Mary Poppins ကလေးစာအုပ်တွေလည်း - TopicsExpress



          

Mary Poppins ကလေးစာအုပ်တွေလည်း မဖတ်ဖူး၊ Julie Andrews အော်စကာရသွားတဲ့ ရုပ်ရှင်ဗားရှင်းကိုလည်း မကြည့်ဖူးပေမယ့် ဒီရုပ်ရှင်က ကျနော့်အတွက်တော့ တော်တော် ဆွဲဆောင်မှုရှိပါတယ်။ ဒါနဲ့  Emma Thompson ကလည်း Nanny McPhee ဆိုလား ရုပ်ဆိုးဆိုး နဲ့  မှော်ပညာတတ်တဲ့ ကလေးထိန်းကြီးတစ်ယောက်အနေနဲ့  သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး သရုပ်ဆောင်ဖူးတာ နှစ်ကားကြည့်ဖူးတယ်။ Mary Poppins နဲ့ တော့ ဘာကွာလဲ မရှာကြည့်ရသေးဘူး။ အခုကားမှာတော့ Tom Hanks က Walt Disney ဆိုပေမယ့် ဘာနေရာမှ မရှိပါဘူး။ Emma Thompson ကို ပံ့ပိုးပေးရတဲ့ အပိုင်းမှာပါပဲ၊ Emma ကတော့ တကားလုံး သူ့ လုပ်ကွက်တွေချည်းပဲ။ သူကိုယ်တိုင်ရေးတဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်မပြောင်းချင်လို့  နှစ်နှစ်ဆယ်လုံး တင်းခံနေတဲ့ Mary Poppins ဖန်တီးရှင်စာရေးဆရာမ။ နောက်စာအုပ်ရောင်းရငွေတွေကုန်လာတော့မှ ရုပ်ရှင်အဖြစ်ပြောင်းဖို့ လုပ်ရာမှာ Walt Disneyကို မူပိုင်ခွင့်ပေးဖို့ အရေး မပြတ်သားပဲ ရသလောက်တင်းခံ အစွမ်းကုန် ညစ်လိုက်မဟဲ့ဆိုတဲ့ သူ။ စာရေးဆရာမရဲ့ ကလေးဘဝမှာ သရုပ်ဆောင်တဲ့ ကလေးမငယ်လေးရော သူ့ အဖေအဖြစ် သရုပ်ဆောင်တဲ့ Colin Farrel ရော စိတ်ဝင်စားဖို့ ကောင်းတယ်။ ဇာတ်လမ်းနှစ်ခုကို အပြိုင်သဘောမျိုးပြထားပြီး ကလေးဘဝက အနာတရတွေက လူကြီုးုဖြစ်လာတဲ့အထိ မကျက်နိုင်ပဲ ပြန်ပြန်ဒုက္ခပေးနေတုန်းလေးဆိုတာ ပြသွားတာလေး သဘောကျတယ်။ ဒီမှာ စာရေးဆရာမရဲ့ ဖခင်က လုံးဝကြီးဆိုးသွမ်းနေတာ မဟုတ်ဘူး။ ကောင်းကွက်တွေရှိပေမယ့် သူဆိုးတဲ့အချက်တွေကြောင့်ပဲ မိသားစု စီးပွားရေးချွတ်ချုံကြပြီး သူ့ ဘဝပါပျက်စီးသွားတဲ့ အထိ။ ကလေးတစ်ယောက်အနေနဲ့ အဖေကို ကယ်တင်ချင်ပေမယ့်လည်း မကယ်နိုင်ခဲ့ဘူး။ ဒီမှာလည်း Walt Disney က ကလေးဘဝမှာ စိတ်ဒဏ်ရာရခဲ့ဖူးတာ ရှိတယ်ဆိုတာသိလာရပြန်ရော။ အဖေက အရမ်းကို ချွေတာစီးကုပ်တဲ့သူဆို လူငှားမခေါ်ပဲ ဆယ်နှစ်အောက် သားနှစ်ယောက်ကိုပဲ မနက်တစ်ခါ ညနေတစ်ခါ သတင်းစာပို့ ခိုင်းတယ်။ မနက်စောစော အအေးသည်းတဲ့ ဆောင်းနှင်းထဲမှာ ရှူးဖိနပ်ပါးပါးလေးနဲ့  ခိုက်ခိုက်တုန်ပြီး သတင်းစာပို့ ရင်း နှင်းတောထဲ အိပ်ပျော်နေတဲ့ အဖြစ်တွေ။ ကျောင်းမှာလည်း ပင်ပန်းလို့ စာမလိုက်နိုင်။ ညစာစားပြီးရင်းလည်း ပြန်ထွက်ရ။ သတင်းစာပို့ တာ နောက်ကျရင် အိမ်မနှံ့ ရင် အဖေ့လက်သီးစာမိမယ်လို့ တွေးပြီး ကြောက်ခဲ့ရတာတွေ။ ဒါပေမယ့် Disney ကအဖေ့ကို မမုန်းပါဘူးတဲ့။ သိပ်တော်တဲ့လူကြီးပါလို့ ဆိုပါတယ်။ အဖြစ်အပျက်တွေကိုတော့ ဒီအတိုင်းမှတ်မိနေရတာ စိတ်ပင်ပန်းလာပြီလို့ ဆိုပါတယ်။ ဒီမှာWalt Disney ပြောသွားတာလေး သိပ်ခိုက်ပါတယ်။ This is what storytellers do. We restore order by imagination. တဲ့။ ကျနော်တို့ တွေ ဘဝမှာ ပြန်ပြင်လို့ မရတဲ့ အရာတွေ နောက်ကတကောက်ကောက် လိုက်ခြောက်လန့် နေတာကို စာရေးပြီး ပြန်ပြင်ဆင်ဖို့ ကြိုးစားကြတာတွေ။ အဖြစ်အပျက်အတိုင်းမချရေးပဲ ကိုယ်မရလိုက်တဲ့ ကိုယ်မျှော်လင့်ခဲ့တဲ့ အကူအညီ သို့ မဟုတ် ပြောင်းလဲသွားစေတဲ့ အဖြစ်အပျက်ကလေးတွေကို အဲလို ဖြစ်ခဲ့ရင်ကောင်းမှာလို့  စာရေးဆရာတွေ ဇာတ်ကြောင်းပြောသူတွေ ချရေး ပြင်ဆင်ကြတာလေးကို သတိထားမိစေပါတယ်။ ဒါလေးနဲ့ ပဲ ဖြေသာရတာ မဟုတ်ပါလား။
Posted on: Thu, 13 Feb 2014 01:37:52 +0000

Trending Topics



Recently Viewed Topics




© 2015