မောင်းသူမဲ့လေယာဉ်ဖြင့် - TopicsExpress



          

မောင်းသူမဲ့လေယာဉ်ဖြင့် ကုန်ပစ္စည်းပို့ဆောင်ရန် အမေဇုန်စီစဉ် အောင်မင်း ဘာသာပြန်သည်။ လန်ဒန်၊ ဒီဇင်ဘာ ၂ မောင်းသူမဲ့လေယာဉ်များဖြင့် ဖောက်သည်များထံသို့ ကုန်ပစ္စည်းပို့ဆောင်ရန်အတွက် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းလက်လီရောင်းချသူ Amazon မှ စီစဉ်လျက်ရှိသည်ဟု ကုမ္ပဏီအမှုဆောင်အရာရှိချုပ် Jeff Bezos က ဆိုလိုက်သည်။ Octocopters ဟု အမည်ပေးထားသော မောင်းသူမဲ့လေယာဉ်များဖြင့် အလေးချိန် ၂ ဒသမ ၃ ကီလို ဂရမ်နှင့်အထက် ကုန်ပစ္စည်းများကို ဖောက်သည်များမှာယူပြီးနောက် မိနစ် ၃၀ အတွင်း အရောက်ပို့ ပေးနိုင်လိမ့်မည်ဟုလည်း ၎င်းကဆိုလိုက်သည်။ သို့သော် ယင်းဝန်ဆောင်မှုအား စတင်ရန်အတွက် အနည်းဆုံးငါးနှစ်ခန့် ကြာလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် မောင်းသူမဲ့လေယာဉ်များအား အရပ်ဘက်တွင် အသုံးချခွင့်ပြုရန်အတွက် အမေရိကန်နိုင်ငံ၏ ပြည်ထောင်စုလေကြောင်းအုပ်ချုပ်ရေးမှလည်း အတည်ပြုထားခြင်း မရှိသေးပေ။ “ဒါဟာ သိပ္ပံဝတ္ထုတစ်ပုဒ်လို ဖြစ်နေတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ဒါဟာ ၀တ္ထုတစ်ခုမဟုတ် ပါဘူး”ဟု အမေရိကန်ရုပ်သံသတင်းဌာန CBS ၏ 60 Minutes အစီအစဉ်သို့ မစ္စတာ Bezos က ဆို လိုက်သည်။ “ကျွန်တော်တို့က နာရီဝက်အတွင်း ပေးပို့နိုင်မှာပါ။ ကျွန်တော်ထင်တာကတော့ ကျွန်တော်တို့ ပို့ဆောင် နေကျ ကုန်ပစ္စည်းတွေရဲ့ ၈၆ ရာခိုင်နှုန်းမျှသော ၂ ဒသမ ၃ ကီလိုဂရမ်နဲ့အထက် ကုန်ပစ္စည်းတွေကို သယ်ဆောင်နိုင်ပါလိမ့်မယ်” ဟုလည်း ၎င်းကဆိုခဲ့သည်။ ယင်းဝန်ဆောင်မှုအား “Prime Air” ဟု အမည်ပေးထားပြီး Amazon အနေဖြင့် ၎င်း၏၀န်ဆောင်မှုလုပ် ငန်းများတိုးတက်စေရန်အတွက် စွမ်းရည်မြှင့်တင်ရန် ယခုကဲ့သို့ကြိုးပမ်းနေခြင်းဖြစ်သည်။ Amazon ၏ ၀က်ဘ်ဆိုဒ်စာမျက်နှာပေါ်တွင်လည်း ကုန်သိုလှောင်ရုံတစ်ခုမှ ပါဆယ်ထုပ်တစ်ခုအား မောင်းသူမဲ့လေယာဉ်တစ်စင်းက သယ်ဆောင်လာကာ ၀ယ်ယူသူ၏ အိမ်ရှေ့သို့ ပို့ဆောင်ပေးနေသည့် ဗီဒီယိုတစ်ခုအား ပြသခဲ့သည်။ သို့သော် ၎င်းဝန်ဆောင်မှုအား စတင်နိုင်ရန်အတွက် အမေရိကန်အစိုးရ လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ ထိန်းချုပ်သူများ၏ ခွင့်ပြုချက်အား စောင့်ဆိုင်းနေရဆဲ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) အနေဖြင့် မောင်းသူမဲ့လေယာဉ်များအား အစိုးရဌာနများနှင့် ရဲဌာနများအား အသုံးပြုခွင့်ပေးထားပြီးဖြစ်ကာ လွန်ခဲ့သောနှစ်များအတွင်း လေ ယာဉ်အစင်းပေါင်း ၁၄၀၀ ကျော်အား သုံးစွဲခွင့်ပြုခဲ့သည်။ မောင်းသူမဲ့လေယာဉ်များအား အရပ်ဘက်တွင် အသုံးပြုခွင့်ပေးခြင်းအား အမေရိကန်နိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် စတင်ရန်မျှော်လင့်ထားပြီး ဥရောပတိုက်တွင်မူ ၂၀၁၆ ခုနှစ်တွင် စတင်ရန် မျှော်လင့်ထား သည်။
Posted on: Tue, 03 Dec 2013 03:46:36 +0000

Trending Topics



Recently Viewed Topics




© 2015