မြန်မာ့ဒီမိုကရေစီစနစ် - TopicsExpress



          

မြန်မာ့ဒီမိုကရေစီစနစ် ရှေ့ဆက်သွားနိုင်ရေး အစိုးရ၊ လွှတ်တော်သာမက ပြည်သူများ ပါဝင်မှ ရွေ့မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ပြောကြား 18/8/2013 မြန်မာ့ဒီမိုကရေစီစနစ် ရှေ့ဆက်သွားနိုင်ရေး အစိုးရ၊ လွှတ်တော်သာမက ပြည်သူများအားလုံး ပါဝင်မှ ရွေ့မည်ဟု သမ္မတရုံးဝန်ကြီးဌာန (၃)ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။ သြဂုတ် ၁၇ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်သမ္မတ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးများနှင့် INGO များ၊ NGO များမှ တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ပညာရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက "ဒီမိုကရေစီ လမ်းကြောင်းကို သွားဖို့အတွက် နှစ်ပေါင်းတော်တော်ကြာကြာကနေ ဒီလိုပဲ ရွေ့လာရင်းနဲ့ ယခုတော့ ဒီမိုကရေစီ စနစ်ကို သွားနေပါပြီ။ ဒီမိုကရေစီစနစ်ကို သွားဖို့အတွက် သေးသေးလေးသော အစိုးရ၊ ၀န်ကြီးသုံးဆယ် ၀န်းကျင်လောက်ရှိတဲ့ အစိုးရနဲ့ ၀န်ထမ်းတစ်သိန်း နှစ်သိန်းလောက်ရှိတဲ့ သူတွေနဲ့ Move လုပ်လို့ မရပါဘူး။ ထို့အတူပဲ လူခြောက်ရာလောက်ရှိတဲ့ လွှတ်တော်နဲ့လည်း Move လုပ်လို့ မရပါဘူး။ အားလုံးပါမှ Move လုပ်လို့ ရမှာပါ" ဟု ပြောကြားသည်။ "ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ကျွန်တော်ခံယူတာက အားလုံးကောင်းပြီး ပြည်သူက သူ့ရဲ့လူနေမှုဘ၀နဲ့အတူ လွတ်လပ်ပြီး ပျော်ရွှင်နေမယ်၊ လူနေမှုဘ၀ကလည်း ကောင်းမယ်ဆိုရင် ပြန်မသွားဘူး။ အဲဒါတွေ ကောင်းဖို့က ကျွန်တော်တို့ချည်းပဲ လုပ်လို့မရဘူး။ သန်းခြောက်ဆယ်သော ပြည်သူတွေအားလုံး ပေါင်းလုပ်မှရမယ်" ဟု ၀န်ကြီးဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။ လက်ရှိမြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နေကြောင်း၊ စစ်အာဏာရှင် အစိုးရမှ ဒီမိုကရေစီ အစိုးရစနစ်ကို ဖော်ဆောင်နေကြောင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြယုဂ်မှာ ဒေါ် အောင်ဆန်းစုကြည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး ပြယုဂ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဖြစ်သည်ဟု ၎င်းကဆိုသည်။ "သန်းခြောက်ဆယ်သော ပြည်သူတွေကို ၀ိုင်းပြီးတော့ ထိန်းကျောင်းတည့်မတ်ပြီး ကူညီတာက INGO တွေ NGO တွေ ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လို့ NGO တွေရဲ့ အခန်းကဏ္ဍကို ကျွန်တော်တို့ အစိုးရက အလွန်အလေးထားတယ်။ ဘာကြောင့် အလေးထားလည်းဆိုတော့ ဒီမိုကရေစီ နောက်မပြန်စေချင်လို့ပါ" ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဆက်လက်ပြောကြားသည်။ အစိုးရအဖွဲ့ အနေဖြင့်လည်း ပြည်တွင်းပြည်ပမှ လူမှုအဖွဲ့အစည်းများ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးသွားမည်ဟု ၀န်ကြီးဦးစိုးသိန်းက ပြောကြားသည်။ Eleven Media Group
Posted on: Sun, 18 Aug 2013 02:35:09 +0000

Trending Topics



Recently Viewed Topics




© 2015