ဆက်သွယ်ရေး - TopicsExpress



          

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်ရေး ကမ္ဘာ့ဘဏ် ကူညီမည် နေပြည်တော်၊ သြဂုတ် ၂၁ ဆက်သွယ်ရေး ဥပဒေအရ ဖွဲ့စည်းမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်း များကို ကြီးကြပ်မှု အဖွဲ့ (Regulatory Body) အား နည်းပညာနှင့် မူဝါဒပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်သွား မည် ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ အိုင်စီတီ မူဝါဒရေးရာ ကျွမ်းကျင်သူ Ms. Tenzin Dolma Norbhu က The Voice သို့ ပြောကြားသည်။ ယင်းသို့ ကူညီရန် ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ကြီးကြပ်မှုဆိုင်ရာ မူဝါဒနှင့် စည်းမျဉ်းများ ရေးဆွဲရေး မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MCF)၊ လန်ဒန် အခြေစိုက် GSMA အဖွဲ့အစည်းတို့ နှင့် ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲ တစ်ရပ်ကို သြဂုတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ အထိ နေပြည်တော်၌ ကျင်းပနေကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။ အစိုးရက ဆက်သွယ်ရေး ကဏ္ဍ၌ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ဝင်ရောက် လုပ်ကိုင်ရန် ခွင့်ပြုပြီးနောက် ယင်းအဖွဲ့အစည်းများကို ထိန်းကျောင်း ကြီးကြပ်မည့် အဖွဲ့ကို ဖွဲ့စည်းပေးရန် လိုအပ်လာသည့် အတွက် ကမ္ဘာ့ဘဏ်၏ အကူအညီကို ရယူ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြားသည်။ “ကမ္ဘာ့ဘဏ်က Regulatory Body ဖွဲ့တဲ့အခါ လိုအပ်မယ့် နည်းပညာ၊ စည်းမျဉ်းဆိုင်ရာကို အဓိက ကူညီတာ၊ အဖွဲ့ ဖွဲ့တဲ့ အခါတော့ ကိုယ်စားပြု ပါဝင်သွားဖို့ မရှိပါဘူး” ဟု Ms. Tenzin က ဆိုသည်။ အဆိုပါအဖွဲ့ကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ အဖွဲ့ဝင်များဖြင့် ဦးဆောင် ဖွဲ့စည်းမည် ဖြစ်ပြီး ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် လုံးဝ လွတ်လပ်သည့် အဖွဲ့အစည်းအဖြစ် ပြောင်းလဲ သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက လွှတ်တော်သို့ တင်သွင်းထား သည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းပြီး ရက်ပေါင်း ကိုးဆယ် အတွင်း ဖွဲ့စည်းမည့် ကြီးကြပ်မှု အဖွဲ့တွင် MCF အဖွဲ့ဝင်များ ပါဝင်ဖွယ် ရှိကြောင်း MCF အမှုဆောင် ဦးရဲမြတ်သူက ပြောကြားသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရာတွင် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ (ITU) တို့ အဓိက ပါဝင် ကူညီ နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနထံမှ သိရသည်။ The voice
Posted on: Thu, 22 Aug 2013 04:19:19 +0000

Trending Topics



Recently Viewed Topics




© 2015