The Truman Show ပြန် Share ပါတယ် - TopicsExpress



          

The Truman Show ပြန် Share ပါတယ် :) ရုပ်/သံထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Christof ဟာ ပုံမှန်ဇာတ်လမ်း၊ ဇာတ်ဆောင်တွေနဲ့ ဖန်တီးပြီး ထုတ်လုပ်နေရတဲ့ ရုပ်/သံအစီအစဉ်တွေ၊ ခံစားမှုအတုနဲ့ သရုပ်ဆောင်တွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ရုပ်ရှင်တွေကို ဖန်တီးနေရတာရိုးအီလာတဲ့အပြင် ပရိသတ်တွေအတွက်လည်း ငြီးငွေ့စရာဖြစ်လာပြီလို့ ထင်မြင်လာတဲ့အခါ The Truman Show ဆိုတဲ့ TV အစီအစဉ်သစ်တစ်ခုကို စတင်ဖန်တီးခဲ့ပါတော့တယ်။ ဒီအစီအစဉ်ဟာ လူသားတစ်ဦးရဲ့ ဘ၀ဖြစ်စဉ်ကို မွေးကတည်းက လျို့ဝှက်ကင်မရာတွေနဲ့ ရိုက်ကူးပြီး Live (တိုက်ရိုက်)ပြသတာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုလုံးဝမရှိတဲ့ လူသားတစ်ဦးရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု စတဲ့ ခံစားချက်အဖုံဖုံနဲ့ နေ့စဉ်ဘ၀ကို ကြည့်ရှုရမယ့် Christof ရဲ့ ထူးခြားတဲ့ The Truman Show အစီအစဉ်ဟာ လူကြိုက်များပြီး အောင်မြင်ခဲ့ပါတယ်။ ဒီအစီအစဉ်အတွက် အဓိကသရုပ်ဆောင်ကတော့ ပထမဆုံး ကော်ပိုရေးရှင်းတစ်ခုကနေ တရားဝင်မွေးစားသူဖြစ်လာခဲ့တဲ့ Truman Burbank ပဲဖြစ်ပါတယ်။ ချစ်စဖွယ်ဇနီးသည်တစ်ဦးရှိပြီး အာမခံကုမ္ပဏီတစ်ခုမှာ လုပ်ကိုင်နေတဲ့ Truman Burbank ကတော့ ထောင်နဲ့ချီတဲ့ လျို့ဝှက်ကင်မရာတွေနဲ့ နေ့စဉ် ရိုက်ကူးခြင်းခံနေရပြီး သူ့အဖြစ်သူ လုံးဝမသိပဲ ဘ၀ကိုဖြတ်သန်းနေရရှာပါတယ်။ ဒါပေမယ့်The Truman Show အစီအစဉ်ကို တင်ဆက်ပြသလာတာ အနှစ် ၃၀ ရှိလာတဲ့ အခါမှာတော့ Truman ဟာ သူနေထိုင်တဲ့ ကမ္ဘာနဲ့ သူ့ရဲ့ အသိမိတ်ဆွေဆိုတာတွေဟာ တမင်ဖန်တီးထားတဲ့ အတုအယောင် ဆက်တင်တွေနဲ့ သရုပ်ဆောင်တွေဖြစ်နေတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရိပ်မိလာပါတယ်။ သူဟာ နေ့စဉ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်ကိုစိတ်ကုန်လာပြီး ကမ္ဘာပတ်ပြီး လေ့လာစူးစမ်းရင်း စွန့်စားခန်းဖွင့်ချင်နေရှာသူတစ်ယောက်ဖြစ်ပါတယ်။ The Truman Show အစီအစဉ်ကိုကြည့်ရှုနေသူ ပရိသတ်တွေကိုယ်တိုင်ကလဲ Truman ကိုတဖြည်းဖြည်းစာနာလာကြရင်း နောက်ဆုံးမှာ သူ့ကို လွတ်မြောက်စေချင်လာကြပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ Truman ဟာ အတုအယောင်ကမ္ဘာထဲကနေလွတ်မြောက်ဖို့အတွက် ရွက်လှေတစ်စင်းနဲ့အတူ ပင်လယ်ထဲမှာ မုန်တိုင်းကြားထဲ အသက်လုရွက်လွှင့်ရတဲ့ အချိန်မှာတော့ သူ အပြင်းအထန် ကြိုးစားလွတ်မြောက်ခဲ့ပေမယ့် ပင်လယ်ကြီးဟာ ဖန်တီးထားတဲ့ အတုအယောင် ဆက်တင်ကြီးဆိုတာ သူသိလိုက်တဲ့အချိန်မှာတော့ စိတ်ထိခိုက်ရပါတော့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အရာအားလုံးကို နားလည်သွားတဲ့ Truman ဟာ သူ့ရဲ့ ပရိသတ်တွေကို နှုတ်ဆက်ရင်း အောင်မြင်စွာ လွတ်မြောက်သွားခဲ့ပါတော့တယ်။ The Truman Show ဇာတ်ကားမှာ Truman Burbank အဖြစ် Jim Carrey, Christof အဖြစ် Ed Harris, Meryl Burbank / Hannah Gill အဖြစ် Laura Linney နဲ့အတူ Lauren/Sylvia အဖြစ် Natascha McElhone တို့ကအဓိကပါဝင်ထားကြပါတယ်။ ဒီဇာတ်ကားမှာ ဟာသမင်းသား Jim Carrey ရဲ့ သရုပ်ဆောင်ချက်တွေကို နှစ်ခြိုက်မိပါတယ်။ Gattaca, S1m0ne, Lord of War နဲ ယခုနောက်ဆုံး In Time ဇာတ်ကားတွေကို ကိုယ်တိုင် ဇာတ်လမ်းရေးသားရိုက်ကူးခဲ့ပြီး The Terminal လို ဇာတ်လမ်းဆန်းဆန်းလေးတွေကို ရေးသားခဲ့တဲ့ Andrew Niccol ရဲ့ ဇာတ်လမ်း/ဇာတ်ညွှန်းကို Dead Poets Society, Master and Commander, The Way Back စတဲ့ Drama ဇာတ်ကားကောင်းတွေကို ရိုက်ကူးခဲ့သူ ဒါရိုက်တာ Peter Weir ကရိုက်ကူးဖန်တီးခဲ့တာဖြစ်ပါတယ်။ The Truman Show ဟာ ၁၉၉၈ ခုနှစ်အတွက် အော်စကာဆုစာရင်းမှာ အမျိုးသားဇာတ်ပို့ဆုအတွက် Ed Harris, ဒါရိုက်တာဆုအတွက် Peter Weir နဲ့ ဇာတ်လမ်း/ဇာတ်ညွှန်းဆုအတွက် Andrew Niccol တို့ ဇကာတင်ဝင်ခဲ့ကြပေမယ့် ဆွတ်ခူးခြင်းတော့မရှိခဲ့ပါဘူး။ ဒါပေမယ့် ရွှေကမ္ဘာလုံးဆု (၃) ဆုအပါအ၀င် အခြားဆုပေါင်း ၂၉ ဆုဆွတ်ခူးရရှိခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားကို Paramount ထုတ်လုပ်ရေးက အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်အကုန်ကျခံထုတ်လုပ်ခဲ့ပြီး ၀င်ငွေစုစုပေါင်း ၁၂၅ သန်းကျော်ပြန်လည်ရရှိခဲ့ပါတယ်။ [LKH]
Posted on: Mon, 18 Nov 2013 07:23:40 +0000

Trending Topics




© 2015