မြန်မာ့လေကြောင်းက - TopicsExpress



          

မြန်မာ့လေကြောင်းက နိုင်ငံပိုင်လေယာဉ်များ ဝယ်ယူရန် အမေရိကန် ကူညီမည် GE Capital Aviation Service (GECAS) ၏ အကူအညီဖြင့် အိုင်ယာလန်အခြေစိုက် (Aer Arann) လေကြောင်းလိုင်းမှ (၅) နှစ် အသုံးပြုပြီးဖြစ်သော (ATR) လေယာဉ်များကို မြန်မာ့လေကြောင်းက ၀ယ်ယူရန် စီစဉ်လျက်ရှိသည်။ (ATR 72-500) သည် ပြင်သစ်-အီတလီ ဖက်စပ်ထုတ်လုပ်သည့် လေယာဉ်အမျိုးအစားဖြစ်သည်။ ယင်းလေယာဉ်များကို (Bangkok Airways) နှင့် (Jet Airways)၊ အိုင်ယာလန်အခြေစိုက် လေကြောင်းလိုင်းများဖြစ်သည့် (Aer Arann) နှင့် (Aer Lingus Regional)၊ အမေရိကန်အခြေစိုက် (FedEx Express) အစရှိသည့် လေကြောင်း လိုင်းများတွင် အသုံးပြုလျက်ရှိသည်။ ယခု အစိုးရလက်ထက်တွင် အနောက်နိုင်ငံတို့က ပိတ်ဆို့မှုတချို့ကို ဖြေလျှော့ပေးပြီးနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ၀င်ရောက်လာခဲ့သည်သာမက မြန်မာ့လေကြောင်း ဈေးကွက်အတွင်းသို့ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာမှု ရှိနေသည်။ မြန်မာ့လေကြောင်း (MAI) က ဖော်ပြပါ (ATR) လေယာဉ်များကို တစ်စီးလျှင် အမေရိကန်ဒေါ်လာ (၁၂. ၅) သန်းဖြင့် ၀ယ်ယူ၍ တရုတ်နိုင်ငံထုတ် (MA-60) လေယာဉ်များ၏ နေရာတွင် အစားထိုးရန် စီစဉ်နေခြင်း ဖြစ်သည်။ ယခု မြန်မာ့လေကြောင်းလိုင်းတွင် (ATR) အမျိုးအစား လေယာဉ် (၃) စီး၊ ဘရာဇီးနိုင်ငံထုတ် (Embraer) လေယာဉ် (၂) စီး၊ တရုတ်နိုင်ငံထုတ် (MA-60) လေယာဉ် (၃) စီးတို့ဖြင့် ပြေးဆွဲလျက်ရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်တွင်းပုဂ္ဂလိက လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Asian Wings Airways (AWA) ၏ အစုရှယ်ယာ (၄၉) ရာခိုင်နှုန်းကို ဂျပန်လေကြောင်းလိုင်း All Nippon Airways (ANA) က ၀ယ်ယူလိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် မြန်မာ့လေကြောင်းဈေးကွက်ကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ ဂျပန်လေကြောင်းလိုင်း (ANA) အနေဖြင့် နိုင်ငံပိုင် မြန်မာ့လေကြောင်းတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သင့်ပါလျက်နှင့် လေယာဉ် (၃) စီးမျှသာရှိသည့် သာမန်လေကြောင်းလိုင်းတစ်ခုဖြစ်သော Asian Wings Airways (AWA) တွင် ရင်းနှီးမြုပ်နှံခြင်းသည် မေးခွန်းထုတ်စရာ ဖြစ်နေသည် ဟူသော ပြောဆိုမှုများ ရှိခဲ့သည်။ နိုင်ငံပိုင် မြန်မာ့လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များတွင် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ထူထောင်ထားသည့် (Air Bagan) လေကြောင်းလိုင်း၊ (Air KBZ)၊ (Golden Myanmar Airline)၊ (Air Mandalay)၊ (Yangon Airways) စသည့် လေကြောင်းများနှင့် ယှဉ်ပြိုင်ပြေးဆွဲလျက်ရှိသည်။ မြန်မာ့လေကြောင်း (MA) သည် နိုင်ငံပိုင် လေကြောင်းလိုင်းဟုဆိုသော်လည်း ယခုနှစ်မှ စတင်ကာ နိုင်ငံတော်၏ ဘတ်ဂျက်လျာထားမှုတွင် ပါဝင်ခြင်းမရှိတော့ကြောင်း လွန်ခဲ့ပြီးသော လွှတ်တော် အစည်းအဝေးများက ဆုံးဖြတ်ခဲ့သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ် က Burma Airways Corporation (BAC) ကို စစ်အစိုးရလက်ထက် တွင် Myanmar Airways (MA) ဟု အမည်ပြောင်းလဲခဲ့သည်။ (၁၉၉၃) ခုနှစ်တွင် စစ်အစိုးရမှ (၅၁) ရာခိုင်နှုန်း၊ စင်ကာပူ အခြေစိုက် (Highsonic Enterprises) က (၄၉) ရာခိုင်နှုန်း ငွေကြေး ရင်းနှီးထည့်ဝင်ကာ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း Myanmar Airways International (MAI) အမည်ဖြင့် ထပ်မံတိုးချဲ့ခဲ့သည်။ ယခုအခါ (MAI) ကို စီးပွားရေးလုပ်ငန်းရှင်ကြီး ဦးအောင်ကိုဝင်းက (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည်။
Posted on: Tue, 03 Sep 2013 22:07:50 +0000

Trending Topics



Recently Viewed Topics




© 2015