ခရိုနီများ၏ - TopicsExpress



          

ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် အစိုးရ၏ ကိုင်တွယ်ပုံမှာ အလွန်ပျော့လွန်း နေသည်ဟု NDF ပါတီဥက္ကဋ္ဌ ဝေဖန် စနေနေ့ ၊ နိုဝင်ဘာလ ၂ ရက် ၂၀၁၃ခုနှစ်။ ခရိုနီများ၏ အခွန်ရှောင်တိမ်းမှုများ အပါအ၀င် ကိစ္စအများစုတွင် လက်ရှိအစိုးရ၏ ကိုင်တွယ်ပုံများမှာ ပျော့လွန်းသည်ဟု အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက Daily Eleven သို့ ပြောကြားသည်။ ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် နိုဝင်ဘာ ၁ ရက်မှစကာ ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကာ ပြောင်းလဲ ကောက်ခံမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရပိုင် သတင်းစာများတွင် ထည့်သွင်း ကြေညာခဲ့သည်။ ယင်းကဲ့သို့ ကောက်ခံခြင်းအပေါ် ပြည်သူများ၏ စားဝတ်နေရေးကို ပြန်ကြည့်ပြီး ပြည်သူများ အနေဖြင့် ထိုမျှလောက် အခွန်အခတွေ ပေးနိုင်မှု ရှိမရှိ၊ ပြည်သူများ၏ ကုန်ဈေးနှုန်းကြီးမြင့်မှုများ ရပ်တန့်နေရန်နှင့် ထပ်တက်မလာစေရန် အစိုးရဘက်က မည်ကဲ့သို့ လုပ်ပေးနိုင်မလဲ ဆိုသည်များကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်းနှင့် ဘဏ္ဍာငွေအတွက် ဆိုပါက ခရိုနီများ အခွန်ရှောင်တိမ်းမှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခြင်းကို အရင်လုပ်သင့်သည်ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။ ဦးခင်မောင်ဆွေက အစိုးရဘဏ္ဍာ တိုက်ထဲမှာ အခွန်အတုပ်တွေ လျော့နည်းတာနဲ့ပဲ ဒီဘက်က မြှင့်မယ်ဆိုရင် တခြားဌာနတွေကလည်း စဉ်းစားဖို့လိုတယ်။ မီတာခ တိုးကောက်လိုက်တာနဲ့ ဘယ်လောက် ရမလဲဆိုတာနဲ့ အခွန်ရှောင်ပြီး နေနေတဲ့ ခရိုနီတွေပေါ့။ အခွန်ရှောင်ပြီး မပေးဘဲ နေတဲ့သူတွေ အများကြီး ရှိတယ်။ အဲဒါတွေကို ပြည့်အောင် ကောက်မယ်။ မပြည့်ရင် အရေးယူမယ် ဆိုတာမျိုး တစ်စုံတစ်ရာ ထွက်လာတာ မရှိသေးဘူး။ သမ္မတကြီး အုပ်ချုပ်တဲ့ အစိုးရက။ သမ္မတကြီး အစိုးရက ပျော့နေတယ်။ တအားပျော့နေတယ်။ Strong Government မဖြစ်သေးဘူး ဟု ပြောကြားသည်။ ထို့ပြင် ပြည်တွင်းတွင် ရှိနေသည့် ခရိုနီများနှင့် ပူးတွဲလုပ်ကိုင်နေသော လုပ်ငန်းရှင်ကြီးများ ထံမှလည်း အခွန်များရရန် လုပ်ရမည်ဖြစ်ပြီး မရပါက ထောင်ချပစ်သည်အထိ အရေးယူရန် လိုကြောင်း၊ နယ်စပ်ဖြတ်ကျော် ဂိတ်များနှင့် တရားမ၀င် ကုန်စည်စီးဆင်းမှုများကို ပိတ်ပင်ခြင်းဖြင့်လည်း အခွန်ငွေများ များစွာရနိုင်ကြောင်း၊ ယင်းကိစ္စများကိုတင်း တင်းကျပ်ကျပ် မလုပ်ဘဲ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ပြီး ပြည်သူများကို ဒုက္ခပေးခြင်းမှာ နိုင်ငံတော် ဘဏ္ဍာအတွက် ဆယ်ပုံတစ်ပုံခန့်ပင် ပြည့်နိုင်လိမ့်မည် ဖြစ်ကြောင်းလည်း ဦးခင်မောင်ဆွေက ထောက်ပြသည်။ ပြည်သူဘက်ကတော့ ဒီမိုကရေစီခေတ်မှာ အခွန်ရှောင်လို့ မရဘူး။ အခွန်ဆောင်ရမှာပဲ။ ပြည်သူတွေ သက်သာအောင် ဘယ်လိုစဉ်းစားရမလဲ ဆိုတာကတော့ လွှတ်တော်နဲ့ အစိုးရတာဝန်ပဲလေ။ အဲတော့ အခွန်ကောက်တာကို လက်ခံတယ်။ ဒါပေမဲ့ သင့်တင့်လျောက်ပတ် ပါရဲ့လား။ ပြည်သူတွေ ပေးနိုင်ပါရဲ့လား။ ပြည်သူတွေရဲ့ စားဝတ်နေရေးကို မထိခိုက်နိုင်ပေဘူးလား ဆိုတာတွေကိုထည့် တွက်ဖို့လိုတယ် ဟု ၎င်းက ဆိုသည်။ အစိုးရ၏ ကိုင်တွယ်ပုံ လျော့တိလျော့ရဲ ဖြစ်သည့် ကိစ္စများတွင် ကော်မတီ၊ ကော်မရှင်များဖွဲ့ပြီး လုပ်ငန်းများ လုပ်ကိုင်ခိုင်းကာ အဆိုပါ လုပ်ငန်းများ အောင်မြင်မှုရှိမရှိ ပြန်လည် စုံစမ်းစစ်ဆေးသည့် စနစ်မရှိခြင်းလည်း ပါဝင်ကြောင်း၊ လုပ်ငန်းစဉ်အလိုက်၊ ၀န်ကြီးဌာနအလိုက် စုံစမ်းရေးအဖွဲ့များ ရှိရမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ အစိုးရမှ ပြီးခဲ့သည့် လအတွင်းက ထုတ်ပြန်ခဲ့သည့် ၂၀၁၂ ခုနှစ်အတွက် ထိပ်တန်း အခွန်ထမ်း ၅၀၀ စာရင်းတွင် ၀င်ငွေများစွာ ရရှိနေသည့် ပုဂ္ဂလိက ဆေးရုံကြီးများ၊ ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၊ ထိပ်တန်းရုပ်သံ မီဒီယာကြီးများ ပါဝင်လာခြင်း မရှိသည့် အပေါ်တွင် ဝေဖန်မှုများစွာ ရှိခဲ့ပြီး ယင်းကဲ့သို့ ထိပ်တန်းအခွန်ထမ်းများ စာရင်းတွင် မပါဝင်လာမှုအပေါ် ပြန်လည်စစ်ဆေးမှုများ ပြုလုပ်သင့်သည် ဟူသော ဝေဖန်မှုများ ရှိခဲ့သည်။ Credit To >>> ElevenMediaGroup
Posted on: Sat, 02 Nov 2013 08:59:14 +0000

Trending Topics



Recently Viewed Topics




© 2015