မြန်မာ-အမေရိကန် - TopicsExpress



          

မြန်မာ-အမေရိကန် ကုန်သွယ်မှု တိုးမြှင့်နိုင်ရန်အတွက် အမေရိကန် Export-Import ဘဏ်က မြန်မာနှင့် ကုန်သွယ်ရာ၌ ကုန်သွယ်ချေးငွေပေးရန် ဆုံးဖြတ် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးများ ဖြစ်ပေါ်ပြီးနောက် မြန်မာနိုင်ငံ၌ အလုအယက် ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းလာသော အခြားနိုင်ငံမှ စီးပွားရေး လုပ်ငန်းစုများနှင့် ပြိုင်ဆိုင်ရာတွင် အထောက်အကူ ဖြစ်စေရန်နှင့် မြန်မာ-အမေရိကန် ကုန်သွယ်မှု တိုးမြှင့်တည်ဆောက် နိုင်ရန်အတွက် အမေရိကန် Export-Import ဘဏ်က ကြာသပတေးနေ့မှစ၍ မြန်မာနှင့် ကုန်သွယ်ရာတွင် ချေးငွေပေးရန် ဆုံးဖြတ်ထားကြောင်း အေအက်ဖ်ပီ သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ “ဒီဆုံးဖြတ်ချက်က အပြောင်းအလဲတွေ ပြုလုပ်နေတဲ့ မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆက်ဆံမှုတွေ ခိုင်မာလာအောင် ကျွန်တော်တို့ လုပ်ဆောင်နေတယ်ဆိုတာ ပြသပါတယ်”ဟု Export-Importဘဏ်၏ ဥက္ကဋ္ဌ Fred Hochberg က ထုတ်ပြန်ချက်တွင် ထည့်သွင်း ပြောဆိုခဲ့သည်။ တာဝန်ရှိသူများက ပြောကြားရာတွင် ဥရောပနှင့် အာရှနိုင်ငံများ၏ ချေးငွေအေဂျင်စီများက ပေးအပ်သည့် အခွင့်အရေးများအတိုင်း ပေးအပ်ခြင်းဖြင့် အမေရိကန် ပြည်ထောင်စု၏ ပို့ကုန်တင်ပို့ခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများကို မြှင့်တင်နိုင်လိမ့်မည် ဟု ပြောဆိုခဲ့သည်။ “ဒီကြေညာချက်ကြောင့် စီးပွားရေး ကစားကွင်းမှာ ကျွန်တော်တို့ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ပြီးတော့ ယှဉ်ပြိုင်ရာမှာလည်း စည်းမျဉ်းတွေအပေါ် မဟုတ်ဘဲ ဈေးနှုန်းနဲ့ အရည်အသွေးတွေပေါ် မူတည်ပြီး ယှဉ်ပြိုင်လာနိုင်ပါလိမ့်မယ်”ဟု Export-Import ဘဏ်မှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောဆိုသည်။ ချက်ချင်းသက်ရောက်မည့် ကြေညာချက်ကြောင့် ယခုအခါတွင် အမေရိကန် ပို့ကုန်တင်ပို့သူများသည် ၎င်းတို့၏ ကုန်ပစ္စည်းများနှင့် ပတ်သက်၍ Export-Import ဘဏ်မှ ငွေကြေးအာမခံ၊ တိုက်ရိုက်ချေးငွေ သို့မဟုတ် ချေးငွေအာမခံများ ရယူနိုင်ပြီဖြစ်သည်ဟု သိရသည်။ အခြားအရာရှိတစ်ဦးက ပြောဆိုရာတွင် အမေရိကန် ပြည်ထောင်စုသည် ရခိုင်ပြည်နယ်ရှိ အခြေအနေများနှင့် ပတ်သက်၍ စိုးရိမ်မကင်းသော်လည်း ခြုံငုံ၍ပြောဆိုရာတွင် မြန်မာသည် အကောင်းဘက်သို့ ပြောင်းလဲလာသည်ဟု ယုံကြည်ပါကြောင်း ပြောဆိုခဲ့သည်။ ယခု Export-Import ဘဏ်၏ ဆုံးဖြတ်ချက်သည် အခြားအဖြစ်အပျက်များနှင့် ဆက်စပ်ခြင်းမရှိဘဲ မြန်မာနိုင်ငံအနေဖြင့် ချေးငွေချထားပေးရန်အတွက် ယုံကြည်ရသည် ဆိုသည့်အချက်ကို ပြသခြင်းသာဖြစ်ကြောင်း ၎င်းကပင် ဆက်လက် ပြောဆိုခဲ့သည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ကြီးမားသော သုံးစွဲသူဈေးကွက် ကျန်ရှိနေပြီး သဘာဝ သယံဇာတများ ပေါကြွယ်ဝသော၊ တရုတ်နှင့် အိန္ဒိယကြား မဟာဗျူဟာမြောက် နေရာတွင်တည်ရှိသော မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အလုံးအရင်းနှင့် ဝင်ရောက်လျက်ရှိသည်။ Export-Importဘဏ်သည် မြန်မာနိုင်ငံနှင့် စိမ်းသောဘဏ်တစ်ခု မဟုတ်ပေ။ ၁၉၃၄ ခုနှစ်တွင် ၎င်းဘဏ် တည်ထောင်ပြီးနောက် ပထမဆုံးပြုလုပ်ခဲ့သည့် စီမံကိန်းများအနက် တစ်ခုမှာ ဂျပန်နှင့် စစ်ဖြစ်နေသော တရုတ်နိုင်ငံကို ထောက်ပံ့နိုင်ရန်အတွက် မြန်မာနိုင်ငံကို ဖြတ်သန်းဖောက်လုပ်သည့် လမ်းဖောက်လုပ်ရန် ဒေါ်လာ ၂၂ သန်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Posted on: Sat, 08 Feb 2014 03:16:16 +0000

Trending Topics



Recently Viewed Topics




© 2015