စီပိုးနှင့် ပက်သက်သည့် - TopicsExpress



          

စီပိုးနှင့် ပက်သက်သည့် အမေးအဖြေများ Published on Wednesday, 03 October 2012 09:05 Written by ပါမောက္ခဒေါက်တာသံစစ် “C ပိုး” တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက် (အသည်းရောင်C) အသည်းရောင်အသားဝါဖြစ်စေတဲ့ c ပိုး အမျိုးအစားတွေ (၁) ကနေ (၉) အထိရှိတယ်။ ဒီမှာ (၆)ထိပဲ စမ်းလေ့စမ်းထရှိပါသည်။ ကမ္ဘာပေါ်မှာ Cပိုးရှိတဲ့သူ သန်း၁၇၀ကျော်ရှိနေလို့၊ အကုရခက်လို့၊ကုရတာဈေးကြီးလို့၊ ကာကွယ်ဆေး မရှိလို့ ကမ္ဘာပြသာနာတစ်ရပ် ဖြစ်နေရတယ်။ မြို့ပြနေလူတစ်ရာမှာ သုံး-လေး ယောက်ဖြစ်နေလို့၊ သွေးသွင်းရာကနေ ကူးနေလို့ မြန်မာ့ပြဿနာဖြစ်နေရတယ်။ စမ်းသပ်မှု အသစ်အသစ်တွေ ပေါ်နေလို့လည်းရိုးမသွားဘူး။ C ပိုးကိုကျွန်တော်၁၉၉၈ခုနှစ်ကတည်းက စတင်ကုလာတာ ကိုးနှစ်ကျော် ဆယ်နှစ်ထဲ ရောက်လာပြီ။ ကမ္ဘာကုထုံးတွေက စမ်းတ၀ါးဝါးနဲ့ လျှောက်လှမ်းခဲ့ကြတယ်။ ခုခေတ်မှာတော့ ဆေးသစ်တွေလည်းပေါ်ပြီ၊ နိုင်ငံတကာမှာလည်း အတန်အသင့်ခိုင်မာတဲ့ လမ်းညွှန်မှု ( Guideline ) တွေပေါ်လာပြီ။ ကိုယ့်မှာလည်း အခက်အခဲ ကြုံရင် ကျော်လွှားနိုင်တဲ့ အတွေ့ အကြုံတွေရပြီ။ ဒီတော့ တခြားဆရာဝန်တွေပါ ကုချင်ရင်ကုနိုင်အောင် ‘သ’ူ နဲ့တိုင်ပင်ပြီးတော့ လမ်းညွှန်မှု အကြမ်းဆွဲဖို့ ဆွေးနွေးခဲ့ကြတယ်။ “သူ” ဆိုတာကတော့ ဆရာဆိုလည်းဟုတ်၊ သူငယ်ချင်းဆို လည်းဟုတ်တဲ့ အသည်းပါမောက္ခ ဦးခင်မောင်ဝင်း ပါ။ ဘယ်အတိုင်းအတာ ထိတော့ စနစ်တကျ ကိုယ်တိုင်ကုကြပါ၊ ဘယ်လိုလူမျိုးတွေတော့ မကုကြပါနဲ့ဦး၊ အကြံဥာဏ် ယူကြပါဦးလို့ တိုင်ပင်ဖို့ပါ။ သူ့အပြောအရဆိုရင် စားဆေး၊ ထိုးဆေး တွဲကုရမယ့်အစား စားဆေးချည်းနဲ့ ကုနေတာမျိုးလည်းရှိတယ်။ အန္တရာယ် တွေ့သွားတဲ့လူလည်းရှိပါတယ်။ ကိုင်း . . . . ဘယ်ကစမလဲ၊ ဘယ်သူတွေကို အသည်းရောင်စီပိုးစစ်မလဲ။ လူအားလုံးကို စစ်သင့်တယ်။ မြို့ပေါ်မှာ စမ်းသပ်တာက ၃.၄ ရာခိုင်နှုန်းမှာ စီပိုးရှိတယ်။ ဒါပေမဲ့ မြို့နေလူထုမှာ ဘယ်လောက် ရာခိုင်နှုန်းရှိတယ်။ ကျေးလက်လူထုမှာ ဘယ်လောက် ရာခိုင်နှုန်းရှိတယ်ဆိုတဲ့အကြိုခန့်မှန်း စမ်းသပ်တာမျိုးမရှိဘူး။ နောက်ပြီး HIV, Malaria, TB လို ပိုပြီး ဦးစားပေးနေရမယ့်ရောဂါတွေက ရှိနေတော့လူအားလုံးကိုစမ်းဖို့ ရန်ပုံငွေ ဘယ်သူက ပေးမလဲ။ တွေ့ပြီဆိုရင်ရောပိုးတွေ့တဲ့လူတွေကိုကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ။ ကုရတာ ခက်တယ်။ စရိတ်ကြီးတယ်။ အားလုံးကို ထောက်ပံ့ဖို့ ရန်ပုံငွေမရှိဘူး။ ဒီတော့ ဘယ်လိုလုပ်မလဲ။ ဆေးခန်းလာသူအားလုံးကို စစ်သင့်တယ်။ မှန်တယ်၊ လက်တွေ့ကျတယ်၊ ဒါပေမဲ့ လောလောဆယ်အားဖြင့် ဆေးခန်းလာ သူတိုင်းကို အခမဲ့စစ်ဆေး ပေးနိုင်မယ့် အခြေအနေမရှိဘူး။ ကိုယ့်စရိတ်နဲ့ကိုယ် စစ်ရမယ်။ တစ်ယောက်တွေ့တယ်ဆိုရင် မိသားစုအားလုံး စစ်ဖို့ကောင်းတယ်။ အထောက်အထား ဘယ်မလဲ လို့ကိုခင်မောင်ဝင်းမေးတော့ကျွန်တော်အတိအကျမဖြေနိုင်ဘူး။ ဂျပန်မှာတော့ မိသားစုအတွင်း ပျံနှံ့မှု (Intrafamilial) ၈ ရာခိုင်နှုန်း ရှိတယ်။ ကိုယ့်ဆီမှာက ဒီလိုစမ်းသပ်မှုမျိုးမရှိဘူး။ ဒါပေမဲ့ မိသားစုတွင်းမှာ C ပိုးရှိတယ်။ အသည်းကင်ဆာဖြစ်တယ်။ အသည်းခြောက်ရောဂါဖြစ်တယ်။ ကျန်တဲ့သူတွေစစ်လိုက်တော့လည်းတစ်ယောက်စနှစ်ယောက်စ C ပိုးရှိပြန်တယ်။ ဒီတော့ ကိုယ်ကစစ်သင့်တယ် ထင်တယ်။ Evidence Base Guideline ဆွဲဖို့လိုတယ်။ ကျွန်တော်တို့ အသည်း လူနာအများကြီး ကြည့်နေတာပဲ။ မှတ်တမ်းမှတ်ရာလေးများဒီထက်ပိုပြီး စုထားရင် တိတိကျကျ ပိုပြောနိုင်မယ်။ ဒါပေမဲ့ သူသဘောတူပါတယ်။ သူ့ရဲ့မြန်မာလို C ပိုးအကြောင်းပညာပေးစာအုပ်မှာလည်း ပါနေတာပဲ။ အတွေ့အကြုံချင်း တူပါတယ်။ ဒီလိုနဲ့ပဲ တစ်ချက်ချင်း၊ တစ်ချက်ချင်းညှိနှိုင်းပြီး ပုံကြမ်းလောင်းကြတယ်။ C ပိုးကို အကြမ်းစစ်တာက Strip လေးတွေ၊ Card လေးတွေနဲ့ စစ်တယ်။ ELISA Method ကိုသုံးတယ်။ Anti HCV စစ်တယ်၊ ဒါမှမဟုတ် HCV Antibodies စစ်တယ်လို့ခေါ်တယ်။ ပြောချင်တာက C ပိုးမှာ B ပိုးလို B ပိုးရဲ့ အစိတ်အပိုင်း စမ်းတာမျိုး Antigenaemia စမ်းတာမရှိဘူး။ လူ့ခန္ဓာကိုယ်က ထုတ်တဲ့ C ပိုးကိုတိုက်တဲ့ပဋိပစ္စည်း Antibody ကိုပဲ စမ်းလို့ရတယ်။ တကယ်တော့ ဒီ Antibody ဟာ C ပိုးကို ဖယ်ရှားနိုင်လောက် အောင် အားမကောင်းဘူး။ ဒါကြောင့် Antibody ရှိပေမယ့် C ပိုးဝင်ဖူးတယ်လို့ပဲ သိတယ်။ ပျောက်သွားပြီလား၊ ရှိနေတုန်းပဲလား မသိဘူး။ Anti- HCV Positive ဖြစ်ရင်တော့သေချာတာ တစ်ခုကဆက်ပြီး စစ်ဆေးမှု တွေရှိတယ်။ Molecular Assay လို့ခေါ်တဲ့ HCV RNA PCR TESTS တွေလုပ်ရတယ်။ ဈေးကြီးတယ်။ မော်လီကျူလာ အက်ဆေး Viral Hepatitis C RNA Polymerase Chain Reaction လို့ခေါ်တယ်။ ပိုးကောင်ရေ ဘယ်လောက်ရှိတယ်လို့စစ်တာ။ အခုစစ်ဆေးမှုတွေက ပိုပိုကောာင်း လာတော့ ပိုးကောင်ရေ ဆယ်ဂဏန်းကစပြီး သန်းချီတဲ့အထိ သိနိုင်စွမ်းရှိတယ်။ ကုမယ်ဆိုရင် စစ်ရမှာပဲ။ ပြီးတော့ပိုးအမျိုးအစား Genotyping ကို စစ်ရတယ်။ ဒီလိုစစ်တာက ပိုးအမျိုးအစားအလိုက် အနÅရာယ်ပေးပုံကွာလို့ မဟုတ်ဘူး။ ဆေးကိုတုံ့ပြန်မှုကွာလို့စစ်ရတာ။ ပိုးအမျိုးအစား (၁)၊ (၄)၊ (၅)၊ (၆) ဆိုရင် တစ်နှစ်၊ တစ်နှစ်ကျော်ကျော်ကြာအောင်ကုရတယ်။ ပိုးအမျိုးအစား (၂)၊ (၃) ဆိုရင် ခြောက်လပဲ ကုရတယ်။ တုံ့ပြန်မှုက ပိုကောင်းတယ်။ ထိုးဆေးပင်မ၊ စားဆေးအတွဲ “ဆရာရယ် စားဆေးချည်းမရဘူးလား” လို့မေးနေကြတယ်။ တကယ်တော့ တစ်ပတ်တစ်ခါ ထိုးရတဲ့ Pegylated Interferon ဆေးကို အခြေခံပြီးကုရတာ။ တချို့လူတွေမှာ တစ်ပါတ်တစ်ခါထိုးရတဲ့ Standard Interferon ထိုးဆေးကို အခြေခံပြီးကုတယ်။ စားဆေးက ဒီထိုးဆေးတွေရဲ့အတွဲပဲ။ သိန်း ၅၀လား၊ သိန်းတစ်ရာလား၊ သိန်းနှစ်ရာလား။ လွန်ခဲ့တဲ့လက ရန်ကုန် Traders ဟိုတယ်မှာ စင်ကာပူက ပါမောက္ခ Lim Seng Gee ဟောပြောမှု နှစ်ခုလုပ်တယ်။ တစ်ခုက တချို့ဘယဆေးတွေဟာ ရေရှည်စားသုံးရင် အသည်းမှာ အန္တာရာယ်ဖြစ်တဲ့အကြောင်း၊ နောက်တစ်ကြောင်း က Albuferon လို့ခေါ်တဲ့ နှစ်ပတ်တစ်ခါ - တစ်လနှစ်ခါ ထိုးတဲ့ဆေးကို စင်္ကာပူမှာစမ်းသပ်မယ့် အကြောင်း၊ မြန်မာလူနာတွေ ပါချင်ရင် ပါနိုင်ဖို့ဖြစ်တယ်။ ဘိန်း ဆိုတာ ပေါ်ပီပန်းကလာတဲ့အစေးပဲ။ အရက် ဆိုတာလည်း ကောက်ညှင်း၊ စပျစ်၊ ထန်းလျက်၊ သကြားစတဲ့ သဘာဝပစည်းတွေက နေချက်တာ။ ရေရှည်စားသုံးတဲ့အခါမှာ အနÅရာယ်ဖြစ်လာတာ အထင်အရှားပဲ။ တခြားဆေးရွက်၊ ဆေးပင်တွေကို ရေရှည်စားသုံးသူတွေမှာ ရလာမယ် အန္တရာယ်ကို မသိနိုင်ဘူး။ ဟောပြောပွဲတစ်ခုနဲ့တစ်ခုကြား နေ့လယ်စာစားသုံးစဉ်မှာ သူငယ်ချင်း တစ်ဦး ပြောတယ်။ ဂျာနယ်တစ်စောင်မှာ စာရေးဆရာကြီးတစ်ဦးက မန္တလေး အသည်းဆရာဝန်ကြီးက လုပ်ချလိုက်ပြန်ပြီ။ C ပိုးကုရင် သိန်း ၆၀ တဲ့လို့ပါတယ်။ ခင်ဗျားဖတ်ပြီး ပြီလား လို့မေးတယ်။ မဖတ်ရသေးတဲ့အကြောင်းပြောပြတယ်။ ဆရာဝန်ဖြစ်ကတည်းက သန့်သန့်ရှင်းရှင်း၊ သမ္မာအာဇီဝ၊ ဖြောင့်ဖြောင့်မတ်မတ် လုပ်စားလာတဲ့အတွက် လုပ်ချလိုက်ပြန်ပြီ ဆိုလို့လည်း စိတ်မဆိုးပါဘူး။ ဒါပေမဲ့ နည်းနည်းတော့ ရှင်းပြဖို့လိုမယ်။ စာရေးဆရာကြီးရဲ့ “တူ တူ တူ “ လို့စတဲ့ တယ်လီဖုန်း စကားပြောခန်းဆောင်းပါးတွေကို ငယ်ငယ်က ဖတ်ဖူးပါတယ်။ ကျွန်တော် လွန်ခဲ့တဲ့ သုံးလေးနှစ်က တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ C ပိုး ကုရင်သိန်း ၅၀၊ ၆၀ ကုန်မယ်လို့ ပြောဖူးတာကို ဆရာကြီးက အခုမှ ဖတ်ရတာနဲ့တူတယ်။ ဒါမှမဟုတ် တစ်ယောက်ယောက် ကဖတ်ပြီး တယ်လီဖုန်းနဲ့ ပြောလိုက်တာထင်တယ်၊ ဒါမှမဟုတ်ရင်ကိုယ့်ကိုယ်ကို အသည်း ဆရာဝန်လို့ အော်နေတဲ့မန္တလေးက တချို့ GP တွေရဲ့ လေသံကြားသွားသလား မသိဘူး။ အခုဆေးတွေက ပြောင်သွားပြီ။ တစ်ပတ် သုံးကြိမ်ထိုးတဲ့ Standard ( Conventional) Interferon ဆိုရင် သိန်း ၄၀-၅၀ ကျမယ်။ တစ်ပတ်သုံးကြိမ်ထိုးတဲ့ standard ( Conventional) Interferon ဆိုတာ ပိုးအမျိုးအစား (၂)၊ (၃) ကိုပဲ ကုလို့ရတယ်။ ပိုးအမျိုးအစား (၁)၊ (၄)၊ (၅)၊ (၆) ကို ကုလို့မရဘူး။ ပိုးအမျိုးအစား (၂)၊ (၃) ကို Pegylated Interferon ဆိုတဲ့ တစ်ပတ်တစ်ခါထိုးဆေး အမျိုးအစားနဲ့ကုရင်သိန်း ၈၀ - ၁၀၀ ကုန်တယ်။ ခြောက်လ ကြာတယ်။ ပိုးအမျိုးအစား(၁)၊(၄)၊ (၅)၊ (၆) ကို ကုရင်သိန်း ၁၅၀ - ၂၀၀ လောက်ကုန်မယ်။ တစ်နှစ်ကြာတယ်။ ဒါတောင် အပိုအဆောင်းလိုက်ရတဲ့ ဆေးဖိုးတွေ မပါသေးဘူး C ပိုးကုရင် သိန်း ၅၀ ကနေ သိန်း ၁၀၀ - ၂၀၀ ကုန်တယ်လို့ ပြောရပါမယ်။ နှစ်ပတ်တစ်ခါ Albuferon ထိုးဆေး ပေါ်လာရင် သိန်း ၂၀၀ ကျော်မရလောက်တော့ဘူး။ စီပိုးကုသမှု အောင်မြင်ရေးအဓိကသောချက်များ ပထမအချက် - ကောင်ရေ (Viral Load) စီပိုးကောင်ရေ မများဘူးဆိုရင် အောင်မြင်ဖို့များတယ်တဲ့။ ကောင်ရေ ၄၀၀,၀၀၀ IU/ml (၁,၀၀၀,၀၀၀ copies,ml) ထက်နည်းရင် ပိုပြီးအောင်မြင်တယ်တဲ့။ ပိုးများနေပေမယ့်လည်း မအောင်မြင်တော့ မဖြစ်ပါဘူး။ ဒုတိယအချက်- ပိုးအမျိုးအစား (Genotype) (၂)၊ (၃) အမျိုးအစားဆိုရင်ကုလို့ကောင်းတယ်။ ကုရတဲ့ကာလတိုတယ်။ (၁)၊ (၄)၊ (၅)၊ (၆) ဆိုရင် ကုရတဲ့ကာလရှည်တယ်။ အချိန်ကြာတော့ စိတ်မရှည်ဖြစ်တက်တယ်။ တတိယအချက်- အခြားရောဂါတွဲများ (Other Diseases) HIV နဲ့တွဲရင်၊ B နဲ့တွဲရင်၊ နှလုံးရောဂါနဲ့တွဲရင်၊ အဆစ်အမြစ်ရောဂါနဲ့တွဲရင် ကုရတာ ခဲရာခဲဆစ်ဖြစ်တယ်။ စိတ်ရောဂါဆိုရင် ငြိမ်အောင်ထိန်းနိုင်မှ ကုလို့ရတယ်။ စတုတ္တအချက် - ကုထုံးကို တွယ်ဖက်ထားခြင်း ( Adherence to Therapy) Side Effects တွေများတော့ ဆေးကိုမှန်အောင် မထိုးချင်ကြဘူး။ ရက်ကျော်တယ်၊ ရက်လွန်တယ် ဖြစ်တက်ကြတယ်။ C ပိုးကုသရေး အောင်မြင်မှုအတွက် အဓိကအကျဆုံးကတော ဆေးမပျက်မကွက် ကုသခြင်းပါပဲ။ ဆေးမထိုးလို့ မဖြစ်တဲ့အခြေအနေရောက်မှသာ ရက်ကျော်ပါ၊ ဆေးမထိုးခင်ကတည်းက ဒီခြောက်လ-တစ်နှစ်ဆိုတာ ဘာမှမကြာဘူး။ “ငါဇွဲနဲ့လုပ်ရမယ်” လို့စိတ်ပိုင်းဖြတ်ထားရမယ်။ MC Hutchison ဆိုတဲ့ ဆရာဝန်ကြီးက ဆေးကုပြီးတဲ့ လူနာတွေကို ပြန်သုံးသပ်ကြည့်လိုက်တော့ ဆေးထိုးမှန်တဲ့လူတွေ၊ ဆေးစားမှန်တဲ့လူတွေက ရလဒ် ပိုကောင်းတယ်တဲ့။ ကုခက်တယ်ဆိုတဲ့ ပိုးအမျိုးအစား (၁)ရဲ့ရလဒ်တောင်မှ ဆေးကုသမှုမှန်ရင် ၂၅ ရာခိုင်နှုန်းတက်လာသတဲ့။ ၈၀/ ၈၀/ ၈၀ ဥပဒေသ လို့ပြောကြတယ်။ ၈၀/ ၈၀/ ၈၀ ဥပဒေသ ကုသချိန်ရဲ့ ၈၀ရာခိုင်နှုန်း၊ ထိုးဆေး Interferon ရဲ့ ၈၀ ရာခိုင်နှုန်း၊ စားဆေး Ribavirin Dosage ရဲ့ ၈၀ ရာခိုင်နှုန်းရှိရင် ရလဒ်ကောင်းတယ်လို့ ပြောတယ်။ အဲဒီတော့ ပျက်ကွက်မှု နည်းနိုင်သမျှနည်းဖို့ လိုတယ်။ ဒါတောင်မှ တချို့ အထူးကုဆရာဝန်ကြီးတွေက လက်မခံဘူး။ ဒီလိုပြောလိုက်တော့ လူတွေပေါ့လျော့ကုန်မယ်၊ ဇွဲနည်းကုန်မယ်၊ စိတ်ပိုင်းဖြတ်မှု နည်းကုန်မယ်၁၀၀/ ၁၀၀/ ၁၀၀ ဥပဒေသပဲ ဖြစ်ရမယ်တဲ့ ။ အထူးသဖြင့် ပထမ ၁၂ ပတ်မှာပေါ့။ ၁၂ပတ် အရေးကြီးဆုံး။ Mc Hutchison ကလည်းတကယ့်လက်တွေ့ကျကျကုတဲ့ လူတွေကို သုံးသပ်ပြီးမှ ၈၀/ ၈၀/ ၈၀ ဥပဒေသကို ပြောတာ။ ဒါကြောင့် အလေးအနက်ပြုသင့်တယ်။ ပဥမအချက် - ၁၂ ပတ်ဥပဒေသ အသည်းရောင် C ပိုးစမ်းတယ်ဆိုတာ တကယ်တော့ အသည်းထဲက ဟာကို စမ်းနေတာမဟုတ်ဘူး။ သွေးထဲကအကောင်ကိုပဲစမ်းတာ။ သွေး (1) ml မှာ ဘယ်လောက်ပါလဲလို့ပြောတာ။ ပိုးအမျိုးအစား (၁) ၊ (၄) ၊ (၅) ၊ (၆) မှာ Interferon နဲ့ Ribavirinတွဲပေးတယ်ဆိုရင် သွေးထဲမှာ C ပိုးအကောင်ရေ တစ်ဟုန်ထိုး ထိုးကျသွားတယ်။ ၁၂ ပတ်အတွင်းမှာ အဆ တစ်ရာကျသွားတယ်။ ဒီလိုလူမျိုးတွေမှာ တုံ့ပြန်မှုကောင်းတယ်တဲ့။ ဆေးပညာမှာတော့ 2 Log ကျတယ်လို့ ပြောတယ်။ 2 Log မကျရင် အရင်ကဆေးကုတာတောင်ရပ်တယ်။ မြန်မာပြည်မှာတော့ ဆေးကုတဲ့လူတွေက ကုလက်စနဲ့ မထူးဘူးဆိုပြီး ဆက်ကုကြတယ်။ တစ်နှစ်ကျော်ကြာအောင် ကုကြတယ်။ ကမÇာမှာလည်း အရင်ကတော့ ၁၂ ပတ် 2Log မကျရင် ရပ်တယ်။ အခုတော့ တစ်နှစ်ခွဲလောက်ဆေးကုကြည့်ရင်ကောင်းမလားလို့ စမ်းနေကြတယ်။ (၂) နဲ့ (၃) မှာတော့ ဒီဥပဒေသ မရှိဘူး။ ၁၂ ပတ် ပြန်မစစ်ဘူး၊ ပျောက်နှုန်းကောင်းလို့ ကုထုံး ပြီးတဲ့ အချိန်မှပဲ ပြန်စစ်တယ်။ ပျောက်သလား၊ မပျောက်ဘူးလား (က) ဆေးကုထုံးပြီးခါစမှာ နောက်ဆုံးအနေနဲ့ စစ်ကြည့်မယ်။ ခြောက်လကြာတော့ တစ်ခါထပ် စစ်တယ်။ ပိုးမတွေ့ဘူးဆိုရင်ပျောက် တယ်လို့ ပြောကြတယ်။ Sustained Responder လို့ခေါ်ကြတယ်။ အကြမ်းဖျင်းပျောက်တယ်လို့ခေါ်တယ်။ (ခ) ဆေးကုပြီးခြောက်လအကြာ ပိုးတွေ့ရင် ပြန်ဖြစ်တယ်။ Relapser လို့ခေါ်ကြ တယ်။ (ဂ) တချို့မှာ ပိုးကောင်ရေ နည်းနည်းတော့ ကျသွားပါနဲ့၊ ဒါပေမယ့် ပျောက်မသွားဘူး။ ( Non-responder ) ဆေးကို မတုံပြန်သူ၊ မပျောက်သူလို့ခေါ်တယ်။ “ပျောက်တယ်၊ မပျောက်ဘူး၊ ပျောက်ပြီး ပြန်ဖြစ်တယ်” ဒီလို အဖြေသုံးခု ရှိတယ်။ ဒီလိုဖြစ်နိုင်တယ်လို့ သိထားရမယ်။ဒီသုံးမျိုးထဲက ဘယ်တစ်မျိုးမှာပါမလဲ မသိဘူး။ ဆေးထိုးပြီးမှ “ဟင်း ဈေးကြီးပေးရပြီး ပျောက်လည်းမပျောက်ဘူး” ဆိုလာသူတွေအစကတည်းကသိဖို့ သတိပေးချင်ပါတယ်။ ကုထုံး၏ ဆိုးကျိုးအာနိသင် ဈေးကလည်းကြီး၊ ပျောက်နှုန်းလည်း ရာနှုန်းပြည့်မဟုတ်၊ ဒီထက်ခက်တာက ဆေးရဲ့ဆိုးကျိုးအာနိသင်တွေများလွန်းလို့ စီပိုးကုထုံးတွေမှာ Management of side effects ဆိုးကျိုးအာနိသင်ကုထုံး ဆိုပြီး တခမ်းတနားရေးသားကြတယ်။ သွေးအားနည်းရင် Erythropoietin ဆိုတဲ့ ထိုးဆေးနဲ့ မြှင့်တင်ရတယ်။ လိုအပ်ရင် သွေးသွင်းရသေးတယ်။ ကိုက်ရ၊ ခဲရတဲ့အထဲသွေးအားကလည်းနည်းတော့ ပိုနုံးတယ်။ ဒါကလည်း အရမ်းဈေးကြီးတယ်။ သွေးဖြူဥကျရင် Granulocyte Colony Stimulating Factorဆိုတဲ့ ထိုးဆေးနဲ့ မြှင့်တင်ရတယ်။ မမြှင့်လို့လည်းမဖြစ်ဘူး။ သွေးဖြူဥကျတာနဲ့ အခြားရောဂါပိုးတွေဝင်လွယ်တယ်။ ဒီဆေးကလည်း ဈေးကြီးတာပဲ။ ဈေးကြီးတာတွေချည်းပြောလို့ စိတ်ပျက်အောင်၊ မကုအောင် ပြောတာမဟုတ်ဘူး။ ကိုယ့်ရှေ့ကဇွဲသန်သန်နဲ့ စွန့်စွန့်စားစားကုသွားကြတဲ့ လူတွေရဲ့ကျေးဇူးစေတနာကြောင့် ဒီဆေးတွေအကြောင်း သိခွင့်ရကြတယ်။ မြန်မာပြည်မှာလည်း ကုခွင့်ရကြတယ်။ ပျောက်သူလည်းရှိ၊ မပျောက်သူလည်းရှိ။ သူတိုသာမကုရင် ဆေးကုမဏီတွေ ဘယ်ဝင်ကြပါ့မလဲ။ ဒီလို ဈေးသက်သက်သာသာနဲ့ မြန်မာပြည်မှာ ဘယ်ကုခွင့်ရပါ့မလဲ။ ဈေးကြီးတယ်ဆိုတာတောင် နိုင်ငံခြားသွားကုတာနဲ့စာရင် အပုံကြီးဈေးသက်သာတယ်လို့ ပြောလို့ရပါတယ်။ သွေးမွှားဥကျရင် သွေးမွှေးဥဖြည့်ရတယ်။ စိတ်ကျရောဂါဖြစ်ရင် စိတ်ကျရောဂါဆေးကို ကြိုကြိုတင်တင် သောက်ရတယ်။ ကိုယ်လက်ကိုက်ရင် အကိုက်အခဲပျောက်ဆေး Paracetamol ကို သောက်ရတယ်။ မြန်မာတွေက ညည်းသာညည်းတာ၊ ဆေးသောက်ပါဆိုတော့ မသောက်ဘူး။ ဟိုလူပြော၊ ဒီလူပြောနဲ့ Paracetamol သောက်ရမှာကြောက်တယ်၊ တွန့်တယ်။ တကယ်တော့ သောက်ရမယ်။ C ပိုးကုရင် Interferon ကြောင့် စိတ်တိုလွယ်တယ်။ ဒေါသထွက်တယ်၊ စိတ်ဓာတ်ကျတယ်၊ ကြေးများတယ်၊ ဇီဇာကြောင်တယ် အမျိုးမျိုးဖြစ်လာတယ်။ ဒါတွေကို လူနာရော မိသားစုပါ ကြိုသိထားဖို့လိုတယ်။ ဇီဇာကြောင်လွန်းအားကြီးလို့ လူနာနဲ့ဆွေးနွေးရမှာကို နည်းနည်း ကြောက်လာကြောင်း ရန်ကုန်ဆေးပညာနှီးနှောဖလှယ်ပွဲ တစ်ခုမှာတင်ပြတယ်။ အဲဒီလိုတင်ပြတော့ ထိုင်းကဆရာဝန်က “ ဟုတ်တယ် လူနာတစ်ယောက် က သိပ်ဂျီတိုက်လွန်းအားကြီးတော့ သူ့မိန်းမက ‘ ဒီဆေးကိုရပ်ပါတော့၊ မဟုတ်ရင် ဆရာဝန်ကိုဖြစ်ဖြစ်၊ သူ့ယောက်ျားကိုဖြစ်ဖြစ် သတ်မိလိမ့်’ လို့ပြောတယ်” တဲ့။ ဒါတွေပြောနေရတာဟာ ဆေးမသုံးဖို့ခြောက်တာမဟုတ်ဘူး။ ဆေးသုံးရင် ကြိုတင်သိရ ကြိုတင်ပြင်ဆင်ခွင့်ရနိုင်တဲ့ အရာတွေမို့ပြောနေရတာ။ ခြောက်လ၊ တစ်နှစ် ဆိုတာ ဘာမှရှိတာ မဟုတ်ဘူး။ ဒီဆေးကုသချိန်လေးမှာဘဲ နားလည် သည်းခံဖို့လိုတယ်။ စားဆေး (Ribavirin) သူက သွေးနီဥတွေကို ကွဲစေတယ်။ သွေးအားနည်းစေတယ်။ ကျောက်ကပ်ရောဂါရှိရင် လုံးဝမသုံးရဘူး။ ကိုယ်ဝန် ဆောင်မသုံးရဘူး။ ယောက်ျားပဲကုကု၊ မိန်းမပဲကုကု ကုထုံးပြီးတဲ့နောက်ခြောက်လအထိ ကလေးမယူရဘူး ငွေကုန်အကျိုးမရှိ ဖြစ်မလား C ပိုး မပျောက်ဘူးဆိုရင်လည်း ထိုက်သင့်သလောက် ငွေကုန်ရကျိုးနပ်တယ်လို့ ပြောရမှာဘဲ။ ဒါတွေကလည်း ခုမှပြောလို့ရတာ။ စီပိုးပျောက်တဲ့လူတွေရော၊ မပျောက်တဲ့ လူတွေရော နောက်ကြောင်းပြန်လေ့လာလိုက်တော့မှ ငွေကုန်- အကျိုးမရှိမဖြစ်မှန်း သိပပညာရှင်တွေက သိကြရတယ်။ (၁) ရောဂါရှေ့ဆက်မတိုးဘူး။ (၂) အသည်းခြောက် နေတဲ့လူတောင် အတန်အသင့်ပြန်ကောင်းတယ်။ (၃) ရောဂါအခြေအနေငြိမ်တယ်။ (၄) ကင်ဆာဖြစ်နိုင်တဲ့ အခွင့်အရေးနည်းသွားတယ်။ ဒီလိုအခွင့်အရေးတွေအပြည့်အ၀မဟုတ်ပေမယ့် ရတန်သလောက်ရတယ်လို့ သိရမယ်။ မင်းဆရာဝန်လား၊ ငါဆရာဝန်လား အရင်တုန်းက ရောဂါတစ်ခုအတွက် လိုအပ်တဲ့ကုထုံးကို ဆရာဝန်ကြီးက ဆုံးဖြတ်ပေးတယ်။ လူနာက နည်းနည်းပါးပါး မေးတယ်ဆိုရင်၊ လျှာရှည်တယ်လို့ ထင်လာတယ်ဆိုရင် “ မင်းဆရာဝန်လား၊ ငါဆရာဝန်လား”၊ “ငါခိုင်းတာလုပ်” လို့ပြောခဲ့ကြတယ် တဲ့။ ခုခေတ်ကျတော့ ဒီလိုမဟုတ်တော့ဘူး။ မရရအောင်ရောဂါရှာမယ်။ မရရအောင်ကုမယ်။ စားဆေးအစုံစုံ၊ ထိုးဆေးအဖုံဖုံဖြစ်လာတော့ ကုသစရိတ်က ကျယ်ပြန့်ကြီးမားလာတယ်။ ဒီတော့ ဆရာဝန်ကြီးက ဆုံးဖြတ်ပေးလို့ မရတော့ဘူး၊ ငွေကုန်ခံရမယ့်လူနာနဲ့ လူနာရှင်တွေက ဆုံးဖြတ်ပိုင်ခွင့် ရှိလာတယ်။ သူတို့ဆုံးဖြတ်နိုင်အောင် ရောဂါနဲ့ပတ်သက်ပြီး စမ်းသပ်ရှာဖွေမှုတွေနဲ့ ပတ်သက်ပြီး ရှင်းပြကြရတယ်။ ဆရာဝန်-လူနာ တတွဲတွဲပေါ့။ အင်္ဂလိပ်လိုတော့ (Patronism to Partnership) လို့ပြောရလိမ့်မယ်။ရောဂါကိုသိမှ၊ ကုထုံးကိုသိမှ၊ ဆေးအကျိုးတွေကိုသိမှ၊ ဇွဲနဲ့ကုထုံးကို တွဲကပ်ထားမှ မဟုတ်လား။ သိမှ လုပ်တက်တာလေ။ တစ်ခုရှိရင်တော်လောက်ပြီ C ပိုးတစ်ခုရှိရင် တော်လောက်ပြီ။ C ပိုးတစ်ခုရှိရုံနဲ့ လုပ်ရမယ့်ကရိကထများလှတယ်။ B ပိုးတို့၊ A ပိုးတို့ မလိုချင်နဲ့တော့ ကာကွယ်ထား၊ တားထား၊ B ပိုးတားချင်ရင် ကာကွယ်ဆေးသုံးကြိမ်ထိုးရတယ်။ ဆေးသုံးလုံးပြည့် အောင်ထိုးရတယ်။ A ပိုး (အသည်းရောင်အသားဝါ A) က ကလေးဆိုရင် ဆေးနှစ်လုံး၊ လူကြီးဆိုရင် ဆေးသုံးလုံးနဲ့ တားလို့ရတယ်။ အရက်ကြောင့်လည်းအသည်းရောဂါ ဖြစ်တက်တာဆိုတော့ အရက်ကို ကြပ်ကြပ်မတ်မတ် ရှောင်ရမယ်။ ၀ီစကီလည်း အရက်ပဲ၊ ရမ်းလည်း အရက်ပဲ၊ချက်အရက်လည်း အရက်ပဲ၊ ၀ိုင်လည်း အရက်ပဲ၊ ဘီယာ လည်းအရက်ပဲ၊ ဒါတွေအားလုံးကိုရှောင်ရမယ်။ စီပိုးနဲ့ဘီပိုး ဘယ်ဟာပိုဆိုးသလဲ B ပိုးကကာကွယ်လို့ရတယ်။ ကာကွယ်ဆေးကောင်းကောင်းရှိတယ်။ ဒါပေမယ့် B ပိုးမှာ C ပိုးလို ယတိပြတ် ကုထုံးတွေမရှိဘူး။ C ပိုးမှာက ယတိပြတ်ကုထုံးတွေရှိတယ်။ B ပိုးမှာက စောင့်ကြည့် စောင့်ကြည့်နဲ့ လိုအပ်ရင် သင့်တော်တဲ့ အချန်တစ်ခုခုမှာကုပါ ဆိုတဲ့နည်း (Wait and Monitor) လုပ်ရတယ်။ C ပိုးမှာက ယတိပြတ်ကုထုံးရှိတော့ စောစောကု စောစောကောင်းပဲ။ အသည်းခြောက်တဲ့အဆင့်ရောက်မှ ကုတော့ ပိုရှုပ်တာပေါ့။ Hit Hard Early စောစောကတည်းက C ပိုးကိုနာနာထုထည့်လိုက်ရမယ်တဲ့။ အသည်းအစ ယူမလား C ပိုး(၂) နဲ့ (၃) မှာ အသည်းအစယူဖို့မလိုဘူး။ ဒီအတိုင်းကု။ (၁)၊ (၄)၊ (၅)၊ (၆) မှာတော့ယူဖို့လိုရင် ယူရမယ်တဲ့။ယူဖို့လိုတယ်၊ မလိုဘူးငြင်းခုံတုန်း။ ဒါပေမယ့် ဒီ(မန္တလေး)မှာတော့ မယူဘဲ ကုလိုက်တယ်။ ကိုယ်ရဲ့ လက်တွေ့ဆန်တဲ့ယူဆချက် ခိုင်ခိုင်မာမာ နဲ့ပဲ ကုလိုက်တယ်။ ပျောက်တာလည်း ခက်တယ်၊ ကုထုံးကလည်း ဈေးကြီးတယ်၊ ရေရှည်မှာ ဆိုးကျိုးဖြစ်တဲ့ အသည်းခြောက်ရောဂါနဲ့ အသည်းကင်ဆာကလည်း ခြောက်လှန့်တယ်၊ ဆွေမျိုးထဲမှာလည်း သေဖူတယ်၊ မိတ်ဆွေတွေထဲမှာလည်း သေတာတွေ့ဖူးတယ်၊ဒါကြောင့် စိတ်ပျက်အားငယ် နေတက်တယ်။ ဒါကို အခွင့်ကောင်း ယူပြီး ချောင်းနေတဲ့ တိုင်းရင်းဆေး၊ အနောက်တိုင်းဆေးတွေနဲ့လူတွေကအများကြီး။ သေသေချာချာသိ ကြောက်စိတ်၊ အားငယ်စိတ်တွေကို ခွာချပြီး ဇွဲနဲ့ကုရတယ်လို့ပြောချင်တယ်။ နိုင်ငံတကာဇတ်ခုံမှာ ပီပီပြင်ပြင်ဖြစ်လာနေတဲ့ C ပိုးကုထုံးဟာ ပြည်သူ လူထုအထဲမှာ ကျယ်ပြန့်လာတော့မယ် ဆိုတော့စဉ်းစားနိုင်သမျှ စဉ်းစားဖို့၊ သိနိုင်ဖို့အတွက် ပြောလိုက်ရပါ တယ်။ (ဒေါက်တာဦးသံစစ်) Life Style မဂ္ဂဇင်း Vol.No.12, November 2007 မှပြန်လည်ထုတ်နုတ်တင်ပြသည်။ By:Than Sitt (Liver Myanmar)
Posted on: Sun, 09 Jun 2013 16:32:39 +0000

Trending Topics



Recently Viewed Topics




© 2015