ရေကူးကန်ကြီးထဲမှာ ------------- - TopicsExpress



          

ရေကူးကန်ကြီးထဲမှာ ------------- (၁) ရေကူးကန်သေးသေးလေးတွေရှိတယ် -------------- (၂) မြို့ကြီးကြီးထဲ -------------------------(၃) မြို့သေးသေးလေးတွေ ပိတ်မိနေသလိုမျိုး -----------------(၄) အားလုံးမေ့ကျန်ခဲ့ရင် အကောင်းသား --------------(၅) ဒါမှ ပြန်မရတော့မှာ --------------------(၆) အဆက်မပြတ်ပြောနေသလို ----------------(၇) တစ်မြို့လုံး မီးတွေလင်းနေတယ် -----------------(၈) ငါဟာ အခါခါ အိမ်ပြန်တယ် -----------------(၉) ရထားဂိတ်ကားဆိပ်တွေဟာ တံတိုင်းတွေ ------------------(၁၀) ဘာကိုမှ မမြင်ရတဲ့ တောဖွေးဖွေးတွေ ------------------(၁၁) ငါဟာ မီးပွိုင့်တွေနဲ့အပြိုင် -------------------(၁၂) သီချင်းညည်းဖို့မေ့နေတယ် -------------------(၁၃) မိုးဝေး (ပျော်ရွှင်ဖွယ်ရာနေ့ရက်များ (၇)) ကျွန်တော် ခေါင်းနည်းနည်းမာချင်ပါတယ် သမ္မတကြီး။ စာရေးဆရာကြီး ဆော်ဗယ်လို၏ ရှာပုံတော်ဝတ္ထုထဲက စကားကို ကျွန်တော်တို့ သံပြိုင်ရွတ်တယ်။ ကျွန်တော်တို့ ကဗျာဆရာ ဆိုတဲ့သဘာဝကို ဘီယာပုလင်းတွေထဲမှာ ရှာတယ်။ သူက ပျော်ရွှင်ဖွယ်နေ့ရက်များ ကဗျာကိုရွတ်ပြီး ရှာတယ်။ ကျွန်တော်က ဘူဘူဇီလာ ရွတ်တယ်။ တွေ့တဲ့အခါ တွေ့တယ်။ သူ ရန်ကုန်ကို စာရွက်ထဲ ၀ှက်ယူလာတယ်။ ဘဘာဝ ဆိုတဲ့ ကိစ္စကြီးမှာ ကျုပ်တို့ရဲ့ လူအထင်ကြီး ခံလိုမှုတွေ၊ လူလေးစား ခံလိုမှုတွေ၊ နာမည်ကျော်ကြားလိုမှုတွေ၊ သူ့လောက်ဘယ်သူမှ မစွမ်းဆောင်နိုင်ပါဘူး ဆိုတဲ့ အခြားသူများကို အံ့ဘနန်းဖြစ်စေမှုတွေ၊ သူတပါးပျက်စီးခြင်းကို သာယာလိုမှုတွေ၊ အတင်းစကားလိုလို ဘာလိုလိုနဲ့ အတင်းပြောခြင်းတွေ၊ အားလုံးအချိုးကျ ပါဝင်နေပါတယ်။ အဲဒီလိုပဲ ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုမှုတွေ၊ ဆင်ခြေဆင်လက်တွေ၊ တမန်တော်ဆန်တဲ့ ပြောစကားတွေ၊ မသိတဲ့ကိစ္စကို သိချင်ယောင်ဆောင်မှုတွေ စတာတွေလည်း ပါဝင်ကောင်း ပါဝင်ပါတယ်။ ဒါဟာ သဘာဝပါလို့ ကျုပ်တို့ လွယ်လွယ်ကင်ပွန်းတပ်ခဲ့တယ်။ ဒါဟာ ဆင်ခြေတစ်မျိုးပါပဲ။ ကျုပ်တို့ဟာ သဘာဝကိုစိန်ခေါ်တဲ့ အပြုအမူမျိုးကို ကျုပ်တို့နေ့တဓူဝ လုပ်နိုင်သေးတာပဲ။ ဆိုကြပါစို့ရဲ့။ အိမ်အောက်က ရေကို အိမ်ပေါ်တင်တာ၊ လျှပ်စစ်မီးသုံးစွဲတာ၊ လေယဉ်ပျံစီးတာတွေဟာ သဘာဝကို လွန်ဆန်နေတာပါလားလို့ ကျုပ်တို့တစ်ခါမှ မစဉ်းစားမိခဲ့ကြဘူး။ ကျုပ်တို့ကို လူအများက သိစေချင်တယ်။ ဒီလိုပဲ ကဗျာဆရာလူရွယ်တွေက သဘာဝကို လွန်ဆန်လေ့မရှိဘူး။ သမ္မတကြီးကို ကျွန်တော်တို့ တိုင်တည်ကြတယ်။ သူက ဖွက်ယူလာတဲ့ ရန်ကုန်ကိုပြ တယ်။ မြန်မာလိုကြည့်ကြည့် ဘိုလိုကြည့်ကြည့် ရန်ကုန်ကရန်ကုန်ပါပဲ။ သူ့ပျော်ရွှင်ဖွယ်နေ့ရက်များကို မီးပွိုင့်တွေနဲ့အပြိုင် သူသီဆိုတယ်။ ကျွန်တော်တို့ သမ္မတကြီးကို တိုင်တည်ကြတယ်။ အီဂျစ်စာရေးဆရာကြီးရဲ့ ၀တ္ထုကို မင်္ဂလာနေ့ထဲက စာသားကို သမ္မတကြီးကိုရွတ်ပြတယ်။ ဘ၀အဆက်ဆက်မှာ ဘုရားသခင်ကိုယ်တော်မြတ် ခင်ဗျားကို စောင့်ရှောက် ပါစေဗျား။ ရော့…..ဟောဒီသေတ္တာလေးထဲမှာ ဒီကမ္ဘာလောကမှာ စိတ်ချမ်းမြေ့တဲ့ လူတစ်ယောက်အတွက် လိုအပ်တဲ့ ပစ္စည်းအကုန်ပါတယ်။ သမ္မတကြီးဟာ သေတ္တာတစ်လုံးကို မြင်တယ်။ ခြင်္သေ့ကျွန်းကို အိုင်ပက်(ဒ်)ထဲကို ထည့်သည်။ အိုင်ပက်(ဒ်)ကို သေတ္တာထဲထည့်သည်။ ပျော်ရွှင်ဖွယ်ရာနေ့များ ပါသွားသည်။ ရန်ကုန်ပြန်ပါသွားသည်။ ရထားဂိတ်၊ ကားဆိပ်များကို သူကျော်ဖြတ်သွားပါသည်။ သူ့ရေးဟန်မှာ နိမိတ်ပုံနက်နက် (Deep Image) ဟန်ကို သတိရစေတာ အမှန်ပါပဲ။ ဒီကဗျာမှာ တချိန်တုန်းက ရောဘတ်ဘလိုင်း (Robert Bly) နဲ့ ဂျိမ်း(စ်)ရိုက်(ထ်) တို့ရဲ့ ရေးဟန်ကို တွေ့ရတယ်။ မြင်ကွင်းအားပြု အသေးစိတ်ဟန် (meditative) ကို ပေါ်လွင်စေတဲ့ဟန်ပင် ဖြစ်သည်။ Deep Image ရဲ့ ပထမအုပ်စုဖြစ်တဲ့ မာဝင်း (W.S Merwin)၊ စထရန်း (Mark Strand)၊ တိတ်(ထ်) (James Tate) ထက်စာရင် ဒုတိယအုပ်စု ဘလိုင်း (Bly)၊ ဂျိမ်း(စ်)ရိုက်(ထ်) (James Wright)၊ စထရန်းဖို့(ဒ်) (William Stanford) ဘက်ကို ပို၍ ရောက်သည်။ ပါမောက္ခ ခရစ်စ္စတိုဖာဘိခ်ျ (Christopher Beach) ရဲ့ အလိုအရ ဤအခင်းအကျင်းသည် စိတ်အရွေ့(Psychc Leaps) ဖြစ်ပြီး သိစိတ်နှင့် မသိစိတ်ကြား ရောယှက်ရေးဟန် (between the consicious and the unconsicious) ဟု ဆိုသည်။ ဆောင်းအိပ်မက်ဆန်သောအရေး (dream like or night marish) လို့ ခရစ္စတိုဖာက ဆိုပါတယ်။ ဤကဗျာကို ကျွန်တော်က ခရစ္စတိုဖာဘိခ်ျရဲ့ အလိုအတိုင်း ခေါင်းစဉ်နှစ်ခုခွဲလိုက်တယ်။ ၁။ ဖော်ပြချက်/ (အပြ) (အပြော) (Description) ၂။ ဖွင့်ဟပြောဆိုချက် (Declaration) ဟူ၍ ဖြစ်သည်။ ထူးခြားသည်က ကဗျာတစ်ပုဒ်လုံးတွင် အံ့သြရေရွတ်မှု အသုံး (the use of the exhortation of any sense) ကို လုံးလုံး သုံးသွားခြင်းမရှိပေ။ ဖော်ပြချက် (၀ါ) အပြ (Description) တွင် ကဗျာဆရာသည် သူ့ဝန်းကျင်အား သူရှုမြင်ခြင်းများကို ပြ၍ ကဗျာကို မြန်မြန်ဆန်ဆန်ပင် ခင်းပါသည်။ ဒါဟာ ကဗျာဆရာက သူရင်းနှီးမှုမရှိတဲ့ ၀န်းကျင်ပစ်ချလိုက်သလို ဖြစ်သွားလို့ မြင်သမျှ အရာဝတ္ထုတွေကို သူ့နည်းသူ့ဟန်နဲ့ သတ်မှတ်ပြီး ဇတ်ကြောင်းပြောသူ ဖြစ်လာတယ်။ ဒါဟာ ပထမအပိုဒ် ကဗျာအခင်းအကျင်းပါပဲ။ မဖြစ်နိုင်တဲ့ အရာကို အရာတ္ထုအား ဖြစ်ခွင့်ပေးတာပါပဲ။ “ ရေကူးကန်ကြီးထဲမှာ/ ရေကူးကန်သေးသေးလေးတွေရှိတယ်/ မြို့ကြီးထဲ/ မြို့သေးသေးလေးတွေ ပိတ်မိနေသလိုမျိုး” ပထမပါဒ၌ပင် ကဗျာဆရာက သူပိတ်မိနေကြောင်း ချပြသည်။ ဒါက သူ့ရဲ့ လေးကြောင်းတစ်ပါဒနဲ့ ကဗျာအဖွင့်။ ဖွင့်လျှင်ဖွင့်ချင်းပင် ကဗျာနည်းစနစ်တစ်မျိုးဖြစ်သော အနာဖိုရ (Anaphora) ကို တန်း၍ သုံးသွားသည်။ တစ်မြို့လုံး လျှပ်စစ်မီးတွေ လင်းနေတယ် (စာကြောင်း- ၈) ဆိုတဲ့ တစ်ကြောင်းကို ဒုတိယပိုဒ်တွင် ထပ်ပြသည်။ ရထားဂိတ်၊ ကားဂိတ်တွေဟာ တံတိုင်းတွေ (စာကြောင်း-၁၀) ဘယ်ကိုမှ မမြင်ရတဲ့ တောဖွေးဖွေးတွေ (စာကြောင်း-၁၁) ကို တတိယပိုဒ်မှာ ပြတယ်။ ဒါက သူ့ကို ပိတ်မိနေစေတဲ့ အရာတွေ။ ဒါဟာ ရောဘတ်(တ်)ဘလိုင်း (Robert Bly) ကို သတိရစေတဲ့ အရာတွေ၊ မော်ဒန်အလွန်မှာ အလွန်အားကောင်းခဲ့တဲ့ “Deep Image” ရဲ့ဟန်တွေပင်ဖြစ်သည်။ ကဗျာဆရာက “အကြီးကြီးထဲသေးသေးလေးတွေပိတ်မိ” တာကို ရွေးသုံးသွားသည်။ ဘ၀ထဲ တဒင်္ဂလေးတွေ ပိတ်မိနေတာမျိုး၊ စောင့်ဆိုင်းမှုအကြီးကြီးဆိုတဲ့ သေခြင်းတရားထဲ စောင့်ဆိုင်းမှုသေးသေးများ ဆိုတာမျိုး၊ သဲပွင့်ကလေးများ ရှိနေတဲ့ကမ်းခြေ၊ ဖိနပ်ကို ခံတပ်လုပ်ထားတဲ့ အခြေခံလူတန်းစားများရဲ့ လုံခြုံမှု။ အားလုံးဟာ စနစ်တကျ ပိတ်မိနေသလို သူပိတ်မိသည်။ ရေကူးကန်ကြီး နံဘေးမှာ ကျွန်တော့်ကို သူစောင့်ပါသည်။ မျက်ဝန်းပြာပြာ အမျိုးသမီးတစ်ဦးက သူ့ခလေးတွေကို ရေကူးနည်း သင်ပေးသည်။ ဤခြင်္သေ့ကျွန်းတွင် မိုးကြိုးသည် အစိုးမရ။ ထန်းပင်များမရှိပါ။ မည်သူမှ ထန်းလက်နဲ့ကာဖို့ စိတ်မကူးကြ။ အပြော (၀ါ) ဖွင့်ဟပြောဆိုခြင်း (Declaration)တွင် ကဗျာဆရာက သူ့အမြင်ကို ဖွင့်ဟပါသည်။ အားလုံး မေ့ကျန်ခဲ့ရင် အကောင်းသား/ ဒါမှပြန်မရတော့မှာ/ ငါဟာအခါခါအိမ်ပြန်တယ်/ တံတိုင်းတွေ/ သီချင်းညည်းဖို့မေ့နေတယ်/ လောလောဆယ်ငါဟာ/ ဒရင်းဘက်တစ်ခု ဖြစ်နေတယ်… စတာတွေဟာ ရေးသူရဲ့ ဖွင့်ဟချက်တွေ။ ဒါကြောင့် ဒီရေးဟန်ဟာ “အပြနဲ့အပြော” နှစ်ခုပေါ်မှာ အလုပ်လုပ်တယ်လို့ ဆိုနိုင်ပါသည်။ ကဗျာအဆောက်အဦဖွဲ့ပုံကို ဆန်းစစ်ကြည့်တော့ “The Descriptive-Meditative Structure”လို့ သတ်မှတ်ရပါလိမ့်မည်။ ဒီဖွဲ့စည်းပုံကတော့ ဒေသဖွဲ့ အမျိုးအစားဖြစ်ပြီး သိစိတ်အခြေခံကာ အသေးစိတ်ဖွဲ့တဲ့ ပုံသဏ္ဍာန် ဆိုရမည်။ တစ်နည်းအားဖြင့် ပုဂ္ဂလအပြော (Dramatic Monologue) ကိုပဲ အခြေခံပါသည်။ ပုံမှန်အားဖြင့် “DMS” ကို သုံးပိုင်းခွဲကြသည်။ ကော်ရီမတ်(ခ) (Corey Marks) က သူ့ရဲ့ “Structure & Surprise” တွင် ပါဝင်သော DMS အခန်းတွင် အောက်ပါအတိုင်းရေးသားသည်။ “it opens with description of a scene, then turns to an interior meditation and burn to a redescription of a scene, the scene that now seems different due to the changed mind set of the poem’s speaker.” (Michael Theune) ကဗျာ၏အဖွင့်သည် မြင်ကွင်းတစ်ခု၏ ဖော်ပြချက်နှင့်ဖွင့်၍ အတွင်းစိတ်အာရုံတစ်ခုဆီသို့ ပြန်လှည့်ပြကာ မြင်ကွင်းဆီသို့ တစ်ခါပြန်လည်ဖော်ပြမှုဖြင့် ပြန်လှည့်ခြင်း၊ ထိုပြန်၍ဖော်ပြသော မြင်ကွင်းသည် ကဗျာ၏ ဇတ်ပြောသူ ပြောင်းလဲသွားသော စိတ်အခြေအနေကြောင့် ပထမ ဖော်ပြသော မြင်ကွင်းနှင့်တူနေစေကာမူ အပြမှာ ကွဲပြားသွားသည်ဟု ထင်ရသည်။ ဆိုလိုသော အချုပ်မှာ မြင်ကွင်းဝန်းကျင်အပြနှင့် ဖွင့်၍ စိတ်ခံစားမှုကို ပြန်လှည့်ပြီးနောက် မြင်ကွင်းဆီသို့ မတူသော အမြင်ဖြင့် ပြန်လာခြင်းဖြစ်သည်။ ဒါက ယခုပျော်ရွှင်ဖွယ်နေ့ရက်များ(၇) နှင့်ကပ်၍ရသော ကဗျာဖွဲ့စည်းပုံ (structure)ပင်ဖြစ်သည်။ ကော်ရီမတ်(ခ) ဥပမာပေးသည့် ကဗျာများထဲမှ တစ်ခုကို ထုတ်နှုတ်ကြည့်နိုင်သည်။ ဤ “DMS” အဖွဲ့မျိုးကို ပြင်သစ်ဆရာကြီးတစ်ဆူဖြစ်သော ဘော်ဒလေးယျ (Charles Baudelaire) ရဲ့ “မနက်ခင်းတစ်ချက်ထိုး” (One O’ clock in the morning) တွင် ည၀န်းကျင်နှင့် အထီးကျန်စိတ်ကို ရော၍ ရေးသည်။ သို့သော် သူ့ကဗျာသည် စကားပြေကဗျာအမျိုးအစားဖြစ်သည်။ ဘော်ဒလေးယျ၏ အထီးကျန်မှုက ကျွန်တော်တို့ မကြာခဏ ပက်ပင်းတိုးလေ့ ရှိသော ဆရာမကြီးကြည်အေး၏ ကြေမွအိပ်ယာထက်က အထီးကျန်မှုပင်။ သို့သော်ဘော်ဒလေးယျက “DMS” ဖွဲ့စည်းပုံမြောက်သော ညမြင်ကွင်းနဲ့ သူ့ကဗျာကိုဖွင့်သည်။ At last! I am alone! Nothing can be heard but the rumbling of a few belated and weary cabs. For a few hours at least silence will be ours, if not sleep. At last! The tyranny of the human face has disappeared, and now there will be no one but myself to make me suffer. At last! I am allowed to relax in a bath of darkness! First a double turn of the key in the lock. This turn of the key will, it seems to me, increase my solitude and strengthen the barricades that, for the moment, separate me from the world. One O’clock in the morning Charles Baudelaire နောက်ဆုံး! ငါ့တစ်ယောက်တည်း! ဘာကိုမျှမကြားနိုင် ဒါပေမယ့် အပြန်နောက်ကျပြီး အလုပ်များနွမ်းနယ်နေတဲ့ အငှားကားတချို့ရဲ့ စိတ်ပျက်စရာ အသံကလွဲလို့။ ဆိတ်ငြိမ်ခြင်းမည်တဲ့ နာရီတချို့ဆိုတာ ငါ့တို့ပိုင်မယ့်အရာပဲ၊ အကယ်၍များ မအိပ်ဘူးဆိုရင်ပေါ့။ နောက်ဆုံး! လူသားမျက်နှာ၏ ဖိနှိပ်ညှင်းပန်းမှု ပျောက်ကွယ်၍ အခုတော့ ငါ့ကို ခံစားရစေတဲ့ ငါကိုယ်တိုင်ကလွဲ၍ မည်သူမျှ မရှိလေတော့မည်မဟုတ်။ နောက်ဆုံး! ငါ့ကို မှောင်မိုက်ခြင်းရဲ့ သွန်းလောင်းမှုတစ်ခုထဲ သက်သောင့်သက်သာဖြစ်စေရဲ့၊ ဦးစွာပဲ သော့ခလောက် ထဲက သော့တံနှစ်ဆင့်ပိတ်။ ဒီသော့တံရဲ့ လှည့်ခတ်မှုဟာ ကြည့်ရတာတော့ဖြင့် ငါ့အထီးကျန်မှုကို တိုးမြှင့်စေလိမ့်မပေါ့၊ နောက် ဒီအချိန်လေး၊ ဒီကမ္ဘာကြီးက ငါ့ကိုခွဲထုတ်တဲ့ အတားအဆီးများကိုလည်း ပိုမိုခိုင်မာစေလိမ့်မပေါ့။ ကောက်နှုတ်ချက်။ ဘော်ဒလေးယျ၏ နံနက်ခင်းတစ်ချက်ထိုးမှ
Posted on: Sat, 01 Mar 2014 15:20:50 +0000

Trending Topics



Recently Viewed Topics




© 2015