ကျန်းမာသော မိခင်၊ - TopicsExpress



          

ကျန်းမာသော မိခင်၊ ကျန်းမာသော ကလေး၊ ကျန်းမာသော အနာဂတ် အတွက် ပြုလုပ်ခဲ့သော ဟောပြောပွဲနှင့် ပြိုင်ပွဲကြောင်း ယှဉ်ပြိုင်သော ကလေးများ စိတ်အနာတရ ဖြစ်ခဲ့ရ ဟု မိဘများ ဆို ပွင့်လင်းမြင်သာသော ခေတ်စနစ်ကြီးတွင် ဟန်ဆောင်ဖုံးကွယ်မှုများ ရှိနေရန် မသင့်တော့ပါ။ ကြေငြာကုန်ပစ္စည်း အတွက် အသွင်သွင်အမျိုးမျိုးဖြင့် ထိုးဖောက် နေချိန်တွေမှာ အသုံးချမည့်၊ အသုံးပြု၍ ဈေးကွက်ဖောက်ကားမည့် အရပ်ဒေသရှိ လူတန်းစားတို့အား ထည့်သွင်းစဉ်းစားရပေမည်။ အသုံးချခဲ့သလိုမျိုး ဒဏ်ရာ အနာတရတွေနဲ့ ခံစားကျန်ခဲ့ရတယ် ဆိုရင် မဖြစ်သင့်တဲ့ အခြေအနေ တစ်ရပ်လို ဆိုရမှာဖြစ်ပြီး သေးဖွဲတယ်ဆိုပေမယ့် သတိပြုသင့်တဲ့ အရာလည်း ဖြစ်ပါတယ်။ ယခုလည်း ရည်ရွယ်ချက်များ ကောင်းမွန်ပြည့်ဝစွာဖြင့် Economic Reserch International Co.,Ltd. (ERI)က ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ မြို့တော်ခန်းမတွင် ကျောင်းသား ကလေးငယ်များ၏ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ကလေးငယ်များရဲ့ အနာဂတ်၊ ကျန်းမာရေး ဗဟုသုတနှင့် အသိပညာရပ်များ ဟောပြောပေးခဲ့ပြီး ပျော်ရွှင်စရာ ဥာဏ်စမ်းကစားပွဲများနှင့် အဆိုပြိုင်ပွဲတို့ကို LG ကုမ္မဏီရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ သြဂုတ်လ ၄ ရက်နေ့က ကျင်းပပေးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ကျင်းပခဲ့တဲ့အပေါ် ပါဝင်ဆင်နွဲခဲ့တဲ့ ကလေးငယ်တွေမှာ စိတ် အနာတရ ဖြစ်ခဲ့ရသလို၊ သူတို့ရဲ့ မိဘတွေမှာလည်း စိတ်မချမ်းမြေ့ဖွယ်လေးတွေ ကျန်ရှိနေခဲ့တာပါ။ အဖြစ်အပျက် ခံစားရမှု အချို့ကို ခံစားနေရသော်လည်း မကြိတ်နိုင် မခဲနိုင်တဲ့ မိဘ အချို့က ဖွင့်ဟသလို အချို့သော မိဘများကလည်း ကလေးငယ်ရဲ့ ပညာရေး အနာဂတ် နှောင့်နှေး မှာ၊ ဆရာ/ဆရာမရဲ့ ငြိုငြင်မှာကို စိုးထိတ်နေသူတွေလည်း ရှိခဲ့ကြပါတယ်။ ကလေးငယ်ရဲ့ အမည်နှင့် အတန်းပညာကို မဖော်ပြရဲဘဲ မိဘတွေကပင် ပြောပါရစေလို့ ခွင့်တောင်း စကားဆိုခဲ့တာလည်း ကြုံခဲ့ရပါတယ်။ အဲဒီအထဲက ဟင်္သာတမြို့ အလက(၅) တွင် တက်ရောက်ပညာသင်ကြားနေသော ကျောင်းသား ကလေးငယ် ၏ မိခင်ဖြစ်သူ ဒေါ်အိသက်ခိုင်က ပြိုင်ပွဲကလေး မိဘများ ကိုယ်စား First Weekly ဂျာနယ်သို သြဂုတ်လ (၇) ရက်နေ့က ရင်ဖွင့် စကား ပြောကြားလာပါတယ်။ “ကလေးတွေက လပတ် စာမေးပွဲ နီးပြီ။ အဲဒီအချိန်မှာ အဆိုပြိုင်ပွဲအတွက် လာခေါ်တာလေ။ ရက်ကလည်း ၂ ရက်လောက်ပဲ ရတာ။ Sky Net က လာရိုက်မယ်ဆိုလို့ အဝတ်အစားက အစ အမြန်ချုပ်ရတာ။ ကလေးတွေ က ဘက်စုံအတွက် ပြင်ပအမှတ်က လိုတယ်။ ပြိုင်ပွဲအတွက် ကလေးတွေ ကို အသံပိုင်း၊ သီချင်းပိုင်းတွေ ရွေးပြီး သေသေချာချာ လေ့ကျင့် ပေးသွားတာ။ ပြိုင်ပွဲမှာလည်း တစ်နေ့လုံး စောင့်နေရပြီး ပြိုင်ပွဲ စခါနီးမှ အဆိုပြိုင်ပွဲကို ဒိုင်မရှိလို့ လာတဲ့သူတွေက မဲပေး၊ အဲ့ဒီ အပေါ် ဆုရွေးခဲ့တာ။ အစီအစဉ်မှာ အရှေ့ကကျတဲ့ သူတွေက လူပို ထပ်မခေါ်နိုင်တော့ဘူး။ သီဆိုချိန်က သုံးမိနစ် ပြီးတော့ တစ်မိနစ်အတွင်းမှာ စင်ရှေ့က ဘောမှာ အမှတ်ထွက် ခြစ်ရတယ်။ အရည်အချင်းနဲ့ ရွေးတဲ့ ပွဲမဟုတ်တော့ဘဲ မဲပေးတဲ့ စနစ်လုပ်လိုက်တော့ အဆိုပြိုင်ပွဲလား၊ အမတ်ရွေးပွဲလား ခွဲခြား မသိခဲ့ရတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။”ဟု ကလေးငယ် စမိုး၏ မိခင်က ကြုံတွေ့ခဲ့ရပုံကို ပြောပြသွားပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကလေးငယ် စမိုးက “ပါပါက ရာအိမ်မှူးတို့၊ အုပ်ချုပ်ရေးမှူး တို့၊ ဥက္ကဌ တို့မှ ဝင်မရွေးတာ။ အခုတော့ သားတို့မှ ကြိုးစားရဲ့သားနဲ့ ဘာဆုမှ မရခဲ့ဘူး”ဟု ပြိုင်ပွဲမှ အပြန်တွင် ပြောကြားခဲ့တာကို စိတ်မကောင်းဖွယ် ကြားသိခဲ့ရပါတယ်။ ကျန်းမာပျော်ရွှင်သော နေ့ရက်များဆီသို့ ခေါင်းစဉ်ဖြင့် ERI ကုမ္မဏီလီမိတက် က ဦးစီး၍ LG ကုမ္မဏီ မှ ကုန်ပစ္စည်းမိတ်ဆက်ပွဲနှင့်အတူ ကျင်းပခဲ့သော အဆိုပါ ပွဲတွင် ကလေးငယ်များ သီချင်း သီဆိုယှဉ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ၌ စည်းကမ်း၊ စနစ်တကျ၊ စံ သတ်မှတ်မှုများ မရှိခဲ့၍ တက်ရောက်ယှဉ်ပြိုင်ခဲ့သော ကလေးအချို့ စိတ်ဓါတ်ကျခဲ့ကာ မိဘများလည်း ကျေနပ်မှု မရှိခဲ့ပါကြောင်း ကျောင်းသားနှင့် မိဘအချို့ထံက သိရပါတယ်။ “အခုလို အမတ်ရွေးသလိုမျိုး မဲပေးသည့်စနစ်ဖြင့် ရွေးချယ်သွားတာကို မြန်မာ တွင်မက ကမ္ဘာတွင်ပင် မကြုံဖူး၊ မကြားဖူးသေးပါဘူး။ အဆိုပြိုင်တယ်ဆိုတာ သံစဉ် အသွားအလာ ပတ်သက်တာတို့ကို ရွေးတာပဲ ကြားဖူးတယ်။ ဒိုင် အတွက်က ဘယ်လိုကြောင့်လည်း မသိဘူး။ လိုရင်လည်း ဟင်္သာတမှာက နိုင်ငံတော်အဆင့် ဆုရသူတွေ ရှိတာပဲ။ ခေါ်ပေါ့။ အခုတော့ အနာဂတ်အတွက် ကလေးငယ်တွေရဲ့ စိတ်ထဲ ထိခိုက်နာကျင်မှုတွေ ရှိသွားတယ်။ ပြိုင်ပွဲ ကို ကြောက်သွား သလို၊ နောက်ထပ် ယှဉ်ပြိုင်ပွဲတွေကို သူတို့ မယုံတောဘူး။ လပတ် စာမေးပွဲအတွက် မနည်း အားပေးနေရတယ်။ တရားမျှတမှု မရှိတာ၊ ဘက်လိုက်တာ၊ လူအုပ်စု အင်အားသုံးတာ ၊ အာဏာရှိမှ၊ လူအုပ်စု တောင့်မှ ဆုရမယ်။ အဲဒါတွေ မရှိလို့ မလုပ်နိုင်လို့ သူတို့ ကြိုးစားပါရက်နဲ့ ဆုမရတာ။ အဲဒီ စိတ်ဒဏ်ရာတွေ ရကုန်တာပေါ့။”ဟု အဆိုပါ ကလေးငယ်၏ မိခင်က ခံစားရမှုကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာပါ။ “အဆိုပြိုင်ပွဲလား၊ အမတ်ရွေးပွဲလား၊ ခွဲခြား မသိခဲ့ရတဲ့ LG နဲ့ SNUH လို့ မေးရမှာပါ။ အနာဂတ် မျိုးဆက် ကျောင်းသား လူငယ်လေးများ အပေါ် ကမ္ဘာသိ အမှတ်တံဆိပ် လုပ်ငန်းရှင်တွေ အနေနဲ့ ကုန်ပစ္စည်းအောင်မြင်ရေး ခုတုံးမလုပ်သင့်ပါဘူး”ဟု မှတ်ချက်ပေး ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ Myanmar Healthy Future ဟောပြောပွဲ နှင့် အဆိုပြိုင်ပွဲ ကို Economic Reserch International Co.,Ltd. (ERI)က ဦးဆောင်ပြီး LG အီလက်ထရောနစ် ကုမ္မဏီ နှင့် SEOUL NATIONAL UNIVERSITY HOSPITAL (SNUH) တို့က ပံ့ပိုး ကူညီ ကျင်းပခဲ့ကြောင်း သိရပါတယ်။
Posted on: Thu, 15 Aug 2013 14:24:58 +0000

Trending Topics



Recently Viewed Topics




© 2015