News @ M-Media မီးလောင်ရာ - TopicsExpress



          

News @ M-Media မီးလောင်ရာ လေပင့်၊ မှောင်နေရာ နေပွင့် Posted by M-Media ဇွန်-၂၇၊၂၀၁၃ ဆောင်းပါးရှင်-O’Laie Manzu (ဓာတ်ပုံ – ကိုစိုး / ဧရာဝတီ) “ကြောက်မက်ဖွယ်ရာ ဗုဒ္ဓဘာသာဝင် မျက်နှာ” ဟုမျက်နှာဖုံးခေါင်းစဉ်တပ်ထားသော ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းအား မြန်မာနိုင်ငံတော် အစိုးရ အပါအဝင် မြန်မာပြည်သူများ ပြင်းထန်စွာ ကန့်ကွက်မှုများ၊ ဝေဖန်မှုများ ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည်။ တိုင်းမ် မဂ္ဂဇင်းတွင် ဖော်ပြခဲ့သော အကြောင်းအရာမှာ မှားယွင်းစွာလုပ်ကြံ ဖော်ပြထားခြင်းကြောင့်မဟုတ်။ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာအား ထိးပါးစေသော အကြောင်းအရာများပါရှိသည်ဟု ထင်မြင်သုံးသပ်ကြသောကြောင့်ဖြစ်သည်။ တိုင်းမ်မဂ္ဂဇင်းမှာ စစ်မှန်သည့် ဗုဒ္ဓတရားတော်များမှ သွေဖည်ကာ ဘာသာရေးအကြမ်းဖက်မှုများအား မီးလောင်ရာလေပင့်လုပ်နေသော ဝီရသူအကြမ်းဖက်ဝါဒကို ကမ္ဘာသိအောင် အလင်းဆောင်သည် မီးမှောင်းထိုးပြခြင်းဖြစ်သည်ဟု ရှု့မြင်သုံးသပ်ကြသူများရှိသည်။ ဦးဝီရသူ၏ အမာခံ နောက်လိုက်များ၏အမြင်မှာ တစ်မျိုးဖြစ်နေပြန်သည်။ ကမ္ဘာအရပ်ရပ်မှ မီးမောင်းထိုးပြနေသော်လည်း အမြင်မရှင်းဖြစ်နေသေးသည်။ လက်တစ်ဆုပ်စာ မွတ်စလင်မ်များအား နှိမ်နှင်းချေမှုန်းခြင်းမပြုလျှင် ဗုဒ္ဓဘာသာဝင် ရှစ်ဆယ်ရာခိုင်နှုန်းကျော်ရှိသော မြန်မာနိုင်ငံမှာ မွတ်စလင်မ်နိုင်ငံဖြစ်သွားနိုင်ကြောင်း ဦးဝီရသူမှ မီးမောင်းထိုးပြနေသည်ဟု ၎င်းတို့လက်ခံထားကြသည်။ အမြော်အမြင်ကြီးသူတစ်ဦးအဖြစ် ကိုးကွယ်နေကြသည်။ ထို့အပြင် တိုင်းမ်း မဂ္ဂဇင်းအား မြန်မာပြည်သူများအကြား ငြိမ်းချမ်းရေးတည်ဆောက်နေသည်ကို ဖျက်ဆီးသည့်အသွင်ဆောင်သော အကြမ်းဖက်မှုများအား မီးလောင်ရာလေပင့်ကြောင်း ရှု့မြင်ကြသည်။ အဓိက မကျေနပ်မှုမှာ “ကြောက်မက်ဖွယ်ရာကောင်းသော” (Terror) ဟု အဓိပ္ပါယ်ရသည့် ဝေါဟာရနှင့် “ဗုဒ္ဓဘာသာဝင်” (Buddhist) ဟု အဓိပ္ပါယ်ရသော စကားလုံးတို့ပေါင်းစည်းကာ ဘုန်းကြီးတစ်ပါး၏ရုပ်ပုံနှင့်တကွ ထည့်သွင်းဖော်ပြလိုက် ခြင်းကြောင့်ပင်ဖြစ်သည်။ မျက်နှာဖုံးခေါင်းစဉ်တွင် သင်္ဃန်းခြုံထားသည့် ဗုဒ္ဓဘာသာဝင် ဦးဝီရသူအား ရည်ညွန်းထားခြင်းဖြစ်ပြီး “ဗုဒ္ဓဘာသာ” ဟု အဓိပ္ပါယ်ရသော Buddhism အား ရည်ရွယ်ခြင်းမဟုတ်ကြောင်း ဝါဒ နှင့် ဝါဒီ ကွဲကွဲ ပြားပြား သိနားလည်သူတိုင်း သိပေလိမ့်မည်။ လူမိုက်နှင့် သင်္ဃန်း၊ ဓမ္မနှင့် မိစ္ဆာ မအပ်စပ်သကဲ့သို့ ဗုဒ္ဓဘာသာအပါအဝင် မည်သည့်ဘာသာတရားကမျှ ကြောက်မက်ဖွယ်ရာများနှင့် ဒွန်တွဲမနေပေ။ မျက်နှာဖုံးခေါင်းစဉ်အား မိမိကိုယ်မိမိ ဗမာဘင်လာဒင်ဟု ဂုဏ်တော်ခံယူထားသည့် ဦးဝီရသူ တစ်ဦးတည်ကိုသာရည်ညွန်းထားသော်လည်း အတွင်းပိုင်းပါ “ဗုဒ္ဓဘာသာဝင်ဆိုးသွမ်းသောအခါ” သတင်းဆောင်းပါးတွင်မူ သိရီလင်္ကာ၊ မြန်မာနှင့် ထိုင်းနိုင်ငံရှိ အချို့သော ဗုဒ္ဓဘာသာဝင်များမှာ အမျိုးဘာသာအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည်ဟု အကြောင်းပြကာ စစ်မှန်သော ဗုဒ္ဓမြတ်စွာဘုရား၏ လမ်းစဉ်မှ သွေဖည်လာကြကြောင်းရေးသားထားပါသည်။ ဗုဒ္ဓဘာသာဝင် အစွန်းရောက်များသည် ဘာသာမတူသူများအား ဖိနှိပ်မှုများပြုလုပ်ကြောင်း၊ အကြမ်းဖက်သည့် နည်းလမ်းများ သုံးစွဲလာကြောင်း အထောက်အထားများနှင့်တကွ မီးမောင်းထိုးပြထားပါသည်။ ဗုဒ္ဓဘာသာသည်လည်း ဟိန္ဒူအမျိုးသားရေးဝါဒီများ၊ မွတ်စလင်မ်စစ်သွေးကြွများ၊ ရှေးရိုးစွဲ ခရစ်ယာန်များနှင့် အစွန်းရောက် ဂျူးများကဲ့သို့ စစ်မှန်သည့်ဘာသာရေးသွန်သင်မှုမှ လမ်းချော်ထွက်လာပြီဖြစ်ကြောင်း ဖော်ပြထားသည့်အချက်မှာ ပြင်းထန်လှသည့် အရေးအသားပင်ဖြစ်သည်။ လူတစ်စုကြောင့် ဘာသာတရားတစ်ခုလုံး အမည်းစက်များစွန်းထင်းရသည့် အခြေအနေသို့ရောက်လာကြောင်း အချက်ပြ သတိပေးလိုက်ခြင်းဖြစ်သည်။ ထိုဆောင်းပါးကြောင့် ဝီရသူအကြမ်ဖက်ဝါဒအား ဗုဒ္ဓဝါဒ ယောင်ယောင် ထင်မှားနေကြသော မြန်မာလူထုကြီးမှ နိုးထလာကြသည်။ မှန်သည်၊မှားသည်ဟု လူအများဝေဖန်သုံးသပ်လာကြသည်။ အပြစ်မြင်သူများရှိသကဲ့သို့ သံဝေဂရသူများလည်းရှိသည်။ တိုင်းမ် မဂ္ဂဇင်းအတွက် ၎င်းတို့၏ ရေးသားဖော်ပြချက်အား စာဖက်သူများ လက်ခံခြင်း လက်မခံခြင်းမှာ အဓိကမကျ။ အမှန်အတိုင်းဖော်ပြနိုင်ခြင်းသာ အဓိကကျသည်ဟု ခံယူထားသည်။ ဖုံးကွယ်နေသည့် အမှန်တရားများအား ရဲရဲဝံ့ဝံ့ဖော်ပြမှုများကြောင့် ကမ္ဘာက အသိအမှတ်ပြုထားသော အဆင့်မြင့် မဂ္ဂဇင်းဖြစ်သည်။ တိုင်းမ် မဂ္ဂဇင်း၏ အရေးအသားမှာ အသစ်အဆန်းမဟုတ်။ ကမ္ဘာတဝန်းရှိ သတင်းစာပေါင်းမြောက်များစွာမှာ အချို့သော ရခိုင်အမျိုးသားရေး အစွန်းရောက်များနှင့် ၉၆၉ ဝိုင်းတော်သားများအား ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၊ အစွန်းရောက်များ၊ မျက်ကမ်းမျိုးချစ်များ၊ လူမိုက်များ၊ ခေတ်နောက်ပြန်ဆွဲလိုသူများ၊ အာဏာရှင်လက်ကိုင်တုတ်များ ဟု နာမည်ဆိုးပေါင်းများစွာဖြင့်တင်စားပြောဆိုနေသည်မှာ တစ်နှစ်ကျော်ရှိလာပြီဖြစ်သည်။ မြန်မာပြည်သူအများစုမှ ဦးဝီရသူ နောက် ဝှေ့မျှောနေရာ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာကျမှန်းမသိ ကျနေသည်ကို သတိမပြုမိကြ။ နှစ်ပေါင်း ၂၅၀၀ ကျော် တည်တံ့ခိုင်မြဲနေသော ဗုဒ္ဓဘာသာ၏ငြိမ်းချမ်းရေးတရားတော်အား တစ်နှစ်ကျော် ကာလအတွင်း အမှောင်ချမိမှန်း မသိ မှေးမှိန်အောင် လုပ်လိုက်မိကြသည်။ ထွန်းတောက်နေသည့် ဘာသာတရားအား လူမျိုးရေးမှိုင်းဖြင့် ဖုံးအုပ်မိလေပြီ။ သန်းခြောက်ဆယ်ကျော်သည့် လူမျိုး ကမ္ဘာ့မြေတွေပျောက်သွားမည့်အရေး တွေးပူကာ ၎င်းတို့ထက် အဆပေါင်းများစွာသေးငယ်သည့် လူတစ်စုအား သတ်ဖြတ်လိုသည်။ သုတ်သင်ရှင်းလင်းလိုသည်။ ခေါင်းမထောင်နိုင်လောက်အောင် နင်းဖိထားလိုသည်။ မွတ်စလင်မ်များအား အနိုင်ကျင့် ဖိနှိပ်နေသည်ကို ကမ္ဘာ့နိုင်ငံကြီးများမှ ဥပက္ခာပြုထားကြလိမ့်မည်ဟု ထင်မှတ်ထားကြဟန်တူသည်။ ကြောက်မက်ဖွယ်ရာကောင်းသော ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည့် ဦးဝီရသူ၏ ဟောပြောချက်များမှာ ဘာသာရေးစော်ကားမှုများပြုလုပ်နေသည်ကို သိသိလျက်နှင့် လစ်လျူရှုနေခဲ့ကြသည်။ ဦးဝီရသူ၏ ဟောပြောချက်များမှာ ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် ကိုက်ညီမှုမရှိကြောင်း ဗုဒ္ဓဘာသာဝင်များ အသိဆုံးဖြစ်ပေလိမ့်မည်။ သို့သော် လူတကားပါးစပ်ဖျားတွေ ရေပန်းစားနေသော ဦးဝီရသူအား ဖူးတွေ့ချင်ကြသည်။ ဝတ္ထုဆန်ဆန် ဇာတ်လမ်းအသွင်ဆောင်သည့် တရားပွဲအား ဇာတ်သဘင်ပွဲသကဲ့သို့ အလုအယှက်သွားရောက်နားထောင်ကြသည်။ တရားအား မကြိုက်သော်လည်း တွေ့ဖူးချင်၍သွားရောက်အားပေးကြသူများ၊ သင်္ဃန်းအား ရိုသေ၍ ဦးချသူများမှာ ရင်ထဲမှ မပါသော်လည်း အပြင်ပိုင်းကကြည့်လျှင် အမုန်းတရားဟောသည့် ဘုန်းကြီးအား အကြိတ်အနယ် သောင်းသောင်းဖျဖျ ထောက်ခံအားပေးနေသည့် အသွင်ဆောင်သည်။ ဘာသာရေးအကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူ ရာပေါင်းများစွာ သေကြေခဲ့ရသည်။ ထောင်ပေါင်းများစွာသော အိုးအိမ်များ ပျက်ဆီးခဲ့ရသည်။ သောင်းပေါင်းများစွာသော ဒုက္ခသည်များ အနာဂတ်မဲ့နေရသည်။ ဤကဲ့သို့သော မြန်မာ့သမိုင်းရာဇဝင်ရိုင်းရသည့် အချိန်ကာလအား ဖြတ်သန်းနေသောအချိန်တွင် ဘာသာအသီးသီးမှ ခေါင်းဆောင်များမှာ ဘာသာမတူသူများအချင်းချင်း အပြန်အလှန်နားလည်ကြစေရန် လက်တွဲကြိုးပမ်းလုပ်ဆောင်နေကြသော်လည်း ဦးဝီရသူမှာ လူမျိုးရေး၊ ဘာသာရေး စည်းခြားနေဆဲဖြစ်သည်။ သွေးများဆူပွက်လာအောင် ဒေါသမီးမြိုက်နေလေသည်။ ဗုဒ္ဓဘာဘာသာစက်ကွင်းအတွင်းမှ လှုပ်ရှားနေသူအား ဗုဒ္ဓဘာသာနှင့် ဒွန်တွဲရေးသားသုံးသပ်သောအခါ ဗုဒ္ဓဘာသာဝင်များ မကျေနပ်ကြ။ ဦးဝီရသူအား ပြောသောကြောင့်မဟုတ်။ မကျေနပ်ကြသူအများစုမှာ ဗုဒ္ဓဘာသာဝင်ဟု ပြောခြင်းကြောင့်ပင်။ သို့သော် ဝီရသူ၏ လုပ်ရပ်အား ခုခံအကာအကွယ်ပေးသလို ဖြစ်နေပြန်သည်။ ဦးဝီရသူအား အထိမခံကြောင်း ပြသရာကျပေသည်။ ဦးဝီရသူသည် “ငြိမ်းချမ်းရေးခေါင်းဆောင်”၊ “ဗုဒ္ဓဘာသာ၏ မှန်ကန်သော ရှေ့ဆောင်လမ်းပြ”၊ “ဝိနည်းနှင့်အညီ ကျင့်ကြံနေသည့် သံဃာတော်” ဖြစ်သည်ဟု ကြွေးကြော်နေကြသည်မှာ အမုန်းတရားများဟောပြောနေသည်ကို စစ်မှန်သည့် ဗုဒ္ဓဘာသာ၏ တရားတော်များအဖြစ် လက်ကိုင်ဆွဲထားကြောင်း ကမ္ဘာသိအောင် ကြေညာလိုက်ခြင်းပင် ဖြစ်လေသည်။ ဦးဝီရသူသည် စစ်မှန်သည့် ဗုဒ္ဓဘာသာအား ကိုယ်စားမပြုကြောင်းတုန့်ပြန်မှုမှ ရေးရေးလေးသာထွက်ပေါ်လာသည်။ ဤကိစ္စသည် တစ်ဦးတစ်ယောက်ကြောင့် ဘာသာရေးတစ်ခုလုံး ဂုဏ်သိက္ခာညိုးနွမ်းရခြင်းမဟုတ်။ ၎င်း၏ဟောပြောချက်များအား သိလျက်နှင့်ဖြစ်စေ၊ နားယောင်မိသောကြောင့်ဖြစ်စေ အားပေးအားမြှောက်သူများတွင်လည်း တာဝန်ရှိပေသည်။ သံဃာကျင့်ဝတ်နှင့် မကိုက်ညီသောလုပ်ရပ်အား ပြုလုပ်နေသူအား သင်္ဃန်းခြုံခွင့်ပေးထားသော ဗုဒ္ဓဘာသာဝင်များတွင်လည်း တာဝန်ရှိပေသည်။ လူ့အခွင့်အရေး အပြည့်အဝရရှိရေးဟု ကြွေးကျော် တိုက်ပွဲဝင်နေကြသော်လည်း မွတ်စလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်နေမှုများအား နှုတ်ဆိတ်နေသည့် နိုင်ငံရေးသမား အတိုက်အခံများတွင်လည်း တာဝန်မကင်းလှပေ။ အကြမ်းဖက်မှုများအား ပိုမိုကြီးထွားစေရန် လှုံ့ဆော်နေမှုများအား အရေးယူခြင်းမပြုသော ဦးသိန်းစိန်အစိုးရတွင်လည်းတာဝန်ရှိသည်။ ဒု-ဝန်ကြီး ဦးရဲထွဋ်၏ ဧရာဝတီ သတင်းဌာနနှင့် အင်တာဗျူးတွင် ဦးဝီရသူ၏ ၉၆၉ အကြမ်းဖက်မှုလမ်းစဉ်အား အစိုးရအနေဖြင့် ထောက်ခံခြင်းမရှိသလို တားမြစ်ပိတ်ပင်ခြင်းလည်း မရှိကြောင်း ဝေ့လည်လည်ဖြင့် ဖြေကြားခဲ့သော်လည်း တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက်ခြင်း၊ ပိတ်ပင်ခြင်းသည် ဦးဝီရသူ ဘက်မှ ရပ်တည်သည့် သဘောဆောင်နေသည်။ ငြိမ်းချမ်းမှုအား ပျက်ပြားစေသည့်လုပ်ရပ်အား အရေးယူမည်ဖြစ်ကြောင်း သဘောထားရှိသော်လည်း အကြမ်းဖက်သမားများမှ လွတ်လပ်စွာ သွားလာလှုပ်ရှားနေချိန်တွင် ဓါးစာခံ မွတ်စလင်မ်များအား ဖမ်းဆီးထောင်ချခဲ့သည်။ အစိုးရသည်လည်း ကြေညာချက်များ၊ သဘောထား ထုတ်ပြန်မှုများနှင့် လက်တွေ့တွင် ကိုက်ညီမှုမရှိသောကြောင့် နေစဉ်နှင့် အမျှ မြန်မာပြည်သူများ ကြောက်လန့်နေကြရသည်။ ဒုက္ခသည်များ ငတ်မွတ်နေကြပြီ။ သာသနာကြီးများလည်း ညိုးမှိန်နေရချိန်တွင် ဦးဝီရသူမှာလည်း သင်္ဃန်းခြုံ၍ မွတ်စလင်မ်များအား ချေမှုန်းရန် တိုက်တွန်းနိုးဆော်နေဆဲပင်။ ယနေ့ထက်တိုင် ဘာသာရေးအရေခြုံ၍ စော်ကားနေကြဆဲ။ အမုန်းမီးသည်လည်း ကြွမ်းလောင်နေဆဲ ဖြစ်သည်။ ကမ္ဘာကလည်း လက်ညိုးပေါင်းများစွာ ဝိုင်းထိုးနေကြသည်။ လေပြင်းများတိုက်နေသလို နေမင်းလည်း လင်းလင်းတောက်နေသည်။ မည်သူ က “လေ”၊ မည်သူက “နေ” ဆိုသည်ကိုလည်း လွန်ဆွဲကာ လူသတ်ပွဲကြီး ပြန်စလေဦးမလားဟု စိုးရိမ်စရာ တိုးလာပြန်သည်။ ဆောင်းပါးရှင် O’Laie Manzu မှ M-Media သို့ အီးမေးလ်ဖြင့် ပေးပို့လာသော ဆောင်းပါးဖြစ်ပါသည်။ * ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်သည်။
Posted on: Sat, 29 Jun 2013 06:23:35 +0000

Trending Topics



Recently Viewed Topics




© 2015