" ကျနော်တို့ - TopicsExpress



          

" ကျနော်တို့ ဆုံးရှုံးလိုက်ရတဲ့ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦး - ဦးနိုင်ရော့စ (မွန် ပြည်သစ် ပါတီ) " - Hla Maung Shwe ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့ ည (၇း၅၀) နာရီက မွန်ပြည်သစ်ပါတီ (NMSP) ဒုဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဦးနိုင်ရော့စ ကွယ်လွန်ခဲ့ပါတယ်။ ကျနော်တို့ လေးစား အတုယူစရာ တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မွန်ပြည်သစ်ပါတီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ကို ဦးဆောင်ပြီး ၀န်ကြီး ဦးအောင်မင်း တို့နဲ့ ဆွေးနွေး၊ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့တဲ့ မွန်ခေါင်းဆောင်ပါ။ ၂၀၁၁၊ သြဂုတ်လ (၁၈) ရက်၊ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုအပြီးမှာ သမ္မတရဲ့ ကိုယ်စားလှယ် ၀န်ကြီးဦးအောင်မင်းအနေနဲ့ ဖိတ်စာလိုက်ဝေတယ်လို့ ပြောလို့ရတဲ့ အလုပ်ကို စလုပ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင် (Chaing Mai)၊ ချင်ရိုင်း (Chaing Rai)၊ ဘန်ကောက် (Bangkok)၊ မဲဆောက် (Mae Sout)၊ စံခလဘူရီ (Sankalaburi) စတဲ့ မြို့တွေကို အကြိမ်ကြိမ်သွားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင် ကိုယ်စားလှယ်တွေကို တွေ့ခဲ့ပါတယ်။ ဒီထဲမှာ မွန်ပြည်သစ်ပါတီလဲ ပါပါတယ်။ မွန်ပြည်သစ်ပါတီအတွက် ပထမအကြိမ်က ၀န်ကြီးနဲ့ ကျွန်တော်တို့အဖွဲ့ဟာ မဲဆောက်မှာ KNU အဖွဲ့နဲ့ တွေ့ဆုံပြီးနောက် ကီလို ၈၀၀ လောက် ကားစီးပြီး Sankalaburi မှာသွားတွေ့ခဲ့ပါတယ်။ နောက်တစ်ဆင့်ကတော့ ကြားကအကျိုးဆောင် မွန်လူကြီးတွေနဲ့ နောင် MPC အလုပ်အဖွဲ့ဖြစ်လာမယ့် ကျွန်တော်တို့တွေ အကြိမ်ကြိမ် ဆက်သွယ်ကြိုးစား ခဲ့ပါတယ်။ ကျနော်နဲ့ နှစ်ပေါင်းများစွာ ခင်မင်ခဲ့တဲ့ မိတ်ဆွေမွန်အမျိုးသားလူကြီးတစ်ဦးဖြစ်တဲ့ ဦးမောင်မောင်က စိတ်အား ထက်သန်စွာ အထူးအကူအညီပေးခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလဆန်းမှာ RCSS/SSA ၊ ၂၀၁၂ ဇန်န၀ါရီမှာ မှာ CNF , KNU တို့နဲ့ လက်မှတ်ထိုးပြီး တဲ့နောက်မှာ မွန်ပြည်သစ်ပါတီ နဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ မွန်ပြည်သစ်ပါတီ ရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရေး ချောင်းဖျားကနေ သံဖြူဇရပ်ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ လာခဲ့ကြပါတယ်။ ၀န်ကြီး ဦးအောင်မင်းနဲ့ ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ၀န်ကြီးများ၊ တပ်မတော်အရာရှိကြီးများ သံဖြူဇရပ်မှာ လာကြိုခဲ့ပါတယ်။ ဆရာနိုင်ရောစက အဖွဲ့ခေါင်းဆောင်ပါ။ အနီရောင် မွန်ရိုးရာဝတ်စုံများနဲ့ ကိုယ်စားလှယ်များကို သံဖြူဇရပ် မွန်ဘုန်ကြီးကျောင်းမှာ ဆုံကြပါတယ်။ မွန်ဆရာတော်ကြီးရဲ့ သြ၀ါဒကို နှစ်ဖက် အဖွဲ့အစည်း များက နာယူကြပါတယ်။ ကျွန်တော့်မိတ်ဆွေ ကိုညိုအုန်းမြင့်လည်း နှစ်ပေါင်း (၂၀)ကျော်အတွင်း မွန်ပြည်နယ်ကို ကိုယ်စားလှယ်အဖွဲ့နဲ့အတူ ပထမဆုံးပါလာခဲ့ပါတယ်။ သံဖြူဇရပ်ကနေ မော်လမြိုင်ကို နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့တွေဟာ ယာဉ်တန်းနဲ့ လာခဲ့ကြပါတယ်။ မော်လမြိုင်ကို ရောက်တဲ့အခါ တည်းခိုမယ့်၊ အစည်းအဝေးကျင်းပမယ့် Strand Hotel ၀န်းကျင်မှာ မော်လမြိုင် မြို့ခံများနဲ့ မွန်အမျိုးသား၊ အမျိုးသမီးများကဆီးကြို နှုတ်ဆက်ကြ၊ ပန်းစည်းတွေ ကမ်းကြပြီး အားလုံးအပြုံးတွေကိုယ်စီနဲ့ စိတ်ချမ်းသာစရာပါ။ ငြိမ်းချမ်းရေး အစကနဦးမှာကို စိတ်ချမ်းမြေ့မှုကို စရပါပြီ။ ဆရာနိုင်ရော့စလဲတည်ငြိမ်တဲ့အပြုံးနဲ့ သူ့ကိုကြိုဆိုနေတဲ့လူထုကို နှုတ်ဆက်ပါတယ်။ တော်တော်တည်တည်ငြိမ်ငြိမ် နေတတ်ပြီး လေသံအေးအေးနဲ့ စကားပြောတတ်တဲ့၊ စိတ်ရှည်သီးခံပြီး ယဉ်ကျေးတဲ့ အမူအရာရှိတဲ့၊ သူ့ကိုယ်သူ နှိမ့်နှိမ့်ချချနဲ့နေတတ်တဲ့ ဆရာနိုင်ရောစကို ကျွန်တော်တို့တင် မဟုတ်ဘဲ ဦးအောင်မင်းနဲ့ အခြားဝန်ကြီးများကပါ အလေးအနက်ထား လေးလေးစားစား ဆက်ဆံပါတယ်။ ကျွန်တော် နားလည်သလောက် မွန်ပြည်သစ်ပါတီအနေနဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလရဲ့ ပထမဆုံး တရားဝင် ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ပေါ်လစီမကျသေးပါဘူး။ စပြီးဆွေးနွေးဖို့ သက်သက်ပါ။ NMSP ဖက်ကကြည့်ရင်လဲ ၁၉၉၅ ခုနှစ် က အပစ်အခတ် ရပ်စဲခဲ့ဖူးတယ်။ နောက် ပြန်ပျက်ခဲ့ပြီး တောထဲပြန်ဝင်ခဲ့ရတယ်။ ဒါကြောင့် သူတို့အနေနဲ့ အကြိမ်ကြိမ် ဆွေးနွေးပြီးမှ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးဖို့ ဆိုတဲ့ မူတစ်ခု ရှိပါလိမ့်မယ်။ ဒါပေမယ့် နှစ်ရက်တာ ဆွေးနွေးပြီးတဲ့နောက်မှာ ဦးနိုင်ရောစက ဗဟိုကိုပြန်လည်ညှိုနှိုင်းပြီး တာဝန်ယူကာ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) မှာ သမိုင်းမှတ်တိုင် ဖြစ်လာမယ့် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ကျွန်တော်ရဲ့ မိတ်ဆွေ မွန်အမျိုးသား၊ အမျိုးသမီးတွေ နဲ့အတူ ကျွန်တော်လည်း ၀မ်းသာပျော်ရွှင် ကျေနပ်မိပါတယ်။ မွန်ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်တွေကော၊ အဖွဲ့ခေါင်းဆောင် ဒုဥက္ကဋ္ဌ ဦးနိုင်ရော့စပါ ရိုးသားကြပြီး နိုင်ငံရေးကစားဘို့၊ Media ကိုအသုံးချပြီး အမြတ်ယူဖို့ လုံးဝ မစဉ်းစားကြပါဘူး။ ကျွန်တော် တွေ့မိတာကတော့ ထင်ထားတာထက်ပိုပြီး ရိုးသားကြသူများပါ။ ခင်မင်လေးစားဖို့လည်း အင်မတန် ကောင်းကြပါတယ်။ အလွတ်သဘော ဆွေးနွေးမှုတွေမှာကော၊ official meeting တွေမှာပါ သူတို့လိုချင်တာ ဆွေးနွေးချင်တာတွေကို ဒေါသ၊ မာန်မာန၊ အစွန်းရောက်မှု ဘာမှမပါဘဲ ရိုးသားစွာပဲ အခြားတစ်ဖက်က ဆွေးနွေးသူများကို ယဉ်ကျေးစွာပဲ ပြောပါတယ်။ အစိုးရဖက်ကလဲ တန်ဖိုးထား၊ လေးစား၊ ဂရုတစိုက် နားထောင်ပြီး တုံ့ပြန်ဆွေးနွေးပါတယ်။ တော်တော်စိတ်ချမ်းသာဖို့ကောင်းပါတယ်။ ဆွေးနွေးပွဲတစ်လျှောက်လုံး ဆရာနိုင်ရောစ ကျန်းမာရေး သိပ်မကောင်းပါဘူး။ ဗိုက်အောင့်တာနဲ့ ခဏနားရတာ သတိထားမိပါတယ်။ လူကသာ ပျော့ပျော့ပြောင်းပြောင်းပေမယ့် စိတ်ဓါတ်ကတော့ မာပုံပေါ်ပါတယ်။ သူယုံကြည်တာကို စွဲစွဲမြဲမြဲ ခိုင်ခိုင်မာမာ ရပ်တည်တာ တွေ့ရပါတယ်။ သူ့အဖွဲ့ဝင်တွေကလည်း သူ့ဦးဆောင်မှုကို အပြည့်အ၀ လိုက်နာတာလဲ တွေ့ရပါတယ်။ နောင်ဆွေးနွေးပွဲတွေမှာ နေပြည်တော်အထိ ဆရာနိုင်ရော့စ ရောက်ခဲ့ပါတယ်။ သူနေမကောင်းတဲ့အတွက် သူ့နေရာမှာ ဦးနိုင်အောင်မင်း ဦးဆောင်ပြီးတစ်ခါလာ ဆွေးနွေးတာလဲ မှတ်သားမိပါတယ်။ လက်မှတ် ထိုးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလကစပြီး မွန်ပြည်သစ်ပါတီ NMSP နဲ့ တပ်မတော်တို့ အကြား ပဋိပက္ခ လုံးဝ မရှိခဲ့ပါဘူး။ ဒီနေ့အထိပါပဲ။ ငြိမ်းချမ်းရေး ရဲ့ ကနဦး အကျိုးရလဒ်အနေနဲ့ မော်လမြိုင်တံတားကြီးလဲ ၂၄ နာရီ ဖွင့်နေပါပြီ။ အရင်က ကျနော်မကြာခဏ ရောက်ခဲ့တဲ့ မွန်ပြည်နယ်ဟာ ဘာသာတရား ကိုင်းရှိုင်းတဲ့ မွန်အမျိုးသား မွန်အမျိုးသမီးတွေ ဥပုသ်နေ့တွေမှာ ဘုရားကျောင်းကန် သွားကြတာလဲ ကြည်နူးစရာပါ။ နောက်ဆုံးဆရာနိုင်ရော့စကိုတွေ့ခဲ့ရတာကတော့လွန်ခဲ့တဲ့(၄)လလောက်က ဆေးရုံပေါ်မှာပါ။ သင်္ဃန်းကျွန်းက စံပြဆေးရုံပါ။ အစိုးရဖက်ကိုလဲ အကြောင်းမကြားပါဘူး။ သာမန် ပြည်သူလူထုတစ်ဦးအနေနဲ့အခန်းတစ်ခုထဲမှာအခြားလူနာများနဲ့ ရောပြီးနေပါတယ်။ ဆေးရုံကလည်း သာမန် ပြည်သူ တဦးလိုပဲ အများနည်းတူ ကြိုးစားကုသပေးမှာပါ။ ၀န်ကြီးဦးအောင်မင်းက သတင်းကြားရတော့ လိုက်သွားပါတယ်။ ကျွန်တော်တို့တွေ့တော့ ဆရာနိုင်ရောစ တော်တော်အားပျော့နေပါပြီ။ ဦးအောင်မင်းက သူ့လက်ကိုကိုင်ပြီး အားပေးတော့ သူပြုံးပြပါတယ်။သူ့အပြုံးမှာအဓိပ္ပါယ်အများကြီးပါတယ်ထင်ပါတယ်။ နောင်မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးရအောင် ဆက်လက်ကြိုးစားဖို့ စကားမပြောဘဲ မှာနေသလို ခံစားရပါတယ်။ ရဲဘော်ရဲဖက် မဟုတ်ခဲ့ပေမယ့်၊ တစ်ဖက်စီ နေခဲ့ကြပေမယ့် အခုတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရှေးရှုနေကြတဲ့ Common Goal ကတော့တူညီနေကြပါပြီ။ ၀န်ကြီးဦးအောင်မင်းက စစ်ဆေးရုံပြောင်းပြီး ကုသပေးချင်တယ်။ ဒါမှမဟုတ် Thai နိုင်ငံကို သွားချင်ရင် ၀ိုင်းကူညီပေးမယ့် အကြောင်း အသိပေးပါတယ်။ နောက်ရက်တွေမှာ Passport လုပ်ပေးပြီး Thai နိုင်ငံမှာ သွားကုသခဲ့ပေမယ့် ကင်ဆာက ကျွမ်းနေပြီလို့ သိရပါတယ်။ ဒါနောက်ဆုံး တွေ့ရတာပါ။ ကျွန်တော်လဲ တကယ်လေးစား အားကျစရာကောင်းတဲ့ ဆရာကို ဆရာနေကောင်းအောင် ကြိုးစားဖို့ အားလုံးအတွက် ဆရာနေကောင်းအောင် ကြိုးးစားပြီးရင် ပြန်ဆုံမယ်လို့ အားပေးခဲ့ ပါတယ်။ ဆရာ နိုင်ရောစ အသက် (၂၅) နှစ်မှာ သူ့မွန်အမျိုးသားတွေအတွက် သူယုံကြည်တာကို စပြီး ဆောင်ရွက်ဖို့ တောထဲဝင်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်စီးပွားရေး တက္ကသိုလ်မှာ ဘွဲ့ရခဲ့ပြီး လေ့လာအား ကောင်းတယ်လို့လဲ သိခဲ့ရပါတယ်။ အခု အသက် (၆၇)နှစ် မှာ ကွယ်လွန်ခဲ့ပါပြီ။ သူ့မိသားစု၊ မွန်ပြည်သစ်ပါတီ၊ မွန်ပြည်သူလူထု အတွက် ဆုံးရှုံးမှုအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု ကြီး တရပ်ပါဘဲ။ ဆရာ့လို ပုဂ္ဂိုလ်တွေက နားလည်မှု ကြီးကြီး၊ အမြင် ကျယ်ကျယ်နဲ့ ဆောင်ရွက်ခဲ့တဲ့အတွက် ကျွန်တော်တို့ ရဲ့ ငြိမ်းချမ်းရေး ခရီးဟာ ဒီကနေ့ ဒီလောက်ထိ ခရီးရောက်လာနိုင်ခဲ့တာပါ။ (မပြီးသေးတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဆရာ့လို စိတ်ရှည်၊ သီးခံ၊ အခြားတစ်ဖက်ကို နားလည်ပေးပြီး ညှိနှိုင်းနိုင်တဲ့ လူတွေအများကြီးလိုပါတယ်။ ဒါပေမယ့် နည်းနည်းပဲ ရှိပါသေးတယ်) ဆရာကြိုးစားခဲ့လို့ ထိုက်သင့်သလောက်ခိုင်မာနေတဲ့ မွန်ပြည်သစ်ပါတီနဲ့ အပစ်အခတ်ရပ်စဲ ရေးဟာ ပိုမိုခိုင်မာအောင် ဆက်လုပ်ဖို့လိုပါတယ်။ ဆရာမရှိတော့ပေမယ့် ဒီနှစ်ထဲမှာ လုပ်နိုင်မယ်လို့ နိုင်ငံတော် သမ္မတကရည်စူးထားတဲ့ Nation Wide Ceasefire Accord တို့၊ Framework Meeting တို့ကို ကြိုးစားပြီး ဆောင်ရွက်ကြရပါမယ်။ ဖြစ်နိုင်ရင်တော့ ဒီနှစ်မကုန်ခင်မှာဘဲ အားလုံးပါဝင်တဲ့ Political Dialogue ပွဲကြီးလည်း ကျင်းပနိုင်ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေ တကယ် ချုပ်ငြိမ်းရအောင် စားပွဲဝိုင်းမှာပဲ အဖြေရှာကြဖို့ ဆန္ဒပြုပါတယ်။ ဆရာတို့လို လူမျိုးတွေများရင်တော့ ပိုပြီးမြန်ဆန်မယ်ထင်ပါတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ၂၀၁၁ စက်တင်ဘာလကစပြီး နိုင်ငံသားတာဝန် တစ်ခုကိုယူဖို့ ကြိုးစားခဲ့ပါတယ်။ ၂၁ လအတွင်းမှာ အဖြစ်အပျက်ပေါင်းများစွာ ဖြစ်ခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ရလဒ်ကောင်းတစ်ချို့လဲ ရခဲ့ပါတယ်။ ၀ိုင်းဝန်းဆောင်ရွက်ကြရင်း Myanmar Egress က ဒေါက်တာ နေ၀င်းမောင်၊ KNU က ဆရာဒေးဗစ်ထောနဲ့ ဗိုလ်မှူးကြီး မိုးဖြူ ၊ အခု NMSP က ဆရာနိုင်ရော့စ တို့လဲ ကွယ်လွန်ခဲ့ကြပါပြီ။ ကျနော်မှတ်တမ်းမတင်နိုင်တဲ့ လူပေါင်းများစွာလဲ ရှိဦးမှာပါ။ မတည်မြဲတဲ့ သင်္ခါရ သဘောအရ နောက်ထပ်လည်း လူပေါင်းများစွာဟာ ငြိမ်းချမ်းရေး ကြိုးပမ်းရင်း ကွယ်လွန်ကောင်း ကွယ်လွန်နိုင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း နောက်ထပ်ဘယ်နှစ်နှစ် ဆောင်ရွက်ခွင့်ရှိဦးမယ်၊ ဆောင်ရွက်နိုင်ဦးမယ်ဆိုတာ မသိနိုင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ နောင်မျိုးဆက်တွေရဲ့ မြန်မာနိုင်ငံ တိုးတက် ဖွံ့ဖြိုးဖို့အတွက် ငြိမ်းချမ်းရေးမြန်မြန်ရအောင်၊ ရလာတာကို ခိုင်မာအောင်၊ ပိုပြီးခိုင်မာအောင်၊ စိတ်ရှည်သီးခံသဘောထားကြီး၊ဆင်ခြင်တုံတရားရှေ့ထားပြီး ဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံလိုပါတယ်။ ပြန်မဆုံနိုင်တော့တဲ့ ဆရာနိုင်ရော့စကို ဒီနေရာကနေ ဂါရဝပြုပါတယ်။ အလေးပြုပါတယ်။ ဆရာကောင်းရာ သုဂတိ လား နိုင်ပါစေ။ ဆရာငြိမ်းချမ်းနိုင်ပါစေ။
Posted on: Wed, 19 Jun 2013 12:54:02 +0000

Trending Topics



Recently Viewed Topics




© 2015