ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် - TopicsExpress



          

ဇန်နဝါရီလ ၂၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော် #emg_editorials ဘာသာရေးနှင့် နိုင်ငံရေး၊ ဘာသာရေးနှင့် နိုင်ငံတော် ဇန်န၀ါရီ ၁၅ ရက်တွင် မန္တလေးမြို့ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီး၌ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ ဖွဲ့စည်းသည့် ညီလာခံကျင်းပခဲ့ပြီး သဘောထားကြေညာချက် ၁၀ ချက် ထုတ်ပြန်ခဲ့သည်။ ယင်းနောက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး၊ အမျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးနှင့် သဘောထားကြေညာချက် ၁၀ ချက်အပေါ် အကြောင်းပြု၍ လူထုကြားတွင် သဘောထားကွဲလွဲမှုအချို့ ပေါ်ပေါက်လာခဲ့သည်။ အချို့က အမျိုးဘာသာသာသနာ စောင့်ရှောက်နိုင်ရေး သံဃာတော်များ၏ ကြိုးပမ်းမှုနှင့် သဘောထားကြေညာချက်များသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသည်။ ခေတ်နောက်ပြန်ဆွဲနေသည်။ အာဏာရှင်အငွေ့အသက်များပါနေပြီး ပြည်သူလူထုကို ဖိနှိပ်သည့်သဘော ဆောင်နေသည် စသဖြင့် ဝေဖန်ကြပြီး သံဃာတော်များသည် နိုင်ငံရေးတွင် မပါဝင်သင့်၊ ဘာသာရေးနှင့် နိုင်ငံရေးကင်းရှင်းအောင် ထားရမည်ဟူသည့် အသံများလည်း ထွက်ပေါ်လာသည်။ မြန်မာ့နိုင်ငံရေးသမိုင်းတွင် သံဃာတော်များသည် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသည်။ လွတ်လပ်ရေးကြိုးပမ်းမှုတစ်လျှောက် ဆရာတော်ဦးဝိစာရနှင့် ဆရာတော်ဦးဥတ္တမတို့ ပါဝင်ခဲ့ကြသကဲ့သို့ ၈၈ အရေးတော်ပုံ၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတို့တွင်လည်း သံဃာတော်များ ပါဝင်ခဲ့ကြသည်။ အမှန်တကယ်၌လည်း ဘာသာရေးဟူသည် နိုင်ငံရေးမှ ကင်းလွတ်လျက် သီးခြားရပ်တည်နေသော အကြောင်းခြင်းရာမဟုတ်ပေ။ နိုင်ငံရေးကိုေ၀၀ါးသွားအောင် ဘာသာရေးမှိုင်းတိုက်မှုမျိုး မပြုသင့်ဆိုခြင်းမှာ မှန်ကန်သော်လည်း သီးခြားကဏ္ဍဖြစ်သည်။ နိုင်ငံနှင့် ပြည်သူတို့အတွက် အမှန်တကယ် အရေးကြုံလာပါက သံဃာတော်များ မလွှဲမရှောင်သာ ပါဝင်ပတ်သက်လာမည်ဖြစ်သည်။ ရေရရှိရေးအကြောင်းပြု၍ နှစ်နိုင်ငံစစ်မက်ဖြစ်ပွားမည့်အရေး ပေါ်ပေါက်လာသည့်အခါ ဗုဒ္ဓမြတ်စွာဘုရားပင် မနေသာတော့ဘဲ နိုင်ငံရေးတွင် ပါဝင်ပတ်သက်ကာ တရားဟောကြားမှု ပြုလုပ်ရသည်။ အမှန်တကယ်၌ နိုင်ငံရေးနှင့် ဘာသာရေးကိစ္စသည် နိုင်ငံတော်နှင့် ဘာသာရေးကိစ္စနှင့် များစွာကွဲပြားခြားနားသည်။ နိုင်ငံတော်နှင့် ဘာသာရေး သီးခြားခွဲထားရမည်ဆိုခြင်းမှာမူ မှန်ကန်သည်ဟု ဆိုနိုင်သည်။ ဤနေရာတွင် နိုင်ငံတော်ဟူသည် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးဟူသည့် အာဏာသုံးရပ်ကို ရည်ညွှန်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများနှင့် ရေ၊ မြေ၊ တောတောင်သဘာဝ အစရှိသော သဘာ၀၀န်းကျင်များသာမက ယဉ်ကျေးမှုနှင့် လူမှုဝန်းကျင်ချင်းပါ လွန်စွာကွာခြားလှသောကြောင့် အနောက်တိုင်းလွတ်လပ်မှုကို ပုံတူကူး၍ မရနိုင်ပေ။ လွတ်လပ်သော အချုပ်အခြာနိုင်ငံအဖြစ် ရပ်တည်နိုင်ရေးတွင် လူ့အခွင့်အရေးကို အကြောင်းပြလျက် အမျိုး၊ ဘာသာ၊ သာသနာကို ထိခိုက်လာမည့် အန္တရာယ်များကိုလည်း သတိပြုရမည်။ မြန်မာနိုင်ငံသည် လူဦးရေပေါက်ကွဲမှုနှင့် ကြုံနေရသောနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံဖြစ်သောကြောင့် အမျိုးပျောက်မည်ကို စိုးကြောက်ခြင်းသည် ကျိုးကြောင်းဆီလျော်သည်ဟု ဆိုနိုင်သည်။ ထို့အတူ သမိုင်းအဆက်ဆက်၊ မင်းအဆက်ဆက် ဗုဒ္ဓသာသနာတော် ထွန်းကားရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် သာသနာထွန်းကားရာ နေရာလည်းဖြစ်သည်။ သူတစ်ပါး၏ ဘာသာသာသနာကို ထိခိုက်စော်ကားခြင်းမရှိဘဲ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါဝင်သည့် လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့်လည်း ဆန့်ကျင်နေခြင်းမရှိပါ။ ဘာသာရေးကို စည်းရုံးရေးအသွင်ဖြင့် နိုင်ငံရေးတွင် လူကြိုက်များရေးအတွက် အသုံးမပြုရန်သာလိုအပ်သည်။ ထို့ကြောင့် ဘာသာရေးကို နိုင်ငံရေးနှင့် လုံးဝကင်းရှင်းရမည်ဆိုခြင်းသည် ဆီလျော်မှုမရှိပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသားအပ်ပါသည်။
Posted on: Tue, 21 Jan 2014 03:17:40 +0000

Trending Topics



Recently Viewed Topics




© 2015