“Change, Complexity, Opportunity & - TopicsExpress



          

“Change, Complexity, Opportunity & Negotiation” အပြောင်းအလဲများ မြန်လွန်းသည်။ အရှုပ်အထွေးများ ပိုလာသည်။ သတင်းအချက်အလက်များ အမှားအမှန်ရောထွေးလွန်းသည်။ အခွင့်အလမ်းလား ထောင်ချောက်လား ခွဲခြားသိရန်ခက်သည်။ တစ်ယောက်တည်းအစွမ်းပြလိုသော Culture အစွဲမဖျောက်နိုင်ကြသဖြင့် ညှိနှိုင်းရင်းမှာပဲ အကွဲအပြဲတွေက ထိန်းမရနိုင်။ သံသယ ဖြစ်စရာတွေ များလာသဖြင့် ယုံကြည်မှုတည်ဆောက်ရန် ထင်သလောက် မလွယ်တော့။ ကိုယ်ကောင်းရင် ခေါင်းမရွေ့ဟုဆိုသော်လည်း အရွှေ့ခံလိုက်ရတာကို လွန်မှသိလိုက်ရတာမျိုးတွေ အများကြီးရှိနေသည်။ ညီညွတ်ရေး တေးဆိုနိုင်အောင် သီချင်းတိုက်ရင်းမှာပင် နောက်ကျောဓားထိုးသွားတာတွေ ကြားနေရသည်။ အဆိုပါ အခြင်းအရာများအားလုံးသည် ပြင်ပအကြောင်းအရာများဖြစ်သဖြင့် ကိုယ်က ထိန်းချုပ်၍ မရနိုင်။ ချင့်ချိန်စဉ်းစားတတ်သော ဥာဏ်ပညာနှင့် ယှဉ်ပြီး သတိထားနေထိုင်တတ်ရန် လိုပါမည်။ စီးပွားရေး သီးသန့်လုပ်သည်ဟု ဆိုပြီး နိုင်ငံ့အရေး၊ နိုင်ငံရေးကိုပါ တစ်တွဲတည်း ထည့်မစဉ်းစား၍ မရ။ အားလုံးက ချိတ်ဆက်နေသည်။ တစ်ကိုယ်ကောင်းဆန်သူများ လုပ်ချသွားသမျှ နောက်က လိုက်ဆယ်ရန် မဟုတ်သော်လည်း ကိုယ့်အလှည့်ကျ ဒီလိုမဖြစ်စေရ ဟူသော မာနကောင်း၊ မခံချင်စိတ်ကောင်းထားကြဖို့ လိုနေပါပြီ။ စီးပွားရေး၊ နိုင်ငံရေး ဘာပဲလုပ်လုပ် နိုင်ငံတကာ အဆင့်မီချင်လျှင် မြန်မာစံနှင့် သွားနေ၍ မရနိုင်။ နိုင်ငံတကာစံ ကျင့်သုံးနိုင်ရမည်။ အမြင်ကျယ်သလောက် သဘောထားလည်း ကြီးရမည်။ အမှန်တကယ်အရည်အချင်း ရှိသူ တက်မည် ကြံခါရှိသေး ဘေးကထိုင်ကြည့်ပြီး သင်ယူရန် မလိုဘဲ တတ်လာသော ကဏန်းစိတ်ဓာတ်မျိုးဖြင့် ဘေးတိုက်သွား ဆွဲချနေသူတွေ ရှိနေသရွေ့ကတော့ တိုးတက်မှုတွေနှင့် ဝေးနေကြဦးမည်ပင်။ တခြားသူဆောင်ရွက်တာကို အတုယူ ဆင်ခြင်သော စိတ်ဓာတ်နှင့် နားလည်အောင် မကြည့်နိုင်ဘဲ အလစ်မှာ ၀င်ဆော်ဖို့လောက်သာ စိတ်ကူးကြသဖြင့် နှစ်ယောက်လုံး ရှေ့မတက်တော့သည့် ဥပမာကောင်းတွေ…ယူတတ်လျှင် သမိုင်းတစ်လျှောက် သင်ခန်းစာတွေ မနည်းလှ။ ဘ၀နေချိန်ကာလအတွင်း ကမ္ဘာ့အမှားအားလုံး ကိုယ်တစ်ယောက်လည်း ကျူးလွန်ရန် မဖြစ်နိုင်၊ သူတစ်ပါးအမှားမှ သင်ခန်းစာယူတတ်လျှင် အချိန်ကုန်သက်သာသလို ကိုယ်တိုင် ခါးသီးမှုကြုံရခြင်းလည်း နည်းပါးနိုင်သည်ဟူသော အဆိုအမိန့် ရှိပါသည်။ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်ကောင်းများဖတ်ခြင်း၊ သူတစ်ပါးအတွေ့အကြုံကို နားထောင်ခြင်းတို့ကလည်း အတိုင်းအတာတစ်ခုအထိ အထောက်အကူပေးနိုင်သည်ဟု ဆိုကြသည်။ မြန်မာ့ပတ်ဝန်းကျင်တွင် ရှေ့လူတွေ၏ အမှားပေါင်းမနည်းလှ၊ ဖတ်စရာစာအုပ်တွေ အတွေ့အကြုံတွေကလည်း အင်တာနတ်ခေတ်တွင် လက်တစ်ကမ်းမှာ။ သင်ခန်းစာယူချင်စိတ်၊ ဖတ်ချင်စိတ်ရှိဖို့ပဲ လိုပါသည်။ ကိုယ်တိုင်ပြုပြင်ချင်၊ တည်ဆောက်ချင်စိတ်မရှိသူအတွက် ချင့်ချိန်စဉ်းစားတတ်သောဥာဏ်နှင့် သတိက အလိုလိုဝင်လာနိုင်မည် မဟုတ်ပါ။ အယ်ဒီတာ - “CEO” စီးပွားရေးနှင့် စီမံခန့်ခွဲမှု မဂ္ဂဇင်း/ Leaders…Effective Leaders - အတွဲ (ဂ)၊ အမှတ် (၁၀)၊ သြဂုတ်လ၊ ၂၀၁၃ ။
Posted on: Sat, 26 Oct 2013 02:18:24 +0000

Trending Topics



Recently Viewed Topics




© 2015