#emg_opinions နံရံများ (Written by: - TopicsExpress



          

#emg_opinions နံရံများ (Written by: နရီမင်း) Closed Society ဟုခေါ်သော အပိတ်လူ့အဖွဲ့အစည်း တစ်ရပ်အတွင်း နေထိုင်ရသူများအဖို့ရာ အိမ်သာနံရံများသည်သာ Freedom of Expression ဟုခေါ်သော လွတ်လပ်စွာဖော်ထုတ်ပြခွင့်ကို ရရှိရာနေရာများ ဖြစ်ခဲ့သည်။ ကျွန်တော်သည် ငယ်စဉ်က သူငယ်ချင်းဖြစ်သူ ‘တင်အောင်’ ကို နောက်ပြောင်ကျီစယ်ရန် ကျောင်းအိမ်သာနံရံတွင် ‘တင်အောင်မပါရ’ ဟု ရေးသားမိရာမှအစ အိမ်သာကလောင်ရှင်တစ်ဦး ဖြစ်လာသည်။ အိမ်သာနံရံများ၌ စာရေးသားခြင်းကို ‘နိုင်ငံကြီးသား မပီသဘူး’ ဟု အဝေဖန်မစောပါနှင့်။ အမေရိကန်ကဲ့သို့သော နိုင်ငံကြီး၌ပင် ‘ဂရပ်ဖစ်တီ’ ဟုခေါ်သော အနုပညာလှုပ်ရှားမှုတစ်ရပ် ပေါ်ထွန်းခဲ့ပြီး ‘ယန်းမိုက်ကယ်ဘတ်စကွီးရက်’ ကဲ့သို့သော ကမ္ဘာကျော် ပန်းချီဆရာမျိုးပင် ပေါ်ထွက်လာခဲ့ဖူးသည်။ မကျေနပ်မှုများအတွက် စိတ်ထွက်ပေါက်ရှာသည့် လူငယ်များက တွေ့ရာနံရံများပေါ်တွင် တွေ့ကရာ ရှစ်သောင်းစာသားများနှင့် ရုပ်ပုံများရေးခြစ်ရာမှ ဂရပ်ဖစ်တီလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့သည်။ ကမ္ဘာကျော် ပြင်သစ်ကဗျာဆရာ ပရေးဗတ်သည်ပင်လျှင် အာဏာရှင်ဆန့်ကျင်ရေး ကဗျာကို အများပြည်သူကျက်စားရာ ရပ်စတောရင့်များအတွင်း စားပွဲခင်းများပေါ်၌ ရေးသားခဲ့ဖူးသည်။ ငွေကြေးချမ်းသာသည့် တပည့်များကို မျက်နှာလိုက်တတ်သော ဆရာများအပေါ် မကျေနပ်ချက်များကို ကျောင်းအိမ်သာနံရံ၌ ရေးသားကြသည်။ ဖွင့်လည်းမပြောရဲ၊ စာလည်းလိုက်မပေးရဲသော မိန်းကလေးတစ်ဦးအပေါ် ချစ်ကြိုက်နေကြောင်း ရည်းစားစာကိုလည်း အိမ်သာနံရံပေါ် လာ၍ရေးကြသည်။ အလိုမပြည့်သည့် လိင်ဆန္ဒများကို စာသားဖြင့်တစ်ဖုံ၊ ရုပ်ပုံဖြင့်တစ်မျိုး ဘုံအိမ်သာနံရံများပေါ် လာရောက်ပေါက်ကွဲကြသည်။ ရှားရှားပါးပါး တွေးစရာ၊ မှတ်သားစရာ စာသားအချို့ကိုလည်း အိမ်သာနံရံများပေါ်၌ တွေ့ရတတ်ပါသေးသည်။ ကျွန်တော် တက္ကသိုလ်ကျောင်းသို့ ရောက်သည့်အခါ ‘အစိုးရကိုဆဲသည့်စာများ’ ကို ကျောင်းအိမ်သာနံရံများတွင် တွေ့လာရသည်။ ၁၉၈၇ ခုနှစ်တွင် ငွေစက္ကူများကို ရုတ်တရက် တရားမ၀င် ကြေညာလိုက်သည်။ ကျွန်တော်တို့ စာမေးပွဲဖြေခါနီး အချိန်ဖြစ်ပြီး စားစရာပင် ပိုက်ဆံမရှိတော့သောကြောင့် အလွန်ညံ့ဖျင်းသည့် အဆောင်ထမင်းဟင်းကို ကြိတ်မှိတ်စားရသည်ကို မှတ်မိသည်။ ခွေးတစ်ကောင်ကို ချောင်ပိတ်ရိုက်လိုက်ခြင်းနှင့် ဆင်တူပြီး နယ်မှကျောင်းသားအများစု အိမ်ပြန်ရန် လမ်းစရိတ်အတွက်ပင် လက်ထဲ၌ တရားဝင်ပိုက်ဆံများမရှိ။ အဆောင်အိမ်သာနံရံများနှင့် ကျောင်းအိမ်သာနံရံများ မကျေနပ်ချက် စာသားများဖြင့် ပေပွသွားခဲ့သည်။ ထိုစဉ်က ပိုမိုသတ္တိကောင်းသော ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများကတော့ ဆန္ဒပြခဲ့ကြပြီး အချို့အဖမ်းခံရ၊ အချို့ကျောင်းထုတ်ခံခဲ့ရသည်။ ထို့ကြောင့် အိမ်သာနံရံများသည် သမိုင်းတစ်စွန်းတစ်စကို ရောင်ပြန်ဟပ်ပြနိုင်သည်ဟု ဆိုရပေမည်။ ၁၉၈၈ ခုနှစ် မတ်လ ဖုန်းမော်အရေးအခင်းကျမှသာ Freedom of Expression သည် အိမ်သာထဲမှ ထွက်လာရဲတော့သည်။ ဆူပူဆန္ဒပြရန် လှုံ့ဆော်စာများ တက္ကသိုလ် ကျောင်းပေါင်းစုံ၏ ကျောင်းဝင်းများအတွင်း ပလူပျံနေတော့သည်။ ၈၈ မတိုင်မီနှစ်များအတွင်း အိမ်သာနံရံများထက် ပို၍ကြီးမားသော လူထုမီဒီယာမှာ လမ်းဘေးနံရံများဖြစ်သည်။ အုတ်တံတိုင်းနံရံများ၊ အဆောက်အအုံကြီးတို့၏ နံရံများသည် ပို၍ကြီးမား ထိရောက်သော လူထုမီဒီယာများဖြစ်သည်မှာ မှန်သော်လည်း ထိုစဉ်က တော်ရုံသတ္တိဖြင့် ယင်းမီဒီယာများကို အသုံးမပြုရဲကြပေ။ များသောအားဖြင့် ယင်းလမ်းဘေးနံရံများပေါ် စာရေးသားကြသူများမှာ အရူးများသာ ဖြစ်ကြသည်။ ငယ်စဉ်က နံရံများပေါ် ရေးသားထားသည့် အရူးတကာတို့၏ အဆက်အစပ်မဲ့ စာသားများကို လိုက်လံဖတ်ရှုရသည်ကို ၀ါသနာထုံသော အရူးတို့၏ ပရိသတ် ကျွန်တော်သည် ကြီးပြင်းလာချိန် ပို့စ်မော်ဒန်စာပေ သီဝရီလေးများ မြည်းစမ်းမိလာသည့်အခါ ‘ပိုင်းဖြတ်စိတ်မြွှာခြင်း’ (Fragmentation) နှင့် ‘ဗဟိုချက်မဲ့ခြင်း’ သဘောတရားများကို အရူးတို့၏ စာသားများနှင့် နှိုင်းချိန်စဉ်းစားတတ်လာသည်။ မြို့တော်စည်ပင်က ဘော်ချက်ရကောင်းမှန်း မသိသေးသောကြောင့် ဘေဘုတ်များ ခေတ်မစားသေးသည့် ထိုခေတ်ကာလအတွင်း လမ်းဘေးနံရံများကို ထိရောက်စွာ အသုံးပြုခဲ့သူများမှာ စီးပွားရေးလုပ်ငန်းရှင်များသာ ဖြစ်ခဲ့သည်။ ရန်ကုန်မြို့တွင်း လူမြင်ကွင်းရှိ နံရံတိုင်းလိုလိုတွင် ‘န၀ရတ်ရေစဉ် မဟာသွေးဆေးကြီး’ ဟူသည့်ကြော်ငြာကို တွေ့ရလွန်းသောကြောင့် ထိပ်ပြောင်နေသူများကို “န၀ရတ်ရေစဉ် လာကြော်ငြာသွားဦးမယ်နော်” ဟုပင် နောက်ပြောင်တတ်ခဲ့ကြသည်။ ကျွန်တော် ဆယ်ကျော်သက်အရွယ်က ယင်းအဖြစ်အပျက်များသည် ယခု ကျွန်တော်အသက် ၄၀ ကျော်လာပြီးချိန်၌ ပုံပြင်များ ဖြစ်သွားပြီဖြစ်သည်။ ယခုအခါ မည်သူမဆို အင်တာနက်ကို အလွယ်တကူ အသုံးပြုလာနိုင်ပြီ။ အင်တာနက်မှတစ်ဆင့် မက်ဇက္ကာဘတ်ဆိုသူ၏ ရွှေဉာဏ်တော်စူးရောက်မှုကြောင့် Facebook ဆိုသည်ကြီး ပေါ်လာခဲ့ပြီ။ ခေတ်ဟောင်းက အိမ်သာကလောင်ရှင်များသည်ပင်လျှင် ယခုခေတ်သစ်၌ Facebook ကလောင်ရှင်များအဖြစ် ဘ၀များတိုးတက် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ကြိုက်နှစ်သက်ရာ စာသားများရေး၍ Status အဖြစ်တင်နိုင်သည်။ ကြိုက်ရာရုပ်ပုံ၊ ဓာတ်ပုံများကိုလည်း တင်နိုင်သည်။ သူများတင်ထားသည့်စာသား သို့မဟုတ် ပုံများကို Like လိုက Like နိုင်သည်။ အောက်၌၀င်၍ Comment နိုင်သည်။ (Block လုပ်ခံရမည်ကို မကြောက်ပါက ဆဲလိုက ၀င်ဆဲနိုင်သေးသည်။) မူပိုင်ခွင့်အတွက် တစ်ပြားမှပေးစရာမလိုဘဲ တစ်ဆင့် Share လိုကလည်း Share နိုင်သေးရာ ‘အတိုင်းထက်အလွန်၊ တံခွန်နှင့်ကုက္ကား’ Facebook အလွန်လူကြိုက်များသည်မှာ ဘာမှမဆန်းလှ။ နေရာတကာတွင် ဖုန်းဖွင့်၍ Facebook ပွတ်နေကြသူများကို တွေ့မြင်ရမည်ဖြစ်သည်။ Facebook အပေါ် ရူးသွပ်သူများ အလွန်များပြား၍လာသည်။ Facebook နှင့်အတူ မက်ဇက္ကာဘတ်သည် ငယ်ငယ်ရွယ်ရွယ်နှင့် ကမ္ဘာကျော်ပုဂ္ဂိုလ် ဖြစ်လာရုံမျှမက ကမ္ဘာ့အချမ်းသာဆုံးစာရင်းဝင် ဘီလျံနာတစ်ဦး ဖြစ်လာသည်။ ယင်းနှင့်ပတ်သက်၍ ဒေါ်လာအရ ဘီလျံမနာသေးစေကာမူ မြန်မာကျပ်ငွေအရ ဘီလျံနာနေပြီဖြစ်သော မိတ်ဆွေခရိုနီပေါက်စနလေး တစ်ဦးကတော့ “အရင်ဆုံးလူတွေကို ရူးသွပ်လာအောင် လုပ်ရမယ်။ ပြီးတော့မှ သူတို့ရဲ့ ရူးသွပ်မှုအပေါ် အမြတ်ထုတ်ပြီး စီးပွားရေးလုပ်ရတယ်” ဟု အံ့ဖွယ်စီးပွားရေးဗျူဟာကို ချပြခဲ့လေသည်။
Posted on: Sat, 01 Feb 2014 05:30:35 +0000

Trending Topics



Recently Viewed Topics




© 2015