News @ M-Media ရိုက်တာ အထူး - TopicsExpress



          

News @ M-Media ရိုက်တာ အထူး အစီရင်ခံချက် – မွတ်စလင် ဆန့်ကျင်ရေး ဘုန်းကြီးများကို အစိုးရမှ တရားဝင် အမွှန်းတင် Posted by M-Media မူရင်းဆောင်းပါးရှင် – အန်ဒရူး အရ်၊စီ မာရှယ် ကိုယ်ရေးအကျဉ်း (blogs.reuters/andrew-rc-marshall) ဖြည့်စွက်သတင်းပေးပို့မှု – မင်းဇေယျာဦး၊ တည်းဖြတ် – ဘီလ် တာရန့် နှင့် မိုက်ကယ် ၀ီလျံ ရိုက်တာ Special Report ( reuters/article/2013/06/27/us-myanmar-969-specialreport-idUSBRE95Q04720130627) ဘာသာပြန် – သာကီထက်ကောင်း တည်းဖြတ် – အမ်-မီဒီယာ Buddhist monk Wirathu (C), leader of the 969 movement, greets other monks as he attends a meeting on the National Protection Law at a monastery outside Yangon June 27, 2013. Credit: REUTERS/Soe Zeya Tun ရန်ကုန်၊ ရိုက်တာ။ ။ ၉၆၉ ဟုကျော်ကြားသော မြန်မာဗုဒ္ဓအစွန်းရောက်လှုပ်ရှားမှုမှာ အခြေခံလူတန်းစားတစ်ရပ်လုံးအတွက်ယုံကြည်ချက် အဖြစ် မိမိဖာသာ ရုပ်လုံးဖော်လျက်ရှိ၏။ ၄င်း၏အမာခံခေါင်းဆောင်ကြီး ဦးဝီရသူသည် မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှု အတွက် စစ်အစိုးရဟောင်းမှ ထောင်သွင်း အကျဉ်းချခြင်း ခံခဲ့ရသူ ဖြစ်သလို ယင်းဘုန်းတော်ကြီးက မိမိကိုယ်ကို “ဗမာဘင်လာဒင်” ဟု ခေါ်ဝေါ်ခဲ့ဖူးသည်။ ၉၆၉ ၏ မူလမြစ်ဖျားခံရာကို ရိုက်တာသတင်းထောက်များမှ ခြေရာခံကြည့်သောအခါ တစ်ခါက မြန်မာပြည်၏အာဏာရှင်စနစ်၏ အရာရှိတစ်ဦးမှ စတင်ခဲ့ကြောင်း တွေ့ရသည်။ ယနေ့ ပြုပြင်ပြောင်းလဲရေးအစိုးရသည်လည်း ယင်းအာဏာရှင်စနစ် မျိုးဆက်ဟောင်းမှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ ယခုတွင်မူ ၉၆၉ လှုပ်ရှားမှုတွင် အထက်တန်းအစိုးရအရာရှိများ၊ သြဇာရှိဘုန်းတော်ကြီးများသာမက နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံနိုင်ငံရေးပါတီ NLD မှ အဖွဲ့ဝင်တစ်ချို့ပင်လျှင် ထောက်ခံပါဝင်နေကြပေသည်။ ဦးဝီရသူမှ မွတ်စ်လင်မ်တို့၏ဆိုင်များကို သပိတ်မှောက်ရန်အပြင် ဘာသာခြားတို့နှင့်ထိမ်းမြားမှုပိတ်ပင်ဖို့ကိုပါ ဗုဒ္ဓဘာသာဝင်တို့အား နှိုးဆော်လျက်ရှိသည်။ သူသည် ဗလ်ီများကို “ရန်သူ့စစ်စခန်းများ”ဟု ခေါ်ဝေါ် သမုတ် နေပေသည်။ သူ့အားကြည်ညိုသူများအနက် သာသနာရေးဝန်ကြီးဌာနလည်း အပါအ၀င် ဖြစ်သည်။ “ ဦးဝီရသူရဲ့ဟောကြားချက်များဟာ မေတ္တာတရားကို ဖော်ကျူးခြင်း နဲ့ ဘာသာတရားများအကြားနားလည်မှုထားရှိရေး အကြောင်းတွေသာဖြစ်တယ်။ ဘာသာရေးအကြမ်းဖက်မှုဖြစ်လာအောင် သူကလှုံ့ဆော်နေတယ်ဆိုတာ မဖြစ်နိုင် ပါဘူး ” ဟု သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က နိုင်ငံတကာမီဒီယာများနှင့် ပထမဆုံး အင်တာဗျူးလုပ်စဉ် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။ မြန်မာစစ်တပ်၌ ဒုတိယဗိုလ်ချုပ်ကြီးဖြစ်ခဲ့သော ဦးဆန်းဆင့်သည် ၉၆၉ သံဃာများမှဦးဆောင်၍ မွတ်စ်လင်မ်တို့၏ စီးပွားရေးလုပ်ငန်းများအား သပိတ်မှောက်နေခြင်းကို မှားယွင်းချွတ်ချော်မှုဟု မမြင်သည့်အလား “ ကျွန်တော်တို့ဟာ ဈေးကွက် စီးပွားရေးစံနစ်ကို ကျင့်သုံးနေပါတယ်။ ဘယ်သူမှ ဒါကို တားလို့မရပါဘူး။ ဒီစံနစ်က ၀ယ်ယူသူများအပေါ်မှာပဲ မူတည်ပါတယ် ” ဟု ဆိုသည်။ သမ္မတဦးသိန်းစိန်သည်လည်း ၉၆၉ အပေါ် ပျော့ပြောင်းသည့်သဘောထားကို ပြသလာနေသည်။ သမ္မတရုံးကမူ ထိုကိစ္စနှင့်ပတ်သတ်၍ တစ်စုံတစ်ရာမှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆိုခဲ့ပါသည်။ ထိုလှုပ်ရှားမှုနှင့်ပတ်သက်သောအငြင်းပွားဖွယ်များ ကြီးထွားလာသောအခါ တုန့်ပြန်ချေပသောအားဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က “ ၉၆၉ သည် ငြိမ်းချမ်းရေးသင်္ကေတ ” ဖြစ်ကြောင်း၊ ဦးဝီရသူသည် ဗုဒ္ဓ၏သားတော်ဖြစ်ကြောင်း ဖော်ပြပါရှိသည့် ကြေညာချက်ကို သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည်။ ဦးဝီရသူနှင့် အခြားသော ဘုန်းကြီးများမှာ မြန်မာနိုင်ငံအနှံ့အပြားတွင် ဖြစ်ပျက်ခဲ့သည့် လူမျိုးရေးအဓိကရုဏ်းများနှင့် နီးနီးကပ်ကပ်စပ်ဆက်နေပေသည်။ ရာစုနှစ်တစ်ဝက်နီးပါး အုပ်ချုပ်ခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးအောက်၌ မွတ်စ်လင်မ်ဆန့်ကျင်ရေးမှာ တအုံနွေးနွေးဖြစ်နေခဲ့သည်။ သို့သော် ၂၀၁၁ ခုနှစ်၊ မတ်လတွင် စစ်တပ်တစ်ပိုင်းလူထုတစ်ပိုင်း အစိုးရမှအာဏာရလာပြီးမှ အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ပွားလာသည်။ ယမန်နှစ်က ရခိုင်ပြည်နယ်၌ နှစ်ကြိမ်တိုင် ဖြစ်ပွားခဲ့သောအဓိကရုဏ်းတွင် အနည်းဆုံး လူ ၁၉၂ ဦးသေဆုံးခဲ့ပြီး၊ တစ်သိန်းလေးသောင်းအထိ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုသူတို့ထဲမှအများစုမှာ ဌာနီမဲ့ ရိုဟင်ဂျာမွတ်စ်လင်မ်များ ဖြစ်ကြသည်။ ရိုက်တာ၏ စုံစမ်းမှု တစ်ခုကဆိုသည်မှာ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း မွတ်စ်လင်မ်တို့အား စံနစ်တကျပြင်ဆင် တိုက်ခိုက်ရာ၌ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများမှလှုံ့ဆော်ပေးခဲ့သော ရခိုင်အမျိုးသားရေးဝါဒီတို့က ဦးဆောင်ခဲ့ကြသည်။ ရံဖန်ရံခါ ဒေသတွင်းရှိလုံခြုံရေးတပ်ဖွဲ့ ၀င်များကလည်း ပါဝင်ကူညီပေးခဲ့ကြသည်ဟု ဆို၏။ ယခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့အကြမ်းဖက်မှု၌ လူ ၄၄ ဦးထက်မနည်း သေကြေကာ တစ်သောင်းသုံးထောင် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်။ ယခုတစ်ကြိမ်တွင်လည်း ဒုက္ခသည်အများစုမှာ မွတ်စ်လင်မ်များ ဖြစ်နေပြန်သည်။ ရိုက်တာ၏ ဧပြီလမှတ်တမ်း တင် ချက်တွင် သွေးဆူနေသော ဗုဒ္ဓဘာသာဝင်လူရမ်းကားတို့ကို သံဃာများဦးဆောင်လိုက်သည့်နောက်မှာမှ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ မေလတွင်လည်း မြန်မာနိုင်ငံ မြောက်ပိုင်း လားရှိုး မြို့၌ ဗုဒ္ဓဘာသာလူရမ်းကားတို့သည် မွတ်စ်လင်မ်ရပ်ကွက်များကို မီးရှို့ဖျက်ဆီး အကြမ်းဖက်ခဲ့ပြန်သည်။ သို့ဖြင့် တိုင်းပြည်တစ်ခုလုံး မငြိမ်သက်မှုသတင်းများ ကျယ်ပြန့်လာတော့သည်။ ၉၆၉ နံပါတ်သည် ဗုဒ္ဓ၊ ဓမ္မ၊ သံဃာ့ဂုဏ်တော်များကို ရည်ညွှန်းထားခြင်းဖြစ်၍ ပင်ကိုသဘာဝအားဖြင့် အန္တရာယ်ဖြစ်စေသောအရာ မဟုတ်။ သို့ရာတွင် ၉၆၉ ဘုန်းကြီးတို့သည် သွေးချောင်းစီးမွတ်စ်လင်မ်ဆန့်ကျင်ရေးလှိုင်းတံပိုး အတွက် စိတ်ဓာတ်မှိုင်းတိုက်လျက်သာရှိနေသောကြောင့် မြန်မာနိုင်ငံ၏ အရှိန်တက်စ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်အား နှင်ထုတ်တွန်းဖယ်ရာရောက်သွားစေသည်။ နာမည်ကျော် ၉၆၉ ဘုန်းကြီးနောက်တစ်ဦးဖြစ်သော ဦးဝိမလဘိဝံသ ကလည်း မွတ်စ်လင်မ်တို့အား လှောင်အိမ်ထဲမှသားကောင်တို့ကို သုတ်ချီရန် ၀င်ရောက်လာသော ကျားအဖြစ် ခိုင်းနှိုင်းနေလေ့ရှိသည်။ “ စည်းကမ်းချက်မပြဋ္ဌာန်းယင် လူမျိုးနဲ့ဘာသာ ကွယ်ပျောက်သွားမယ်။ နိုင်ငံကိုပင်လျှင် ဆုံးရှုံးသွားနိုင်တယ် ” ဟု မကြာသေးမီက တရားပွဲတစ်ခုတွင် သူက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘာသာ ဟူ၍ တရားဝင် မရှိ။ သို့သော် အစဉ်အဆက်အုပ်ချုပ်သူများက ဗုဒ္ဓဘာသာအား ထိပ်တန်းတင်ဦးစားပေးကြသည်။ မွတ်စ်လင်မ်တို့သည် နိုင်ငံ့လူဦးရေ၏ ၄ ရာခိုင်နှုန်း(ခန့်မှန်း)သာရှိပြီး နိုင်ငံသား သန်း ၆၀ ၌ ဗုဒ္ဓဘာသာဝင်မှာ ၉၀ ရာခိုင်နှုန်း အထိ ရှိနေသည်။ သို့ပင်သို့ငြား စစ်အုပ်ချုပ်ရေးကာလအတွင်း သာသနာရေး ၀န်ကြီးဌာနအတွင်း၌ ဗုဒ္ဓဘာသာအတွက် အထူးသီးသန့်ဌာနတစ်ခုကိုလည်း ထပ်မံတိုးချဲ့ခဲ့သည်။ Wimala Biwuntha shows a 969 logo during the introduction speech ceremony in a monastery in Yangon Credit: REUTERS/Soe Zeya Tun အသုံးချ ဓားစာခံများ မြန်မာ့နိုင်ငံရေးတွင် ဘုန်းတော်ကြီးတို့သည် အခန်းကဏ္ဍများစွာတွင် ဆက်စပ်ပါဝင်နေသည်။ ၂၀၀၇ ခုနှစ်က စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်ပြီး ဒီမိုကရေစီကိုထောက်ခံသော ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ လက်ရှိသမ္မတဦးသိန်းစိန်နှင့်သူ့အစိုးရအဖွဲ့ဝင် ထိပ်တန်းအရာရှိများအပါအ၀င် စစ်ဗိုလ်ချုပ်များက သူတို့အား နှိပ်ကွပ်ခဲ့ကြသည်။ ယခု ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးမျှော်မှန်းလုပ်ငန်းစဉ်လမ်းညွှန်ချက်၌ လွတ်လပ်စွာပြောဆိုခွင့်နှင့် စုရုံးခွင့် ပေးထားလေရာ ပြည်တွင်းရှိ ၅ သိန်းဝန်းကျင် သံဃာတော်များမှာ (လက်လွတ်စပယ်ပြောဆိုဖို့) လွတ်လပ်ရေးရကြတော့သည်။ ဆန္ဒရှိသလို နေရာတိုင်းသို့ ဗုဒ္ဓတရားတော်သာမက ၉၆၉ လမ်းစဉ်သင်ကြားရေးအတွက် သွားလာနိုင်ကြတော့သည်။ သံဃာတော်တို့သည် မြန်မာနိုင်ငံ၏ ဖူးငုံပွင့်စ ဒီမိုကရေစီစံနစ်၌ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲအတွက် ခါတော်မှီနိုင်ငံရေးအင်အားစုအဖြစ် ပေါ်ထွက်လာသည်။ ၄င်းတို့၏ အသစ်သော လွှမ်းမိုးနိုင်မှုအင်အားမှာ လျှို့ဝှက်ကြံစည်ထားသည့် သီဝရီတစ်ခုအား ပေါ်ထွက်လာစေ၏။ ယင်းသီဝရီမှာ ယခင် စစ်အုပ်စုတွင်းရှိ အမျက်သိုအမာခံတို့က ၉၆၉ လှုပ်ရှားမှုအား ကိုင်တွယ်ထိန်းချုပ်ထားပြီး ပြန်လည်ပြုပြင်တည်ဆောက်ခြင်းကို လမ်းချော်စေရန် ရ့ည်စူးပြီး တည်ငြိမ်ငြိမ်းချမ်းရေး ပျက်ပြားစေဖို့ လုပ်ဆောင်ကြရုံသာမက ဒေါ်စုကြည်၏ NLD ပါတီအား ရွေးကောက်ပွဲ၌ အနိုင်မရစေဖို့လည်း တားဆီးနေကြသည်ဟူ၏။ ဤအတွေးကို ခိုင်မာစေဖို့ရန် အထောက်အထား မရှိသော်လည်း အစိုးရအာဏာပိုင်အချို့ကမူ ယင်းအချက်ဖြစ်နိုင်ဖွယ်ရှိနေကြောင်း ပြောနေကြပေသည်။ “ တစ်ချို့သူတွေက ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ဖို့ စိတ်အားထက်သန်ကြတယ်။ ပြုပြင်ရေးကို မလိုချင်သူ အချို့လည်း ရှိနေကြတယ်။ ဒါကြောင့် အကြမ်းဖက်ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုကိုမလိုလားသူအချို့ပါဝင်ပတ်သက်နိုင်ပါတယ် ” ဟု သမ္မတဦးသိန်းစိန်၏အနီးကပ်အကြံပေးနှစ်ဦးအနက် တစ်ဦးဖြစ်သူ ဦးစိုးသိန်းမှ ရိုက်တာသတင်းဌာနသို့ ပြောပြခဲ့သည်။ ၉၆၉ ကို သြဇာကြီးမားသော အမာခံအုပ်စုဝင်များမှ ကိုင်တွယ်ထိန်းချုပ်ထားခြင်း မဟုတ်လျှင်ပင် – ရာထူးရာခံကြီးမားသူများနှင့်အောက်ခြေအလွှာများထဲမှ ကျယ်ပြန့်သော ထောက်ခံ ကျားကန်မှု ရှိနေသည်မှာ အမှန်ဖြစ်၏။ ထိုအလွှာထဲတွင်မူ ၉၆၉ လှုပ်ရှားမှုမှာ သစ္စာခံပမာ စွဲမြဲနေပြီး ကြီးထွားလာလျက်ရှိသည်။ အာဏာပိုင်များမှ မျက်နှာလွှဲခဲပစ်ထောက်ခံမှုပေးထားကြောင်း ၉၆၉ ဘုန်းတော်ကြီး ဦးဝိမလ၏ အောက်ပါစကားအရ သိရှိနိုင်သည်။ “ အမျိုးဘာသာသာသနာကို ကာကွယ်ဖို့ ဟောပြောခွင့်ကိုပေးထား ကတည်းက ဘုန်းကြီးတို့ကို ထောက်ခံနေတယ်လို့တွေးမိတယ် ”။ ရန်ကုန်ကိုယ်စားပြု မြန်မာမွတ်စလင်အဖွဲ့အစည်း ကလည်း ထိုအတိုင်း သဘောမျှလျက်ရှိသည်။ မွတ်စလင်ကျောင်း ဆရာတစ်ဦးဖြစ်သူ ဦးမျိုးဝင်းမှ “ မွတ်စ်လင်မ်ဆန့်ကျင်ရေးလုပ်ရပ်တွေက ကြီးထွားလာနေတယ်။ အစိုးရဖက်ကလည်း တားမြစ်ခြင်း မရှိဘူး ” ဟု ဆိုပြီး ၉၆၉ ကို Ku Klux Klan (အမေရိကန်နိုင်ငံရှိ လက်ယာစွန်းရောက် လျှို့ဝှက်အကြမ်းဖက်လှုပ်ရှားရေးဂိုဏ်း) နှင့်ခိုင်းနှိုင်းပြခဲ့၏။ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်က ၄င်းလှုပ်ရှားမှုမှာ နိုင်ငံတော်မှ တရားဝင်ထောက်ပံ့ပေးထားခြင်းမရှိ ဟု ဆိုသော်လည်း “သူတို့ဟောပြောနေတာက ပြဿနာတွေကို ဖန်တီးနေတာမဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ” ဟူ၍ ဦးဝီရသူ နှင့် ယုံကြည်ချက်တူသူ အပေါင်းအပါဘုန်းကြီးများကို ကာကွယ်ပေးခဲ့သည်။ ဒေသခံအာဏာပိုင်များကမူ ထိုလှုပ်ရှားမှုအား ရပ်တည်ကူညီပေးလျက်ရှိနေသည်။ ၉၆၉ ရုပ်ပုံမှာ ယခုတွင် မြန်မာပြည်၌ သတိထားမိဖို့ အလွယ်ဆုံးတံဆိပ်တစ်ခု ဖြစ်လို့နေပေပြီ။ ၄င်း ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာဝင်ရှေးဟောင်းဧကရာဇ်တစ်ပါးဖြစ်သည့် အာသောကမင်းကြီးကို ကိုယ်စားပြုထားသော ခြင်္သေ့လေးကောင်ပုံပါဝင်ကာ မြန်မာဂဏန်းသင်္ချာပုံစံဖြင့် ၉၆၉ ကို ရေးသားထားကာ ၂၄ ပစ္စည်းစက်ဝိုင်းဖြင့် ၀ိုင်းရံထားသည်။ ထိုအမှတ်တံဆိပ်ပါ စတစ်ကာများကိုလည်း တရားပွဲများတွင် အခမဲ့ဝေငှလျက်ရှိသည်။ ၄င်းကို ဆိုင်များ၊ အိမ်များ၊ အငှားယာဉ်များ နှင့် မြန်မာတို့အထွဋ်အမြတ်အထားဆုံး ရွှေတိဂုံစေတီ၏ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ၌ ကပ်ထားကြသည်။ မတည်ငြိမ်မှုဖြစ်ပွားခဲ့သမျှနေရာဒေသများတွင်လည်း ၄င်းတံဆိပ်ကို မမြင်ချင်အဆုံး ဖြစ်နေသည်။ အပိုင်း ၂ ဖတ်ရန်။ ။
Posted on: Mon, 01 Jul 2013 17:57:14 +0000

Recently Viewed Topics




© 2015