7Day News Journal 7 hours - TopicsExpress



          

7Day News Journal 7 hours ago မီးပုံတွင်းမှထပျံခဲ့သော ကျောင်းသားတို့ရဲ့ စိတ်ဓာတ် ----------------- ရေးသားသူ- ထွန်းခိုင်၊ ညီညီဇော် “အဆောက်အဦးကိုသာဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့ မရပါဘူး” (ဆရာကြီးသခင်ကိုယ်တော်မှိုင်း) အထက်ပါစကားသည် ၁၉၆၂ တွင် အာဏာရှင်ကြီး ဦးနေ၀င်းလက်ထက် အစိုးရက ကျောင်းသားထုအပေါ် အရက်စက်ဆုံး ကျူးလွန်မှုများအနက် တစ်ခုဖြစ်သော ကျောင်းသားသမဂ္ဂအဆောက်အအုံကို ဒိုင်းနမိုက်နှင့် ခွဲခဲ့သည့် အဖြစ်အပျက်အပြီးတွင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ပြောကြားခဲ့သည့် သမိုင်းဝင် စကားတစ်ခွန်းဖြစ်သည်။ အာဏာရှင်အဆက်ဆက်က အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ကျောင်းသားများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများသာ ပြုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း ကျောင်းသားထုအဆက်ဆက်စိတ်ထဲ ကိန်းဝပ်နေသည့် အမှန်တရားနှင့် လွတ်လပ်မှုအတွက် တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်ကိုတော့ တားဆီးသူတို့ မစွမ်းနိုင်ခဲ့ကြ။ “ကျောင်းသားတွေ နိုင်ငံ ရေးနယ်ပယ်ထဲ ၀င်မလာခင်အထိ မြန်မာ့နိုင်ငံရေးက ထူးခြား ပြောင်းလဲတိုးတက်မှု မရှိဘူး”ဟု ခေတ်အဆက်ဆက် မြန်မာ့နိုင်ငံရေးလောကတွင် ကျောင်းသားထု၏ အခန်းကဏ္ဍကို မန္တလေးမြို့မှ လူသိများသည့် နိုင်ငံရေးသမား တစ်ဦးဖြစ်သူ ဦးရွှေထူးက ပြောသည်။ အာဏာရှင်တို့ ဖိနှိပ်မှုကို တွန်းလှန်ရန်အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြရင်း ကမ္ဘာပေါ်တွင် တစ်ခုတည်းသော ကျောင်းသားလက်နက်ကိုင် တပ်မတော် ABSDFကိုပင် မြန်မာကျောင်းသားများထူထောင်ကာ စစ်အာဏာရှင်များကို တိုက်ပွဲဝင်ခဲ့ကြသည်။ စစ်အစိုးရကို တွန်းလှန်ရင်း(၂၅)နှစ်တာကာလအတွင်း ABSDF မှ ကျောင်းသား ရဲဘော် ၆၀၀ ကျော်အသက်စတေးခဲ့ကြရပြီး ၄၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ABSDF က ထုတ်ပြန်ခဲ့သည်။ သူ တို့ထဲမှ အချို့၏ အကြောင်းကိုသာလူအများက ပြောဆိုခဲ့ကြပြီး အများစုကတော့ ဆင်းဆင်းရဲရဲဖြင့် တိုင်းပြည်အတွက် လူမသိ၊ သူမသိဖြင့် အသက်စွန့်ခဲ့ကြရသည်။ ထိုထက်မျှမကသူတို့စွန့်စားမှုကို မှေးမှိန်အောင် လုပ်ပစ်သည့် စစ်အစိုးရအဆက်ဆက် ၀ါဒဖြန့်ချိမှုများ၏ သားကောင်ပင်ဖြစ်ခဲ့ကြရသည်။ “ဒီရဲဘော်တွေရဲ့ မိသားစုတွေကို ပြောချင်တာက သူတို့တွေ ဆုံးရှုံးခဲ့ရတာ ပြည်သူလူထုအတွက် သူရဲကောင်းတွေလို၊ စစ် အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ရင်း ဆုံးရှုံးခဲ့ရတာပါ။ ဒီအတွက် ဒီလူတွေကို ကျွန်တော်တို့ ထိုက် ထိုက်တန်တန် ဂုဏ်ပြုဖို့လိုပါတယ်”ဟု ADSDF ဥက္ကဋ္ဌရဲဘော် သံခဲက သူ၏ရဲဘော်ရဲဘက်များအတွက် အမှတ်တရစကားပြော ကြားသည်။ ၎င်းတို့သာမက လွတ်လပ်မှုနှင့် တရားမျှတမှုအတွက် တိုက်ပွဲဝင်သော ကျောင်းသားများကို ခေတ်အဆက်ဆက် အစိုးရက ရက်ရက်စက်စက်သတ်ပစ်ခဲ့ကြသည်။ အာဏာရှင်တို့လက်ချက်ကြောင့် စာသင်ခန်းအတွင်း အေးချမ်းစွာပညာသင်ကြားရမည့် အရွယ် ကျောင်းသားများလမ်းမများ၊ အကျဉ်းစခန်းများနှင့် တောထဲတောင်ထဲတွင် အသက်ဆုံးခဲ့သည့်အရေအတွက်မှာ မည်မျှရှိသည်ကို မည်သူမျှမသိရသေး။ မြင်းနှင့်တိုက်၊ တုတ်နှင့်ရိုက်ကာ ကိုအောင်ကျော်ကို သတ်ခဲ့သည်။ ထောင်တွင်းကြိုးတိုက်ပို့ကာ ဆလိုင်းတင်မောင်ဦးကို သတ်ခဲ့သည်။ သေနတ်နှင့်ပစ်ကာ ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့် မ၀င်းမော်ဦးတို့အား သတ်ခဲ့ကြသည်။ သတင်းစာများမှ ၀ါဒဖြန့်ကာ ကျောင်း သားလှုပ်ရှားမှုများကို မှေးမှိန်အောင် လုပ်ကာသတ်ခဲ့ကြသည်။ သို့သော်လည်း ကျောင်းသားလှုပ်ရှားမှုနှင့် ကျောင်းသား စိတ်ဓာတ်ကား ဘယ်တော့မှ မသေခဲ့။ ယခင်က ကျောင်းသားများအပေါ် စစ်အစိုးရအဆက်ဆက်၏ ဖိနှိပ်မှုကြောင့် ကျောင်းသားအချို့ နိုင်ငံရေးနှင့် ပတ်သက်ရမည် ကို ထိတ်လန့်ခဲ့ကြကြောင်း မိတ္ထီလာနည်းပညာတက္ကသိုလ် ကျောင်းသားကိုအောင်နေပိုင်ကဆိုသည်။ “ကြောက်တော့ ကြောက်ခဲ့ ကြတယ်။ ဖမ်းမလား ဆီးမလားပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကြောက်ရင် နောက်လူတွေလည်း ကြောက်နေရတဲ့ဘ၀ထဲပဲ နေရမယ်။ ကျွန်တော်တို့ကို တိုင်းပြည်က လိုနေသေးတယ်ဆိုတဲ့ အသိက ကြောက်စိတ်ကို လွှမ်းခဲ့တယ်”ဟု ၎င်းကပြောသည်။ ဖိနှိပ်မှုများ၊ အာဏာပိုင်များ၏ ငြိုငြင်မှုများအကြားနိုင်ငံနှင့် အ၀န်းမှ အခြား ကျောင်းသားများနည်းတူသူသည်လည်း သူ၏တက္ကသိုလ်တွင် ကျောင်းသား သမဂ္ဂတည်ထောင်ကာ ဦးဆောင်လှုပ်ရှားခဲ့သည်။ စစ်အစိုးရလက်ထက်တွင် လူနေအရပ်များနှင့် အလှမ်းဝေးသည့် နေရာများတွင် တက္ကသိုလ်များ တည်ဆောက်ခဲ့ပြီး လောင်းကစားနှင့် အရက်သေစာကဲ့သို့သော အပျော်အပါးမျိုးကို မသိမသာခွင့်ပြုကာ နိုင်ငံရေးနှင့် ကျောင်းသားဝေးအောင်လုပ်ခဲ့ကြသည်။ တစ်ချိန်က တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ခဲ့ကြသော အာဇာနည်များ၏ အကြောင်းကိုပင် ကျောင်းသားနှင့် ဆရာများ အကြားမှာ ပွင့်ပွင့်လင်းလင်း မပြောဆိုရဲအောင်အထိ အာဏာရှင်များက ပညာရပ်ဝန်းအတွင်း အကြောက်တရား လွှမ်းမိုးအောင် လုပ်ခဲ့ကြသည်ဟု မန္တလေးဗကသများအဖွဲ့ချုပ်မှ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုရဲရင့်ကျော်ကပြောသည်။ “သူတို့မအောင်မြင်ဘူး။ သခင်ကိုယ်တော်မှိုင်း ပြောခဲ့သလိုပဲ။ တက္ကသိုလ်ကိုပဲ အဝေးပို့လို့ရမယ်။ ကျောင်းသားစိတ်၊ သမဂ္ဂစိတ်ကိုတော့ ကျောင်းသားတွေနဲ့ အဝေးကို ပို့လို့မရဘူး”ဟု မိတ္ထီလာဗကသဥက္ကဋ္ဌလည်းဖြစ်သူ ကိုအောင်နေပိုင်က ပြောသည်။ ကိုလိုနီခေတ်ဦး နိုင်ငံရေး လှုပ်ရှားမှုမှအစ၊ လွတ်လပ်ရေး ကြိုးပမ်းမှုများ၊ ဒီမိုကရေစီတိုက်ပွဲ များအလယ်၊ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကာလအဆုံး တိုင်းပြည်၏ အရေးကြီးသည့် နိုင်ငံရေးဖြစ်စဉ်များတွင် ကျောင်းသားထု တစ်ရပ်လုံး မဆုတ်မနစ်ပါဝင်ခဲ့ ကြသည်ကို သမိုင်းက သက်သေပြနေသည်။ ကိုလိုနီခေတ်ဦးက စတင်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်သည့် မြန်မာ့ကျောင်းသားသမိုင်းသည်လည်း လမ်းတစ်လျှောက် ဖြိုဖျက်မှုများ ခံရသော် လည်း ကျောင်းသားများရင်ထဲမှ လွတ်လပ်မှုနှင့် တရားမျှတမှုအပေါ် ချစ်ခင်စိတ်ကို မည်သူမျှ မဖျက်ဆီးနိုင်ခဲ့ကြောင်း သမိုင်းက သက်သေဖြစ်ပါသည်။
Posted on: Thu, 08 Aug 2013 21:07:26 +0000

Trending Topics



Recently Viewed Topics




© 2015