ကြွေလွင့်သွားသော - TopicsExpress



          

ကြွေလွင့်သွားသော ဂီတကြယ်တစ်ပွင့် အဆိုတော် လွှမ်းမိုး ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့်အမှတ်တရ၊ ( ၁၀ ဇူလိုင် ၂၀၁၃) ++++++ကျနော် သိခဲ့တဲ့ ကိုလွှမ်းမိုး++++++++++ Andrew Sway moemaka/archives/36261 ကိုလွှမ်းမိုး ကို စသိခဲ့တာ “၁၉၇၅ တန်ဆောင်တိုင်” မှာ ပါပဲ။ အဲဒီတုန်းက ကျနော် ‘Psychedelic Rex’ ဆိုတဲ့ အဖွဲ့မှာ တီးနေတယ်။ ကျနော်တို့ ဘုန်းကြီးလမ်းမှာ စတေ့ခ်ျရှိုး လုပ်ကြတော့ “ကိုကြီးစံ (ဦးစံထွန်း)” ရဲ့ ‘usic equipments’ တွေ ငှားခဲ့ရတယ်။ ကိုကြီးစံ က ‘Double Agent’ တီးဝိုင်း ပိုင်ရှင် ပါ။ ပွဲတီးမယ့် နေ့ ပစ္စည်းတွေ ဆင်တော့ ကိုကြီးစံက သူ့ကို ကူညီနေတဲ့ အသားညိုညို အရပ်ရှည်ရှည် လူတဦး နဲ့ ကျနော့် ကို မိတ်ဆက်ပေးပြီး “ဒါ ငါ့ ‘Double Agent’ ၀ိုင်းက ‘Lead’ တီးတဲ့ စိုးစိုး ပဲ၊ သူ မင်းကို ကူ ပြီး ဆင်ပေးလိမ့်မယ်” လို့ပြောတယ်။ အဲဒီတုန်းက ကျနော်တီးတဲ့ ‘organ’ က ‘line-out’ မပါတော့ အသံကို မိုက်နဲ့ဖမ်း ‘mixer’ ထဲ ထည့်၊ တခါ ထွက်လာတဲ့ အသံ ကို ‘stage monitor’ မှာ ကြားမကြား စစ် ကြည့်ရတယ်။ ကိုစိုးစိုးက အဲဒါတွေ ကူလုပ်ပေးခဲ့ရတယ်။ အဲဒီမှာ နောင် “ကိုလွှမ်းမိုး” ရယ်လို့ ဖြစ်လာမယ့် “ကိုစိုးစိုး” ကို စသိခဲ့တယ်။ ဒုတိယအကြိမ် ကိုစိုး နဲ့ တွေ့ တာကတော့ “၁၉၇၅ နိုဝင်ဘာ” မြန်မာ့အသံ ‘local talent’ သွင်းတဲ့ အစီအစဉ် မှာပါ။ အဲဒီတုန်းက ‘Double Agent’ ပစ္စည်း တွေ နဲ့ အသံသွင်းခဲ့လို့ ကိုစိုး က ပစ္စည်းထိန်း အနေနဲ့ လိုက်လာတာပါ။ တတိယအကြိမ် တွေ့ ဆုံဆည်းခွင့်ရတာကတော့ လမ်းသစ်ရိပ်သာ နားမှာ လုပ်တဲ့ “၁၉၇၇ တန်ဆောင်တိုင်” ပွဲ မှာပါ။ အဲဒီပွဲက မြို့နယ် ကောင်စီ က ပစ္စည်းငှား စင်ထိုး လုပ်ပေးတယ်။ ‘Double Agent’ က အဲဒီ အချိန်မှာ ‘Professional’ ရယ်လို့ နံမည် ပြောင်းလိုက်ပြီ။ Line up မပြောင်းပေမယ့် ကိုခင်မောင်ချို ‘organ player’ အနေ နဲ့ ပါလာတယ်။ ကိုစိုး လည်း ကိုလွှမ်းမိုး ဆိုတဲ့ နံမည် နဲ့ သီချင်းဆိုတယ်။ “ရန်ကုန်သားလေး ကျနော်” သီချင်းကို ဆိုခဲ့တာ မှတ်မိတယ်။ တစင်ထဲမှာ Professional နဲ့ ‘P. Rex’ (၂) ဖွဲ့ပြိုင်တီး သလို ဖြစ်နေတော့ တယောက်နဲ့ တယောက် စကားမပြော ဖြစ်ဘူး။ ကျနော် ဒေသကောလိပ်တက်တဲ့ အချိန်လောက်မှာ “မအေးရယ်ချစ်လို့ပါကွယ်” သီချင်းက နံမည် ကြီးနေပြီ။ ကျနော်တို့ ဒေသကောလိပ် (၂) အနုပညာ အသင်း ၁၉၇၉ သင်္ကြန် မြို့တော်ဝန် မဏ္ဍပ် အတွက် ပြင်ဆင်နေတဲ့အချိန်မှာ ‘Professional’ အဖွဲ့ထဲမှာ ပြသနာဖြစ်တဲ့ အကြောင်းစကြားရတယ်။ နောက် ၁၉၇၉ နှောင်းပိုင်း လောက် ကိုလွှမ်းမိုးနဲ့ ကိုခင်မောင်ချို (၂) ယောက် ‘Professional’ က ထွက်သွားပြီး ‘Sweet Heart’ ဆိုတဲ့ နံမည် နဲ့ အဖွဲ့ ထောင်တာ ကြားတယ်။ ၁၉၈၀ သင်္ကြန် အာမခံရုံး မဏ္ဍပ် မှာ ကျနော် ‘Fever’ ဆိုတဲ့ အဖွဲ့နဲ့ တီးတဲ့ အခါ ‘Sweet Heart’ မှာ ဒရမ်တီးတဲ့ “ပေါက်စ (ထွန်းထွန်း)” နဲ့ ရင်းနှီးခဲ့တယ်။ သူ့ ဆီက ၀ိုင်းအပြောင်းအလဲနဲ့ ပတ်သက်တာကို ပိုပြီး အသေးစိတ် သိခဲ့ရတယ်။ ၁၉၈၀ နှစ်ထဲမှာပဲ ကျနော် “သုံးရာသီ” ဆိုတဲ့ အဖွဲ့နဲ့ စတေ့ခ်ျရှိုး တွေ တီးတဲ့ အခါ ‘Sweet Heart’ နဲ့ တစင်ထဲ တီးခဲ့ရတဲ့ ပွဲတွေ ရှိခဲ့တယ်။ အဲဒီ အချိန်က “ရွှေစွန်ညို” ဆိုတဲ့ အခွေကို အသံသွင်းဖို့ “သုံးရာသီ” က ကြိုးစားနေတဲ့ အချိန်ပါ။ ရှိုးတွေမှာ “သုံးရာသီ” က အဆိုတော် “အောင်မင်း (လီယို အောင်မင်း)” က “ရွှေစွန်ညို” သီချင်း ဆိုလေ့ ရှိတယ်။ “ရွှေစွန်ညို” သီချင်း နောက်ဆုံး စာသားက “ရွှေ စွန်ညိုကြီး မလုပ်ခဲ့မိတာ ငါ မှားတယ်” လို့ ပြန်ကျော့ ဆိုတယ်။ ကိုလွှမ်းမိုး အဲဒီသီချင်း ကို သဘောကျ ပုံ ရပါတယ်။ “သုံးရာသီ” ကို တွေ့ရင် “အောက် ရှစ် ကြီး နဲ့ လိုက်ခဲ့ မိတာ ငါမှားတယ်” လို့ ဖျက်ဆို နောက် လေ့ရှိတယ်။ တချပ်မှောက် ဖဲ စကား မှန်း သိပေမယ့် ကျနော် မကျွမ်းကျင်လို့ ဘာဆိုလို မှန်း တော့ မသိပါ။ ကျနော် မှတ်မိနေတဲ့ ”သုံးရာသီ” နဲ့ ‘Sweet Heart’ တစင်ထဲ တီးခဲ့တဲ့ ပွဲတခု ကတော့ ရန်ကုန် သမ္မတရုံ နားမှာ ရှိတဲ့ ”Fatima Church” ရံပုံငွေ ပွဲပါ။ ၁၉၈၀ ကိုင်ဇာ “မနိုးပါစေနဲ့ မိုးရယ်” အခွေ သီချင်းသွင်း အချိန် ရော ၁၉၈၁ “သီချင်းရှင်ကို ကြင်နာပါ” အသံသွင်းတဲ့ အချိန် မှာ ပါ “မေ စတူဒီယို” ကို ကိုလွှမ်းမိုး နဲ့ ပေါက်စ လာ လည် ကြတာ မှတ်မိတယ်။ နောက်ပိုင်း ‘Success Recording’ တွေ မှာ ကိုလွှမ်းမိုး အမြဲလို လာလည်လေ့ ရှိတယ်။ ‘Success’ ပွဲလုပ်တိုင်းလည်း ကိုလွှမ်းမိုး အဆိုတော် အဖြစ် ပါလာတယ်။ ကျနော် မှတ်မိနေတဲ့ ပွဲ ကတော့ ၁၉၈၃ ကျနော်တို့  ပုသိမ်ကိုသွားတဲ့ ပွဲပါ။ အဲဒီ ပွဲမှာ ရုပ်ရှင်မင်းသား “နေအောင်” လည်းပါလာတယ်။ ကိုလွှမ်းမိုး နဲ့ ဆို ၀မ်းကွဲ အကို တော်တယ်။ သူတို့ နှစ်ယောက် အချင်းချင်း “ကိုကို၊ ညီလေး” ဆိုပြီး ခေါ်ကြ၊ ပြောကျ ပေါ့။ ကိုလွှမ်းမိုး လည်း အဆိုတော်သာ မက သရုပ်ဆောင် လိုင်းဘက်ကို စလုပ်လာတာ မှတ်မိတယ်။ ကိုလွှမ်းမိုးကို သရုပ်ဆောင်ပညာမှာ ကူညီ ပံ့ပိုးပေးခဲ့တဲ့ သူတွေထဲမှာ “ဦးသန်းဖေ (သန်းဖေလေး)” လည်း တယောက် အပါအ၀င် ဖြစ်တယ်လို့ မှတ်မိတယ်။ ၁၉၈၅ ရာတန် တွေ တရားမ၀င်ငွေ အဖြစ် ကြေညာ တဲ့ အချိန် တီး ခဲ့ရတဲ့ မော်လမြိုင်ပွဲ မှာ ကိုလွှမ်းမိုး ပါခဲ့တာ မှတ်မိတယ်။ နောက် တပွဲ မှတ်မိ နေ တာကတော့  “၁၉၈၆ ဖေဖော်ဝါရီလ” မှာ ကျနော် “ဇင်ယော်” အဖွဲ့နဲ့ “မြိတ်” ကို သွားခဲ့တုန်းက ပါ။ ၁၉၈၇ လောက်မှာ ကိုလွှမ်းမိုး အဲဒီ အချိန်က ၀န်ကြီးချုပ်ဖြစ်နေတဲ့ “ဦးမောင်မောင်ခ” ရဲ့ သမီးနဲ့ အိမ်ထောင် ကျတယ်။ သူတို့ လင်မယား နှစ်ယောက် ကျနော်တို့ တီး နေတဲ့  အသံသွင်း တခုရောက်လာတော့ သူ့ မိန်းမ က ကျနော့် ကို “မင်း အမေ နေကောင်းလား၊ မင်း အဖေ ရော” စသဖြင့် စကား လာပြောတယ်။ ကိုလွှမ်းမိုး က တအံတသြနဲ့ “ဟင်.. မင်းတို့ချင်း သိကြလား” လို့ မေးတယ်။ သူ့ မိန်းမက “အီစကိုတို့က ငယ်ငယ်က ခြံနီးနားချင်း” လို့ ပြန်ဖြေတယ်။ ကိုလွှမ်းမိုးက သူ့ မိန်းမကို “အီစကို ဆိုတာ အီစမိုင် အကိုလား” လို့ ခပ်တည်တည်နဲ့ ပြန် နောက်တာ မှတ်မိတယ်။ ကိုလွှမ်းမိုး မိန်းမ ရပြီး သူ့ သူငယ်ချင်း အသိုင်းအ၀န်း ကျဉ်း လာပုံ ရပါတယ်။ ကျနော့် ကို ဖုန်းဆက်ပြီး “ဟေ့.. ငါတို့ ထမင်း သွားစားကြမလို့ လိုက်ခဲ့” လို့ ခေါ်တာ များလာပါတယ်။ ၁၉၈၈ အစောပိုင်း လောက်ဖြစ်မယ်ထင်တယ်။ ကိုလွှမ်းမိုး ကျနော့် အိမ်ကို ရောက်လာတယ်။ သူ အခွေသွင်းမယ့် ကိစ္စ ကျနော့် ကို တီးပေးဖို့ လာပြောတာ။ ကျနော်က ဘယ်သူ တွေလည်း ဆိုတော့ ‘Bass’ က မြန်မာ့အသံ က “ကိုမြင့်စိုး”၊ ဒရမ်က “တွတ်ကီ”၊ ဂစ်တာ “ကိုဘွဲ့မှူး” လို့ ပြောတယ်။ ကျနော်က “ကိုဘွဲ့မှူး နေမကောင်း ဘူးနော်” လို့ ပြောတော့ “ဘွဲ့မှူး မအားရင် ငါတီးမှာပေါ့” လို့ ဖြေတယ်။ ဘယ် အခွေဆိုတာ ကျနော်မမှတ်မိတော့ပါ။ “မေ” မှာ သွင်းတယ်။ စီစဉ်သူက “ကိုသင်း (ကြည်သာ ပွဲကြီုက်ခင်)” ဆိုတာ လောက်ပဲ မှတ်မိတယ်။ ကျနော် ၁၉၉၂ အမေရိက ကို ထွက်မလာခင် အချိန် အထိ ကိုလွှမ်းမိုးနဲ့ ပွဲ အတော်များများ ဆုံဖြစ်ခဲ့ပါတယ်။ အပေါ်က ပြောခဲ့တဲ့ ပွဲ တွေကတော့ အခု ဆက်ပြောမယ့် အကြောင်းတွေနဲ့ ဆက်စပ်ပြီး မှတ်မိနေတဲ့ ပွဲ တွေ ဖြစ်ပါတယ်။ ကိုလွှမ်းမိုးက ယေဘုယျ အားဖြင့် ပြောမယ်ဆိုရင် “လူပျော်” တယောက် လို့ ပြောလို့ ရမယ်ထင်ပါတယ်။ သူ့ကို စိတ်ညစ်နေတဲ့ ပုံ တွေ့ရ နည်းပါတယ်။ အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နဲ့ တွေ့ရတာ များပါတယ်။ စိတ်ကောင်းရှိပြီး သူ တထူး ကိုလည်း ကူညီတတ်ပါတယ်။ “Nobody is perfect” ပါ။ လူဆိုတာ မွေး ရာပါပဲ ဖြစ်ဖြစ်၊ သဘာဝကြောင့်ပဲ ဖြစ်ဖြစ် ‘imperfection’ ဆိုတာ ရှိတတ်ပါတယ်။ ဒီ ‘imperfection’ ကို အဓိက ‘principle’ အနေနဲ့ အဲဒီလူကို ‘Define’ လုပ်မယ်ဆိုရင်၊ အဲဒီ ‘imperfection’ ကို ဦးတည်ပြီး နောက်မယ် ဆိုရင် တော့ ‘insult’ စော်ကားတာပဲ ဖြစ်ပါတယ်။ ၁၉၈၅ လောက်မှာ ထင်တယ်။ ဂီတလောက အကြောင်းရေးတဲ့ စာနယ်ဇင်း တခုမှာ ကိုလွှမ်းမိုးရဲ့ ‘imperfection’ ကို မထိတထိ ရေးတာလေး ပါလာတယ်။ ဒါနဲ့ ပတ်သက်ပြီး ကိုလွှမ်းမိုး ပြောဖူးတာကတော့ “ရေးတဲ့ ကောင် (လူ) ကို ကျနော်ပြောလိုက်တယ်။ ကျနော့် အကြောင်း နောက်တခါ ရေးရင် ရိုက်မယ်။ လွှမ်းမိုး ကောင်းတယ်လို့ ရေးလည်း ရိုက်မယ်။ လွှမ်းမိုး မကောင်းဘူး ရေးလည်း ရိုက်မယ်” လို့ ဆိုပါတယ်။ ကိုလွှမ်းမိုး က အာဝဇ္ဇန်းရွှင်ပြီး ဟာသ ဉာဏ် ကောင်းတယ်လို့ ပြောလည်း ရနိုင်ပါတယ်။ “Sense of Humor” အပြည့် ရှိတယ်လို့ ပြောနိုင်ပါတယ်။ သူများကို စနောက် တတ်သလို သူ့ ကို စနောက်ရင်လည်း စိတ်မဆိုးပါ။ စော်ကား မော်ကားပြောရင်၊ နှိမ့်ချတဲ့ သဘောနဲ့ စနောက် ရင်တော့လည်း သည်းခံစိတ် နည်းတတ်ပါတယ်။ ကိုလွှမ်းမိုး ကိုစခဲ့၊ နောက်ခဲ့တာ ပြန် မှတ်မိသလောက် တော့ အပေါ်က ပြောခဲ့တဲ့ “သုံးရာသီ” နဲ့ “Sweet Heart” တစင်တည်း တီး တဲ့ “Fatima Church” ပွဲ မှာပါ။ ကိုလွှမ်းမိုးက ‘country boots’ လည်ရှည် ဖိနပ် စီးထားပြီး ဘောင်းဘီကို အပြင် မထုတ်ဘဲ ဖိနပ်ထဲ ထည့်ထားတာကြောင့် မြင်းစီး ဘောင်းဘီ ၀တ်ထားသလို ဖြစ်နေတယ်။ ကျနော်က “အကို ပွဲ ပြီး ရင် မြင်းစီး ပြန်မှာလား” လို့ နောက်လိုက်တယ်။ ကိုလွှမ်းမိုးက ကျနော့် ကို ကြည့်ပြီး “မင်း က ဆပ်ကပ်ထဲက လူပြက်နဲ့ တူတယ်၊ ငါ မင်းကို “ဆပ်ကပ်” လို့ပဲ ခေါ်တော့မယ်” ဆိုပြီး ပြန်ပြောတယ်။ ကျနော်က “သုံးရာသီ” ယူနီဖေါင်း (အဖြူပေါ် အပြာစင်း) ၀တ်ထားတယ်။ “Clown” ဆိုတဲ့ ဝေါဟာရ သူ စဉ်းစားလို့ မရမိပုံ ရပါတယ်။ နောက်တခု မှတ်မိတာကတော့ အပေါ်မှာ ရေးခဲ့တဲ့ ကိုနေအောင် နဲ့ ကိုလွှမ်းမိုးပါတဲ့ ၁၉၈၃ “Success” ပုသိမ် သွားတဲ့ ပွဲမှာပါ။ ကိုလွှမ်းမိုးက ကိုနေအောင့် ကို လက်ညှိုး ထိုးပြီး “အဲဒါ ကျုပ် အကိုလေ..” လို့ ကျနော့် ကို ပြောပါတယ်။ ကိုနေအောင်က ဖြူဖြူ၊ ကို လွှမ်းမိုးက ညိုညို ဆိုတော့ ကျနော် က “ညီ အကိုတော့ ညီ အကိုပဲ၊ တယောက်က ‘အာမေးနီးယန်း’၊ တယောက်က ‘ခေါ်တော’” လို့ နောက် လိုက်တယ်။ ကိုလွှမ်းမိုးက ချက်ခြင်း “မင်းက ဂေါ်ရင်ဂျီ” လို့ ပြန်ပြောတယ်။ ကျနော် တို့ အဲဒီလို ပြောမနာ ဆိုမနာ ရင်းနှီး ခဲ့ကြတယ်။ ကျနော့် အမြင် ကိုလွှမ်းမိုးမှာ “inferiority complex” နည်းနည်း ရှိမယ်ထင်တယ်။ ကျနော် ဘူမိ နောက်ဆုံးနှစ်မှာ နံမည်ပြောင် တခုရတယ်။ “Survey Instrument (မြေတိုင်းကရိယာ)” တခု အမည် နဲ့ ကျနော့် ကို နောက်ခေါ်ကြတယ်။ အဲဒီနံမည်ကို အတန်းထဲက သူငယ်ချင်း “တေးရေး မောင်မောင်ဈာန်” က ဂီတာလောက ထဲယူလာတယ်။ ကျနော့် မှာ အဲဒီ နံမည်ပြောင်နဲ့ ကျောင်းမှာလည်း အနောက် ခံရ၊ ဂီတလောကမှာ လည်း အနောက်ခံရပေါ့။ ကိုလွှမ်းမိုးလည်း အဲဒီ နံမည်နဲ့ ကျနော့် ကို နောက်တယ်။ နောက်သာ နောက် ရတယ်၊ “Technical Term” ဖြစ်နေလို့ ဘာဆိုလိုတယ် ဆို တာ သူ မသိခဲ့ဘူး။ ဒါနဲ့ သူ ကျနော့် ကို အဲဒီ နံမည် က ဘာ အဓိပ္ပာယ် လည်း လို့ မေးတယ်။ ကျနော်လည်း မင်သေသေ နဲ့ ကိတ် (ယောက်ျား ပစ္စည်း ထွားထွား) လို့ ပြောလိုက်တယ်။ ကို လွှမ်းမိုး မျက်နှာပျက်သွား ပြီး “ဟာ… ဒါဆို ငါ မင်းကို မနောက်တော့ဘူး” လို့ ပြောတယ်။ သူ မနောက် တော့တဲ့ အပြင် တခြားလူ နောက် ရင်တောင် လိုက်တားခဲ့တာ မှတ်မိတယ်။ ကိုလွှမ်းမိုးက သူ့ မိန်းကလေး သူငယ်ချင်းတွေနဲ့ ပတ်သက်ရင် တော့ တွန့်တိုတတ်သူ လို့ ကျနော်မြင်တယ်။ အဖြစ်အပျက်တခုကို ပြောရရင် ၁၉၈၃ လောက်မှာ ကျနော့် အိမ်ကို ကိုလွှမ်းမိုး ရောက်လာတယ်။ သူ က “မင်းဆီက ကတိတခုတောင်းမလို့” လို့ ပြောတယ်။ သူက “သူ သဘော အတော် ကျနေတဲ့ မိန်းကလေး တယောက်ရှိတယ်။ ဒါပေမယ့် သူ ချဉ်းကပ်လို့ မရဘူး။ သူ အဲဒီ မိန်းကလေးနဲ့ စကားပြောလိုက်တိုင်း ကျနော့် အကြောင်းမေးပြီး၊ ကျနော့် ဖုန်းနံပါတ် ကိုပဲတောင်းနေတယ်။ နောက်ဆုံး စိတ်ချမ်းသာမယ်ဆိုရင် ရော့ ဆိုပြီး ကျနော့ ဖုန်းနံပါတ် ပေး ခဲ့လိုက်တယ်။ အဲဒီ မိန်းခလေး ကျနော့် ဆီကို ဖုန်းဆက်ရင် လက်ခံစကားမပြောပါဘူး” ဆိုတဲ့ ကတိပေးဖို့ တောင်းတယ်။ ကျနော်လည်း ကတိပေးပါတယ်။ အဲဒီ မိန်းကလေး ဘယ်လို ပုံလည်း ပြောပါဦး.. မေးတော့.. သူက “ဟေ့ကောင်.. ဖုန်းမှာ ရုပ်မြင်ရတာမှ မဟုတ်တာ၊ ဘာပုံလည်း မမေးနဲ့၊ သူ့.. နံမည်က မ XXXX” ဆိုပြီး ပြောတယ်။ ကျနော်လည်း အမေ့ကို အဲဒီ နံမည်နဲ့ ဖုန်းဆက်ရင် မခေါ်ပေးဖို့ မှာခဲ့ တယ်။ နောက်တော့ အဲဒီ တယောက် ကျနော့် ဆီ ဖုန်းဆက်လာတယ်။ အမေနဲ့ပဲ စကားပြော ဖြစ်သွားခဲ့ တယ်။ ၁၉၈၆ (သုံးနှစ်လောက်အကြာ) Final Exam တွေပြီး လို့ တက္ကသိုလ် ပိတ်ထားတဲ့ အချိန်၊ စာပေး စာယူ သင်တန်းသား များ တက္ကသိုလ်မှာ အတန်းလာတက်ရတဲ့ အချိန် မှာပေါ့ ။ ကျနော် တောင်ငူ ကင်တင်း မှာ ထိုင်နေတုန်း ကျောင်းသူ တယောက် လာမိတ်ဆက်တာနဲ့ စကားပြော ဖြစ်ခဲ့တယ်။ စကားပြောရင်း အဲဒီ တယောက် က ကိုလွှမ်းမိုး ကျနော့် ဆီက စကား မပြောပါဘူး လို့ ကတိတောင်းထားတဲ့  တယောက် ဖြစ်နေမှန်း သိလာခဲ့တယ်။ ဒါနဲ့ ညကျတော့ ကိုလွှမ်းမိုးဆီ ဖုန်းဆက် ပြီး “အကို.. ကျနော့်.. ကို လွန်ခဲ့တဲ့ သုံးနှစ်က ကတိတောင်းထားတာ မှတ်မိတယ် နော်..” လို့ မေးလိုက်တယ်။ သူ က “အေး.. ဘာဖြစ်လဲ” ဆိုတော့ ကျနော်က “အဲဒီ တယောက်နဲ့ ကျနော် တောင်ငူ ကင်တင်း မှာ အမှတ်မထင် တွေ့ ပြီး စကား ပြော မိတယ်။ သူက လော စာပေးစာယူ တက်နေတာ၊ အဲဒါ ကျနော်ပေးထားတဲ့ ကတိ သက်တမ်း ကုန်မကုန် သိချင် လို့ပါ” လို့ ပြောလိုက်တယ်။ ကိုလွှမ်းမိုးက “ဟေ့.. ကတိဟာ ကတိပဲ ဘာ expiration date မှ မရှိဘူး” လို့ ပြန်ပြောတယ်။ ကျနော်လည်း နောက်နေ့တွေ အဲဒီ ကျောင်းသူ နဲ့ မဆုံမိအောင် ရှောင်နေ လိုက်ခဲ့ရတယ်။ ကိုလွှမ်းမိုး ဟာသ ဉာဏ် ရွှင် တဲ့ နေရာမှာ လူ တယောက်ရဲ့ လှုပ်ရှားပုံ ကိုလည်း ဟာသ ရှုထောင့် က မြင်တတ်သူ လို့ ကျနော် မြင်ပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လည်း ဖြစ်လာမယ့် သူမို့ အများ တကာ ရဲ့ သွားပုံလာပုံ ကို ဟာသ မြောက်အောင် ပြန်လုပ်ပြနိုင်တဲ့ “impersonation” ပညာ လည်း ရှိ သူ လို့ မြင်မိပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် အပေါ်မှာ ရေးခဲ့တဲ့ “၁၉၈၃ Success ပုသိမ်” ကို သွားတဲ့ ပွဲမှာပေါ့။ မေခလာက “ပြန်ပေတော့” အခွေထဲက သီချင်းတွေ ဆိုနေတယ်။ မေခလာ သီချင်းဆိုရင် ဂျပန်က “Pink Lady” ၀ိုင်းက အဆိုတော်လို လက်လှုပ်တယ်။ ကျနော် တို့ အနေနဲ့တော့ မေခလာ သီချင်း ဆိုတာပဲ သတိထားမိတယ်။ ကိုလွှမ်းမိုး ကတော့ အဲဒီ လက်လှုပ်တာကိုပါ မြင်တယ်။ နောက်နေ့ ကျတော့ ကိုလွှမ်းမိုးက မေခလာ့ ရှေ့မှာ အဲဒီ လို လက်လှုပ် ပြီး လမ်းလျှောက်တယ်။ မေခလာ က လိုက်ရိုက်၊ ကျနော်တို့ ကတော့ ထိုင် ရီ (ရယ်) ကြ ပေါ့ ။ နောက်တခုက မေခလာ သီချင်းဆိုရင် လက်ကို လက်ကောက်ဝတ်က နေ ဆတ်ကနဲ ဆတ်ကနဲ လှုပ်တဲ့ပုံ။ ကျနော်တို့ သတိမထားမိဘူး။ ကိုလွှမ်းမိုး လုပ်ပြမှ သတိပြုမိတယ်။ မေခလာကို အဲဒီ လက်လှုပ် ပုံ မျိုး နဲ့ ကျနော် ဒီနေ့ ထိ တွေ့ရင် နောက်တုန်းပဲ။ အဲဒီ ပုသိမ်ပွဲ သွားတုန်း ကပဲ ကိုလွှမ်းမိုးကို အဆိုတော် တွေ ရဲ့ “impression” တွေကို “request” လုပ်ခဲ့တာ သတိရမိတယ်။ ကိုလွှမ်းမိုးက အဆိုတော် အတော်များများ ရဲ့ ”impression” ကို လုပ်ပြသွားခဲ့ပေမယ့် အခုထိ မမေ့နိုင်တာကတော့ အဆိုတော် “မိုင်” ရဲ့ သီချင်းဆိုပုံပါ။ မိုင် ရဲ့ သီချင်း တပုဒ်မှာ “နားလည်လား… ကြားရဲ့လား.. ဟေ့..” ဆိုတာ ပါတယ်။ အသံသွင်းတုန်းက “လား..” နဲ့ “လား.. ဟေ့..” နေရာ မှာ “repeated delay effect” ပါတယ်။ “Live show” မှာတော့ အဲဒီလို လုပ်မယ်ဆိုရင် “delay machine” (၂)ခု (သို့) “tape echo” (၂) ခု လိုတယ်။ တခုက ပုံမှန်၊ နောက်တခုက အဲဒီနေရာ လေးကွက်ပြိး “effect” ရိုက်ဖို့။ ဆိုတော့ အဲဒီ အချိန်လောက်က “Live show” မှာ မလုပ်နိုင်ခဲ့ဘူး။ ဒါနဲ့ မိုင် က အဲဒီ သီချင်းဆိုရင် “နားလည်.. လား.. လား.. လား.. လား.. ကြားရဲ့.. လား.. ဟေ့.. လား..ဟေ့.. လား..ဟေ့..” လို့ ဆိုရတယ်။ အဲဒီ ဆိုပုံကို ကိုလွှမ်းမိုးက ပြန် လုပ်ပြတာ။ ကျနော်တို့မှာ ရီ (ရယ်) ရလွန်းလို့ အူတက်မတပ်ပဲ။ ကိုလွှမ်းမိုး ဟာသ လုပ်ရာမှာ မိန်းမရှာ အမူအယာ လုပ်တတ်တာလည်း သတိရမိတယ်။ ကိုလွှမ်းမိုးနဲ့ ဆုံရင် အမူအရာတွေလုပ်ခိုင်းတဲ့ အခါ မိန်းမရှာ အမူအယာ လုပ်ခိုင်းတာလည်း တခုအပါအ၀င်ပဲ။ မှတ်မိတာ တခုပြောရရင် အပေါ်မှာ ပြောခဲ့တဲ့  “၁၉၈၆ မြိတ်” ပွဲမှာပါ။ မြိတ်ပွဲမှာ ကန်ထရိုက်တဦးက “ကိုသန်း (အေ၀မ်းသန်းထွဋ်)” ဆိုတော့ “လှလှမိုး” တို့လို ရုပ်ရှင်ဘက်က အဆိုတော်တွေ ပါလာတယ်။ “ဟာသ ကမ္ဘာရှား” လည်း ပါလာတယ်။ ကျနော်တို့ တီးဝိုင်း ပြီးရင် ပြဇာတ်လေး တခု လုပ်ဖို့ တိုင်ပင်ကြတယ်။ ကမ္ဘာရှား က “ဇာတ်စီး” ပေါ့။ ဒါနဲ့ “လေးစားပါတယ် ဗိုလ်ကြီး” ဆိုတဲ့ ပြဇာတ် က ဖို့ ပြင်ဆင်ကြတယ်။ ကျနော်ကတော ပြဇာတ် နောက်ခံတေး တီးပေးရမယ် ဆိုတော့ သူတို့ ဇာတ်တိုက်တာ ထိုင်ကြည့်နေရတယ်။ ဇာတ်လမ်းမှာ လှလှမိုး နဲ့ ကိုလွှမ်းမိုး ရန်ဖြစ်တဲ့ အခန်းပါတယ်။ သူတို့ ဇာတ်တိုက်ပြီး တော့ ကျနော်က ကိုလွှမ်းမိုးကို ရန်ဖြစ်တဲ့ အခန်းမှာ အခြောက်လို ရန်ဖြစ် ရင် အရမ်း ရီ (ရယ်) ရမယ်လို့ အကြံပေးလိုက်တယ်။ ပွဲ က ကြတော့ အဲဒီ ရန်ဖြစ်ခန်းမှာ ကိုလွှမ်းမိုးက တကယ်ပဲ မိန်းမရှာ လို ကက်ကက်လန်အောင် ရန်တွေ့ပြတယ်။ ရုတ်တရက် ဆိုတော့ လှလှမိုး လည်း ကြောင်သွား၊ ပရိသတ်လည်း ကြောင်သွားပေါ့။ အရှေ့ပိုင်းမှာ “မှန်ရာကို သစ္စာ ဆိုပါမည်” ဆိုပြီး သီချင်း ဆိုခဲ့သူ က မိန်းမကြီး တယောက်လို ရန်တွေ့ နေတာကိုး။ နောက်တော့ လှလှမိုး ဘက်ကလည်း ပြန်ရန်တွေ့၊ တရုံလုံးလည်း ၀က်ဝက် ကွဲအောင် ရယ် (ရီ)၊ ကျနော်တို့ လည်း အူတက်မတက် ရယ်(ရီ) ကြပေါ့။ ကိုလွှမ်းမိုးက အဆိုတော် တယောက်ဖြစ်ပေမယ့် အတီးသမားလည်း ဖြစ်တာမို့ အတီးသမားတွေဘက် ကို စာနာ တွေး တတ်သူ လို့ ကျနော် မြင်တယ်။ အဖြစ်အပျက် တခုကို ပြောရရင် ကျနော်တို့ ၁၉၈၅ ရာတန်တွေ တရားမ၀င်ငွေ အဖြစ် အမိန့် ထုတ် အပြီး တီး ခဲ့ ရတဲ့ မော်လမြိုင်ပွဲ မှာ ပေါ့။ အမိန့်ထုတ်တာ ပွဲ မစခင် သုံးရက် အလို လောက်မှာပါ။ ပွဲသွင်း ကန်ထရိုက်က လက်မှတ် တွေ ရောင်းကုန်တယ်။ ဒါပေမယ့် လက်မှတ် ရောင်း ကိုယ်စားလှယ်တွေက ရာတန် အစိတ်တန်တွေ ပဲ လက်မှတ် ရောင်းရငွေ ဆိုပြီး လာပေးကြ တယ်လို့ ပြောတယ်။ ဒီတော့  ငွေရှင်းတဲ့ အခါ ရာတန်၊ အစိတ်တန် တ၀က် ယူပါလို့ လာညှိတယ်။ အဲဒီအချိန်မှာ အစိုးရ ကပြန်လဲ ပေးပါမယ်ဆို တဲ့  အမိန့် မထွက်သေးဘူး။ အဲဒီ အချိန်မှာ ကိုလွှမ်းမိုးက အဆိုတော် တွေတော့ ရာတန်၊ အစိတ်တန်ရော ပေးပါ။ တီးဝိုင်းသမားတွေကို တော့ ရောမပေးပါနဲ့ လို့ ၀င်ပြောခဲ့တာ မှတ်မိတယ်။ (ဒါပေမယ့် တကယ် ရတော့ ရာတန်၊ အစိတ်တန် က ၆၀% လောက်ပါတဲ့ ဝေစု ကို ရခဲ့ တယ်။) နောက်တခု မှတ်မိနေတဲ့ အဖြစ်အပျက်ကတော့ အပေါ်မှာ ပြောခဲ့တဲ့  ၁၉၈၆ ဖေဖေါ်ဝါရီလ မြိတ်ကို သွားခဲ့တဲ့ပွဲပါ။ သဘောတူညီချက်ရှိခဲ့တာက (၆) ရက် တီးမယ် (၅) ရက်ကို တီးခ ရမယ်၊ နောက်ဆုံးရက် ကို အခမဲ့ တီး ပေး ရမယ် ဆိုတဲ့အချက်ပါ။ မြိတ် က ခရီးစားရိတ် ကြီး တာကြောင့် ဒီလိုမျိုး သဘောတူညီချက် လုပ်ခဲ့တာပါ။ မြိတ်ရောက်ပြီး ကျနော်တို့ (၆) ရက်တီး ပြီးတဲ့ အခါ ပွဲ ကန်ထရိုက် က နောက် တရက် အခမဲ့ တီး ခိုင်းပြန်တယ်။ မြိတ်မှာ ရှိတဲ့ စစ်တပ် မိသားစု များ ဖျော်ဖြေတဲ့ ည လို့ ခေါင်းစဉ် တပ်ပါတယ်။ ကျနော်တို့ ကလည်း သဘောတူညီချက်ထဲမှာ ပါတဲ့ အချက်မဟုတ်လို့ မတီး နိုင်ဘူး လို့ တင်းခံခဲ့တယ်။ ဒါနဲ့ ကန်ထရိုက် ဘက် ကလည်း ဒါဆို တ၀က်ကြေးနဲ့ တီး လို့ ဆိုပြီး ထပ်ညှိလာတယ်။ အဲဒီမှာ ကိုလွှမ်းမိုးက အဆိုတော်တွေတော့ တ၀က်ပေးရင်ပေး၊ တီးဝိုင်း ကိုတော့ အပြည့်ပေးပါလို့ ၀င်ပြောတယ်။ ဒါနဲ့ နောက်ဆုံး ကျနော်တို့ တီးခ အပြည့် ရခဲ့တယ်။ မြိတ်ပွဲ မှာ ကိုလွှမ်းမိုးက အဆိုတော်အနေ နဲ့ လိုက်ခဲ့တာ။ သူ့တီးဝိုင်းလည်း မဟုတ်။ သူက တီးဝိုင်း ခေါင်းဆောင်လည်း မဟုတ်၊ တီးဝိုင်း ဘယ်လောက် ရရ သူ့ အပူ လည်း မဟုတ်ပါ။ ကိုလွှမ်းမိုးက အဆိုတော်ကြီး ဖြစ်လာခဲ့ပေမယ့် သူ ဖြတ်သန်းခဲ့ရတဲ့ အတီး သမား ဘ၀ကို တော့ မေ့ခဲ့သူ မဟုတ်လို့ ကျနော်မြင်မိပါတယ်။ ကျနော်ရေးခဲ့ တာတွေကတော့ ကိုလွှမ်းမိုး နဲ့ ပတ်သက်ပြီး ကျနော် မှတ်မိနေတဲ့၊ ကျနော် သတိရနေခဲ့တဲ့ အကြောင်းအရာလေးတွေ ဖြစ်ပါတယ်။ ကျနော်နဲ့ အမြင် မတူသူများလည်း ရှိနိုင်ပါတယ်။ “Everybody’s entitled to their own opinion” လို့ပဲ ပြောပါရစေ။ အခု ကိုလွှမ်းမိုး ကွယ်လွန်ခြင်း (၁၂) နှစ်ပြည့် အမှတ်တရ အစီအစဉ် မှာ ကျနော် အရမ်းကြိုက်တဲ့ ကိုလွှမ်းမိုး ရေး/ဆိုခဲ့တဲ့ “မနှင်းဆီ” သီချင်းလေးကို မိုးမခ ပရိသတ် အတွက် ကိုလွှမ်းမိုး အမှတ်တရ ရွေးပေးချင်ပါတယ်။ မနှင်းဆီ ၊ ရေး/ဆို လွှမ်းမိုး (၁၉၇၉) Music Video URL: youtu.be/qMlpIHnx73c
Posted on: Wed, 10 Jul 2013 03:34:42 +0000

Trending Topics



Recently Viewed Topics




© 2015