စည်ပင်ပိုင် - TopicsExpress



          

စည်ပင်ပိုင် နေရာကောင်းများကို ပုဂ္ဂလိကနဲ့ ပူးပေါင်း၍ ကွန်ဒိုဆောက်ပြီ အိမ်၊ ခြံ၊ မြေ ဂျာနယ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နမိတ်အတွင်းရှိ တည်နေရာကောင်းသည့် စည်ပင်ပိုင် မြေနေရာများကို ပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း၍ အဆင့်မြင့်ကွန်ဒိုများ တည်ဆောက်သွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ၏ အဆင့်မြင့်အရာရှိကြီး တစ်ဦးက ပြောသည်။ “မြို့နယ်တိုင်းမှာ ကျွန်တော်တို့ရဲ့ စည်ပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံး ရှိတယ်။ တချို့မြို့နယ်တွေမှာ ဝန်ထမ်းလိုင်းခန်း ဆောက်ထားတာတွေ ရှိတယ်။ လုပ်ငန်းရှင်က အကွက်ကောင်းတာကိုတွေ့ရင် ပူးပေါင်းဖို့ တင်ပြတယ်။ အဲဒီအခါ ဌာနအနေနဲ့ စိစစ်ပြီး ခွင့်ပြုပါတယ်” ဟု ၄င်းက ဆိုသည်။ ယခင် စစ်အစိုးရကာလ မြို့တော်ဝန်လက်ထက်က စမ်းချောင်း၊ လမ်းမတော်နှင့် မင်္ဂလာတောင်ညွန့်မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများကို အဆင့်မြင့် အဆောက်အအုံအဖြစ် ပြောင်းလဲတည်ဆောက်ပြီး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။ “အခု မြို့တော်ဝန်အသစ် လက်ထက်မှာတော့ ရန်ကင်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်တွေနဲ့ အလုံမြို့နယ်တွေမှာ အဆောက်အအုံတွေ တည်ဆောက်နေပါတယ်။ လုပ်ငန်းရှင်နဲ့ စည်ပင်ကတော့ တစ်ဝက်ပေး၊ တစ်ဝက်ယူစနစ်နဲ့ ဖြစ်ပါတယ်” ဟု ယင်းက ရှင်းပြသည်။ လက်ရှိ တည်ဆောက်နေသော အဆောက်အအုံများမှာ ၁၂ ထပ်ခွဲ အဆောက်အအုံများ ဖြစ်ပြီး ရန်ကင်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာ၊ အလုံမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတို့ ဖြစ်ကြကြောင်း သိရသည်။ တည်ဆောက်မှုများ ပြုလုပ်ရာတွင် ရန်ကင်းမြို့နယ် စည်ပင်အုပ်ချုပ်ရေးမှူးရုံး နေရာကို ဂရိတ်မာစတာ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ရန်ကင်းစည်ပင် ဝန်ထမ်းလိုင်းခန်းနေရာကို Crown Ruby ဆောက်လုပ်ရေး ကုမ္ပဏီက လည်းကောင်း၊ အလုံမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးကို Asia Myanmar Consortium ဆောက်လုပ်ရေးကုမ္ပဏီနှင့် အလုံမြို့နယ်ရှိ ခရိုင်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး နေရာကို ရွှေဇမ္ဗူဒိတ် ဆောက်လုပ်ရေးကုမ္ပဏီက လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံး နေရာကို စပါယ်ဖြူ ဆောက်လုပ်ရေး ကုမ္ပဏီကလည်း အသီးသီးတည်ဆောက်ကြကြောင်း သိရသည်။ ကျွန်တော်တို့အနေနဲ့ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးတွေကို အဲဒီနေရာမှာ ပြန်ထားမှာပါ။ ကျန်တဲ့အခန်းတွေကိုတော့ ကော်မတီက ကာလပေါက်ဈေးနဲ့ ရောင်းချပေးမှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်မြင့်အရာရှိကြီးက ရှင်းပြခဲ့သည်ဟု ၂၀၁၃ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
Posted on: Fri, 23 Aug 2013 16:22:30 +0000

Trending Topics



Recently Viewed Topics




© 2015