစားခဲ့တဲ့သူတွေ ဖြစ်နိုင်ပါတယ်။ ဒီအချက်ကို အထူးတလည် ထည့်သွင်းစဉ်းစားထားရမှာပါ။ ဒါပေမယ့် ကိုယ်တွေရဲ့ လုပ်ရပ်တွေ၊ အမုန်းပွားစေတဲ့ အပြောတွေကြောင့် ကိုယ့်ခေါင်းဆောင်ကို လေးစားသော်လည်း ယုံကြည်မှုလျော့ကျအောင် ကိုယ့်ဘာသာလုပ်မိလျက်သားဖြစ်နေတာတွေကို သတိမူဖို့ လိုအပ်ကြောင်းပါ။ လူတစ်ယောက်ကို လေးစားခြင်းဟာ ကောင်းပါတယ်။ လေးစားထိုက်သူကို လေးစားခြင်းသည် မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ယုံကြည်ဖို့ဆိုရင်တော့ စဉ်းစားပြီးမှ ယုံကြည်ကြပါလို့ မေတ္တာရပ်ခံလိုက်ပါတယ် ခင်ဗျာ။ လူတစ်ယောက်ကို လွန်ကဲစွာ ကိုးကွယ်မှုများကိုတော့ ကျနော်မောင်ရူပက လုံးဝ( လုံးဝ ) ဆန့်ကျင်ပါကြောင်း ပြောလိုက်ပါရစေဗျာ။ ကျနော်ရေးသည့် post သည် တိုင်းပြည်နှင့်လူမျိုးကိုသာ ကိုယ်စားပြုကြောင်း ကိုယ့်စကားကိုယ် တာဝန်ယူပြောလိုက်ပါရစေ။ မိမိအယူဝါဒတစ်ခုတည်းနှင့် ချိန်ထိုးကြည့်ပြီး ကျနော့်ကို လာရောက်ဆဲဆိုကြရင်လည်း ခံရုံပါပဲဗျာ။ အကြောင်းပြချက်တွေနဲ့ ဂုဏ်သိက္ခာရှိရှိလာရောက်မပြောဆိုဘဲ အကြောင်းမဲ့ လာရောက်ဆဲဆိုသော၊ ရည်ရွယ်ချက်ရှိရှိအသေအကြေတိုက်ခိုက်သော comments များကိုတော့ ဖျက်ပစ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ရပါတယ်ခင်ဗျာ။ စေတနာဖြင့် ထောက်ပြပေးသူတို့ကိုတော့ ကျနော်မောင်ရူပက လေးစားစွာ ကြိုဆိုလျက်ပါခင်ဗျာ။ တိုင်းပြည် နှင့် လူမျိုးဘက်မှာသာ အမြဲရှိနေမည့် ကိုရူပ ( ပဲခူး )
Posted on: Thu, 24 Oct 2013 22:30:13 +0000

Trending Topics



Recently Viewed Topics




© 2015