Eleven Media Group ပြည်ထောင်စု - TopicsExpress



          

Eleven Media Group ပြည်ထောင်စု အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ဟု သူရဦးရွှေမန်းပြောကြား ပြည်ထောင်စုအတွက် အကျိုးရှိမည် ဆိုပါက အားလုံးပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ပြီး လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက မြိတ်မြို့ရှိ ဌာနဆိုင်ရာများ၊ ပါတီများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။ ပြည်ထောင်စု လွတ်တော်နာယက၊ ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အဖြစ် စက်တင်ဘာ ၁၁ ရက်တွင် မြိတ်မြို့သို့ ရောက်ရှိစဉ် ဒေသခံ ပြည်သူလူထုများနှင့် ပုလဲရတနာခန်းမတွင် တွေ့ဆုံရာတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ သူရဦးရွှေမန်းသည် တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အဖြစ် ထားဝယ်-ကော့သောင်း-မြိတ်မြို့များသို့ သွားရောက်ကာ ပြည်သူလူထုနှင့် တွေ့ဆုံပြီး ပြည်သူ့အသံများကို လွှတ်တော်နားနေချိန်အတွင်း လာရောက်နားထောင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။ "ပါတီစုံ ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးစနစ် လုပ်လာတာ လပေါင်း ၃၀ ကျော်လာပါပြီ။ ပြည်ထောင်စုအတွက် အကျိုးရှိမယ်ဆိုရင် အားလုံးပူးပေါင်း ဆောင်ရွက်ရပါမယ်။ လူမျိုးစွဲ၊ ပါတီစွဲ၊ ဘာသာစွဲမထားဘဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဘယ်ပါတီပဲဖြစ်ဖြစ် နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ပျက်ပြားစေမယ့် အပြောအဆိုများ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပျက်ပြားစေမယ့် အပြောအဆိုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပျက်စီးစေမယ့် အပြောအဆိုများ မပြောမိဖို့၊ မလုပ်မိဖို့ လိုမယ်။ မပြောသင့်တာကိုပြောရင် အမှားပဲ။ ပြောသင့် ပြောထိုက်တာကိုပြောမှ အမှန်ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံ ဘယ်လောက်အထိ နိမ့်ကျနေတာလဲ၊ နောက်ကျနေတာလဲဆိုတာ တခြားနိုင်ငံ ထွက်ပြီးကြည့်။ ပိုပြီးမြင်လာမယ်။ ကမ္ဘာကိုပတ်ကြည့်။ ပိုပြီးမြင်မယ်။ ကျွန်တော်တို့ ဘာဖြစ်လို့ နောက်ကျနေတာလဲဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ တရားဥပဒေ စိုးမိုးရေး စတဲ့အချက်တွေ လိုအပ်နေတာကြောင့် ဖြစ်တယ်" ဟု သူရဦးရွှေမန်းက ဆိုသည်။ မြန်မာနိုင်ငံ အနေဖြင့် အာဏာကို ပြည်သူများထံ လွှဲပေးပြီးဖြစ်ကြောင်း၊ ယခင်က လွှတ်တော်ကို မယုံကြည်သူများ၊ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲကို ရောက်လာကြောင်း၊ ယခုဆိုရင် လွှတ်တော်အတွင်း ပါတီများ ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း အပြောင်းအလဲကို ယခင်က သံသယစိတ်များနှင့်ကြည့်ကာ အမြင်အမျိုးမျိုး ရှိခဲ့ပေမယ့် လွှတ်တော်ကိုပိုပြီး ယုံကြည်မှု ရှိလာပြီဖြစ်ကြောင်း ၎င်းကပြောကြားသည်။ "နိုင်ငံတကာ စောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေလည်း လွှတ်တော်ကို ပိုပြီးစိတ်ဝင်စားလာ ကြပါတယ်။ အုပ်ချုပ်မှု အာဏာကို လွှတ်တော်က ပြဋ္ဌာန်းရပါမယ်။ ပါတီတွေ အစွဲမထားဘဲ ပြည်ထောင်စုအတွက် ၀ိုင်းဝန်းဆောင်ရွက် ရပါမယ်။ လွှတ်တော်နားတဲ့ အချိန်မှာ ပြည်သူများရဲ့ လိုအပ်ချက်၊ ဆန္ဒသဘောထားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ဖို့၊ ပြည်သူ့အသံကို နားထောင်ဖို့ လာရောက်ခဲ့ခြင်း ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းက ထည့်သွင်းပြောကြားသွားသည်။
Posted on: Thu, 12 Sep 2013 07:54:11 +0000

Trending Topics



Recently Viewed Topics




© 2015