Credit to >>> မ Thanda Win တွန်းအားနဲ့ - TopicsExpress



          

Credit to >>> မ Thanda Win တွန်းအားနဲ့ ဆွဲအားမှာ ဆွဲအားနည်းရင်၊ ဒါမှမဟုတ် တွန်းအားနည်းရင် ဒါမှမဟုတ် အားခြင်းညီမျှနေရင် ဘယ်အရာမှ မရွေ့ပါ။ ဒစ်ဂျစ်တယ်စစ်ပွဲတွေကို စားပွဲပေါ်မှာ၊ အခန်းငယ်တစ်ခုထဲမှာတင် ဆင်နွှဲကြဖို့ အိမ်နီးချင်းတွေပြင်ဆင်ချိန်မှာ မြန်မာတပ်သားတွေက ကိုယ်တိုင်လယ်စိုက်စားရမယ်ဆိုရင် ယုတ္တိယုတ္တာမရှိလှပါဘူး။ ကမ္ဘာနဲ့ရင်ဘောင်တန်းချင်တာလား၊ သက်ဦးဆံပိုင်ခေတ်ကို ပြန်သွားချင်တာလားလို့ မေးရမယ်ထင်ရဲ့။ ထိပ်ပိုင်းမှာ အဝေမတည့်လေ လူးလှိမ့်အောင်ခံရတာက နှစ်ဘက်လုံးက ငယ်သားများပါ။ ရင်းရတဲ့အသက်တွေ၊ ပေးရတဲ့ ဘ၀တွေ၊ ဆုံးခဲ့တဲ့ အိုးအိမ်စည်းစိမ်၊ အလျော်အစားပြန်မရနိုင်တဲ့ တိုင်းပြည်ရဲ့အရှူံးတွေပါပဲ။ ကိုယ့်သွေးကိုယ်ဖောက်သောက်ရသလို နိုင်လို့လဲ အရသာမရှိပါ။ ပြီးခဲ့တာတွေ သင်ပုန်းချေလို့ အစကပြန်စတော့မယ်ဆိုပြန်တော့လဲ တပ်မတော်ရဲ့ အင်အား၊ တပ်မတော်ရဲ့ ကြံ့ခိုင်မှု၊ တပ်မတော်ရဲ့ ရပ်တည်နိုင်မှုတွေအတွက် အာမခံချက်တွေလိုလာပြန်ပါတယ်။ လူဦးရေသန်းထောင်ချီနေတဲ့ အိမ်နီးချင်းတွေ၊ တကမ္ဘာလုံးသွားရည်ယိုနေတဲ့ ဆီတိုင်ကီ၊ ဘုရင်ခေတ်ကတည်းက မျက်စိကျိန်းလောက်စရာ ကျောက်မျက်ရတနာတွင်းတွေ၊ ဒီလိုပိုင်ဆိုင်မှုတွေနဲ့ နိုင်ငံတော်နယ်နမိတ်ကို ကာကွယ်ဖို့အတွက် တပ်မတော်ကိုသာ အားကိုးရမှာပါ။ နှစ် ၂၀ စာအမုန်းတွေအတွက် အမြစ်ပြတ်ခြေမှုန်းလို့ ရနိုင်တာမျိုး မဟုတ်ပါဘူး။ တိုင်းရင်းသားတွေက တပ်မတော်ဆီက အာမခံချက်တောင်းတယ်။ တပ်မတော်က နိုင်ငံရေးသမားတွေထံက အာမခံချက်လိုချင်ပါတယ်။ နိုင်ငံရေးသမားတွေကလည်း ၂၅% လွှတ်တော်ထဲက ထွက်ရမယ်တဲ့။ အမယ်ဘုတ်ကဲ့ သူ့ချည်ခင်လို ကိုယ့်အတွင်းထဲမှာ သပွတ်အူလည်နေတာနဲ့ပဲ အောက်ဆုံးရောက်ခဲ့ရတဲ့ ရွှေပြည်တော်ကြီးကို ငဲ့ကွက်ကြမယ်ဆိုရင်ဖြင့် အဖြေတစ်ခုတော့ ရှာတွေ့နိုင်ကောင်းပါရဲ့။ ဦးပိုင်ရဲ့ စီးပွားရေးဝင်ငွေများအပေါ် တပ်ရဲ့ လူမှုဖူလုံရေးဟာ မှီခိုရပ်တည်နေရတယ်ဆိုရင် ဘယ်ရွေ့ ဘယ်မျှ ဘယ်လောက်ရလို့ ဘယ်လိုသုံး၊ ဘယ်သူ့ကို ဘယ်လောက်နှုန်းဆိုတဲ့ ငွေစာရင်းရှင်းတမ်းကို သိလိုလှပါတယ်။ သတင်းများအရ မှတ်တမ်းများအရ ဦးပိုင်က လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ လုပ်ငန်းပေါင်း မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲရှိပါရဲ့။ အဲဒီချုပ်ကိုင်မှုကြောင့်ပဲ သာမာန်အရပ်သားစီးပွားရေးသမားတွေ ၀င်တိုးမရဖြစ်နေတာလဲ မသိသေးတဲ့ တပ်မတော်သားများကို သိစေလိုပါရဲ့။ (၁) ဦးပိုင်ဟာ မြန်မာ့စီးပွားရေးကို လက်ဝါးကြီးအုပ်ထားပါတယ်။ သယံဇာတမှသည် ဘတ်စကားလိုင်းအထိပါ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်၊ ပြည်သူပြည်သားတိုင်း တန်းတူယှဉ်ပြိုင်လုပ်ကိုင်နိုင်တဲ့စနစ်နဲ့ လုံးလုံး အံမ၀င်ပါဘူး။ (၂) အနှစ် ၂၀ အတွင်းမှာ တပ်မတော်ရဲ့ အရည်အသွေးပိုင်း၊ အရည်အချင်းပိုင်းတွေကသာ ဆုတ်ယုတ်နိမ့်ကျလာပြီး ဦးပိုင်နဲ့ ပတ်သက်ဆက်နွယ်သူများကတော့ အလွန်အမင်းချမ်းသာလာပါတယ်။ ဘီယာပါမစ်တစ်ခုထဲကတင် လစဉ် သိန်း ၅၀ လောက်ဝင်ငွေရှိပါတယ်။ (၃) ဘယ်လောက်ခေတ်မီတဲ့ လက်နက်တွေပဲ ရှိနေပါစေ၊ စစ်သည်တွေကို လူတန်းစေ့အောင်၊ နိုင်ငံတကာစစ်သည်တွေနဲ့ လူရည်လူသွေးယှဉ်နိုင်အောင် မထားနိုင်ခြင်းဟာ နိုင်ငံတော်ရဲ့ လုံခြုံရေးကို အကြီးအကျယ်ထိပါးနှောင့်ယှက်ခြင်းပါပဲ။ ဒီအတွက် ဦးပိုင်ကို ဖျက်သိမ်းပါ၊ နိုင်ငံတော်ဘတ်ဂျက်ထဲက စစ်တပ်ဘတ်ဂျက်ကို လျော့ချပါလို့ လွယ်လွယ်ဆိုလို့ မဖြစ်တာကို သူငယ်ချင်း ကိုရုပ်ဆိုးက ထောက်ပြပါတယ်။ လက်နက်ဈေးကိုကြည့်ပါ။ အိမ်နီးချင်းတွေရဲ့ စစ်တပ်အင်အားကိုကြည့်ပါတဲ့။ ဒါက ၀ီကီထဲက နမူနာပါ။ မြန်မာ= Main battle tanks ၈၀၀ ။ Frigates ၄ ။ Combat Aircrafts ၁၂၈ ဘင်္ဂလားဒေ့ရှ် = Main battle tanks ၆၆၂။ Frigates ၅။ Combat aircrafts ၁၀၀ ထိုင်း = Main battle tanks ၅၅၂။ လေယာဉ်တင်သင်္ဘော ၁။ Frigates ၆။ Corvette ၅။ Patrol Boat ၁၀၉။ Combat Aircrafts ၁၄၄။ Attack Helicopter ၄။ အိန္ဒိယ = Main battle tank ၅၉၇၈။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၆ ။ Cruiser ၀။ Destroyer ၁၈။ Frigate ၂၈။ Corvette ၃၆။ Patrol Boat ၅၄။ Nuclear submarine ၂။ Submarine ၁၈။ Combat aircraft ၁၀၈၀။ Attack helicopter ၁၄၀။ Nuclear weapon ၉၀-၁၀၀။ တရုတ် = Main battle tank ၉၀၀၀။ လေယာဉ်တင်သင်္ဘော ၁။ Amphibious warfare ship ၂၇ ။ Destroyer ၂၇။ Frigate ၄၈။ Corvette ၁၅။ Nuclear submarine ၁၀။ Submarine ၄၀။ Combat aircraft ၁၅၀၀။ Nuclear weapon ၂၄၀။ တရုတ်ထံက၀ယ်ရတာမို့ ပစ္စည်းတွေရဲ့ အရည်အသွေးပိုင်း၊ ထိန်းသိမ်းမှုပိုင်းတွေ မပါဝင်သေးပါဘူး။ အပေါ်ယံစာရင်းကလေးမှာတင် တိုင်းပြည်ရဲ့ လုံခြုံရေးဟာ အာမခံချက်မရှိလှဘူးလို့ ဆိုရပါမယ်။ ဒါကို နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့် အရပ်သားတွေအနေနဲ့ မြင်တတ်ဖို့၊ မြင်ပေးဖို့၊ စိတ်တူကိုယ်တူ စိတ်ပူပူနဲ့ စီမံခန့်ခွဲပေးဖို့ တပ်မတော်သားများက လိုလားကြပါတယ်။ ဒီလက်နက်တွေ ဘယ်လိုဝယ်၊ ဘယ်လိုလေ့ကျင့်၊ တပ်သားတွေကို ဘယ်လိုကျွေးမွေးဆိုတဲ့ အစီအစဉ်တွေ၊ ခွဲဝေမှုတွေအတွက် နိုင်ငံရေးသမားတွေ ဘယ်လောက်သိလို့၊ ဘယ်လောက်ပြင်ဆင်ထားကြပါသလဲ တဲ့။ ဒါသည်ပင် ဥပဒေထဲက စစ်ရေးအတွေ့အကြုံရှိခြင်း ဆိုတဲ့အချက်တစ်ချက်ရဲ့ နောက်ခံအကြောင်းလဲ ဖြစ်ကောင်းဖြစ်နိုင်ပါပေရဲ့။ တစ်နည်းအားဖြင့် မိန်းမယူခါနီး မင်္ဂလာကြေးတင်တောင်းတာမျိုးပါ။ တစ်သက်လုံး ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ အပြစ်မတင်ပဲ ပေါင်းပါ့မယ်လို့ ကြားချင်ကြတာ ဓမ္မတာပါ။ ဥပမာပေါ့လေ။ နိုင်ငံရေးသမားတွေကြောင့် စစ်သားတွေအသက်ဆုံးရတယ်ဆိုတဲ့အမြင်မျိုး ၁၉၆၂ ကတည်းက စွဲနေခဲ့တာကလား။ ဒီလိုစွဲအောင် ရိုက်သွင်းသူကြီးကတော့ သွားရှာပေါ့။ ကိုယ်တွေမှာသာ ဒီနေ့အထိမပေါင်းရသေးလို့ အရိုးတွေလဲ ဆွေးရော့မယ်။ ကြာကြာကြီးတော့ မူမနေကြပါနဲ့တော့ကွယ်။ ဦးပိုင်ရဲ့ စာရင်းရှင်းတမ်းတွေ၊ စစ်တပ်ဘတ်ဂျက်ရဲ့ စာရင်းရှင်းတမ်းတွေ ရသမျှငွေတွေကို ဘယ်သူတွေ ဘယ်လိုစီမံခန့်ခွဲလို့ ဘယ်သူ့လက်ထဲ ဘယ်လောက်ရောက်သလဲ။ ရှေ့ဆက် ဦးပိုင်ကို ဘယ်လိုစီမံမလဲ။ ပါမစ်စီးပွားရေးကို ဘယ်လိုဖျက်သိမ်းမလဲ။ အသုံးငွေကို စနစ်ကျအောင်ဘယ်လိုလုပ်မလဲ။ ခြစားမှုတွေကို ဘယ်လိုထိန်းမလဲ။ လူအင်အား၊ လက်နက်အင်အားအတွက်လိုအပ်တဲ့ငွေကို ဘယ်လိုရှာမလဲ။ ဒါတွေကို စားပွဲဝိုင်းပေါ်မှာ ချပြဖို့အတွက်ဆိုရင် ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှု၊ နားလည်မှု၊ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ကိုးစားပေါင်းစည်းမှု။ ဒါသည်ပင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုး ပြည်တွင်းစစ်ပွဲများရဲ့ နိဂုံး တိုင်းသူပြည်သားတို့ရဲ့ အပြုံး အောင်မြင်ခြင်းများရဲ့ မူလဘူတ ဖြစ်မည်ဟု ထင်မြင်မိပါကြောင်း။ ( အတွေးစတွေ ဖော်ပေးတဲ့ ကိုရုပ်ဆိုးနဲ့ ကိုမောင်ဟန်၊ ကိုရဲမိုးတို့ကို ကျေးဇူးတင်ပါတယ်။ )
Posted on: Sat, 08 Jun 2013 07:46:28 +0000

Recently Viewed Topics




© 2015