တတိယမြောက် - TopicsExpress



          

တတိယမြောက် ခုံးကျော်တံတား၏ ယာဉ်ကြောပြဿနာ Friday 9th August 2013 မြောက်ဥက္ကလာပမှ ရန်ကုန်မြို့တွင်းသို့ လာရောက်အလုပ် လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း တစ်ဦးဖြစ်သူ ကိုကျော်နိုင် (အမည်လွှဲ) တစ်ယောက် ၎င်းဖြတ်ကျော်သွားရမည့် ရွှေဂုံတိုင်မီးပွိုင့်၏ ယာဉ်ကြော ပိတ်ဆို့မှုကို တွေးတောကာ “ခုံးကျော်တံတား စဆောက်ကတည်းက မှတ်တိုင်ကို ရွှေ့ပေးရမှာ။ တစ်လမ်းသွား လုပ်ထားတဲ့ မှတ်တိုင်မှာ ခရီးသည် အတင်အချလုပ်တော့ လမ်းပိတ်တာပေါ့” ဟု တစ်ကိုယ်တော် ညည်းတွားရင်း အမှတ် (၂၅၅) ယာဉ်လိုင်းကို စီးနင်းလိုက်ပါ လာခဲ့သည်။ ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းဆုံ ကမ္ဘာအေး ဘုရားလမ်းပေါ်တွင် တည်ဆောက်နေသည့် ခုံးကျော်တံတား တည်ဆောက်ရေး စီမံကိန်း၏ ရွှေဂုံတိုင်မီးပွိုင့် တောင်ဘက်ခြမ်း တံတားတိုင်အမှတ် P4, P3, P2, P1, P200 နှင့် P100 တို့တွင် Cross Beam လုပ်ငန်းများ လုပ်ဆောင်သွားရန် တံတားတိုင်အမှတ် P3 မှ P100 ထိ လမ်း၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ဘက်ခြမ်း တစ်လျှောက်တွင် ယာဉ်ငယ်များသာ သွားလာနိုင်ပြီး ၁၀ ပေ နှင့် အထက်ယာဉ်လတ်၊ ယာဉ်ကြီးများ အန္တရာယ်ကင်းစွာ သွားလာနိုင်မည့် အမြင့်ကင်းလွတ်ချက် မရနိုင်သဖြင့် သြဂုတ်လ ၆ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ရက်သတ္တပတ် ခြောက်ပတ်တာ ကာလအတွင်း ကမ္ဘာအေးဘုရားလမ်းမှ ဖြတ်သန်းသွားလာမည့် ယာဉ်များသည် အနောက်ရွှေဂုံတိုင်လမ်း၊ ရေတာရှည်လမ်း၊ ကြားတောရလမ်းတို့မှ ဖြတ်သန်းသွား လာရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက တရားဝင် ထုတ်ပြန်ထားသည်။ “ဘယ်ဘက်ကသွားသွား လမ်းကပိတ်တာပဲ။ အစကတည်းက စနစ်တကျ လုပ်ဆောင်ထားတာမှ မရှိတာ၊ လမ်းကြောင်းသစ် ပြေးဆွဲရင်တော့ ခရီးသည်တွေလည်း ကမောက်ကမ ဖြစ်ကုန်မယ်။ အရင်ကတော့ ရွှေဂုံတိုင်မှတ်တိုင်ဆင်းမယ့် ခရီးသည်တွေက မီးပွိုင့်မှာလည်း ဆင်းတယ်၊ နားလည်မှုနဲ့ ကြုံသလိုပဲ ဆင်းရတယ်” ဟု ရုံးတက်ချိန် ဘတ်စ်ကားစီးရသည့် ၎င်း၏ အခက်အခဲနှင့် တွေ့ကြုံခဲ့ရပုံကို ကိုကျော်နိုင်က ပြောဆိုသည်။ ခုံးကျော်တံတားကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ရမည် ဖြစ်သောကြောင့် လုပ်ငန်းခွင်တွင် သွားလာရန် အဆင်မပြေနိုင်သည့် ဆယ်ပေအထက် ခရီးသည်တင်ယာဉ်များအတွက် ယင်း စီမံကိန်းကို ရှောင်ကွင်းသွားနိုင်မည့် လမ်းကြောင်းကို ရှာပေးရကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ရှင်းပြသည်။ ကမ္ဘာအေးဘုရားဘက်က လာသည့် ဘတ်စ်ကားများနှင့် တာမွေဘက်မှလာသော ဘတ်စ်ကားများသည် ဗဟန်း ရေတာရှည်လမ်းအတိုင်းသွားပြီး ဗဟန်းရဲစခန်းဘေးရှိ နန္ဒဝန်လမ်းအတိုင်း ထွက်၍ မူလလမ်းကြောင်းအတိုင်း သွားရမည်ဖြစ်ပြီး ဆူးလေဘက်မှလာသော ဘတ်စ်ကားများမှာ ကြားတောရလမ်းမှ ရွှေတိဂုံစေတီတော်ဘက်သို့ တက်ကာ ဗဟန်းဈေးကို ဖြတ်၍ ရေတာရှည်လမ်းအတိုင်း သွားကာ ရွှေဂုံတိုင်မီးပွိုင့်မှ မူလလမ်းကြောင်းအတိုင်း သွားရမည် ဖြစ်ကြောင်း ၎င်းက ထပ်မံ ရှင်းပြသည်။ လက်ရှိတွင် ရွှေဂုံတိုင်မီးပွိုင့်ကို ဖြတ်၍ မောင်းနှင်နေသော ခရီးသည် ဘတ်စ်ကားလိုင်း ၁၅ လိုင်း ရှိကြောင်း မထသ (ဗဟို) ၏ တရားဝင် စာရင်းများအရ သိရသည်။ ဘတ်စ်ကားများ လမ်းကြောင်းပြောင်း ပြေးဆွဲရသောကြောင့် မထသ (ဗဟို) အောက်ရှိ ခရိုင်လေးခုနှင့် မထသ (မြို့တွင်း) မှ ဝန်ထမ်းများကလည်း ကြီးကြပ်ပေးရပြီး ယာဉ်ကြောမှာလည်း ရှုပ်ထွေးမှု မရှိကြောင်း၊ လမ်းကြောင်းသစ် ပြေးဆွဲသည့် ရေတာရှည်လမ်းတွင် ဘတ်စ်ကားများ ရပ်နားရန် မှတ်တိုင်နှစ်ခု ထားပေးထားကြောင်း အဆိုပါနေရာတွင် ယာဉ်များ ကြီးကြပ်ပေးနေရသည့် မထသ (ဗဟို)မှ ဝန်ထမ်းတစ်ဦးကလည်း ပြောကြားသည်။ ရွှေဂုံတိုင် ခုံးကျော်တံတားကို ဂျပန်နိုင်ငံရှိ JFE Engineering Coporation နှင့် CDL တို့ပူးပေါင်း၍ ဒီဇိုင်းရေးဆွဲခဲ့ပြီး လမ်း၏အကွေ့အကောက် နေရာများတွင် သာမန်ထက် ပိုမိုကျဉ်း မြောင်းသောကြောင့် အကြိမ်ကြိမ် လေ့လာမှုများ ပြုလုပ်ခဲ့ရပြီး ဘေးအန္တရာယ် ကင်းရှင်းရန် ဦးစားပေး ရေးဆွဲထားကြောင်း CDL ကုမ္ပဏီထံမှ သိရသည်။ “ကျွန်တော်တို့ စီမံကိန်းစဖို့ Survey ကောက်ကတည်းက လမ်းပိတ်ဖို့တွေ ရှိပါတယ်။ စောစောပိတ်ထားရင် အခက်အခဲ အများကြီးရှိနိုင်လို့ လွတ်တဲ့နေရာတွေ အရင်လုပ်နေတာပါ။ အခု ကြမ်းခင်းလုပ်ဖို့ Cross Beam (အောက်ခံဘောင်) ရှည်တဲ့အတွက် ကားအကြီးတွေ သွားလို့မရတာပါ။ ကျွန်တော်တို့ စည်ပင်ကို ဇူလိုင် ၃၀ ရက်နေ့က ခွင့်ပြုမိန့်တင်တာပါ” ဟု ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှ စီမံအရာရှိ ဦးညီမျိုးမြင့်က ပြောကြားသည်။ မထသအမှတ် (၄၃) ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးသိန်းညွန့်ကလည်း လမ်းကြောင်းသစ်က လမ်းအနည်းငယ်ရှင်းပြီး ရွှေဂုံတိုင်လမ်းမှာ လမ်းဆိုးပြီး လမ်းကျဉ်းမြောင်းသောကြောင့် ကားမောင်း ရာတွင် အဆင်မပြေကြောင်း ၎င်း၏အမြင်ကို ပြောကြားသည်။ လမ်းကြောင်းသစ်မှာမြန်၍ လမ်းကြောပိတ်ဆို့မှု မရှိကြောင်း ခရီးသည်များကလည်း တညီတညွတ်တည်း ပြောဆိုသည်။ “မနေ့ကမှ အဲ့ဒီလမ်းကို တစ်လခွဲလောက်ပိတ်ဖို့ ညွှန်ကြားလိုက်တာ။ အဲဒါကြောင့် လမ်းကြောင်းလွှဲတဲ့ ဆိုင်းဘုတ်တွေ ထောင်ရတယ်” ဟုလမ်းတံတားဌာန၊ ယာဉ်ထိန်းအင်ဂျင်နီယာဌာနခွဲမှ တာဝန်ခံ အင်ဂျင်နီယာ ဦးခိုင်ဇော်ဝင်းက ဆိုသည်။ ရေတာရှည်လမ်း တစ်လျှောက်တွင် ယာဉ်ထိန်းရဲ ၁၄ ဦး၊ မထသ မှ ၁၀ ဦး၊ အခြားတာဝန်ရှိသူများ အပါအဝင် ၃၀ ဦးခန့်က ယာဉ်များကို ကြီးကြပ်ပြီး ဗဟန်းဈေးအနီးတွင် စည်ပင်သာယာရေးကော်မတီ ဝန်ထမ်းများက တာဝန်ယူ ကြီးကြပ်ပေးကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့ခွဲမှူး (ရန်ကုန်တိုင်းဒေသကြီး) ဦးသာဌေးက ဆိုသည်။ အဆိုပါ ခုံးကျော်တံတားမှာ နိုဝင်ဘာလ အပြီးတည်ဆောက်မည်ဟုလည်း ရွှေဂုံတိုင် ခုံးကျော်တံတား စီမံကိန်းမှ စီမံအရာရှိ ဦးညီမျိုးမြင့်က ပြောကြားသည်။ ဧပြီလ ပထမပတ်ကလည်း ဘုရင့်နောင်တံတား စီမံကိန်းအတွက် လုပ်ငန်းခွင် အဆင်ပြေစေရန် ဘတ်စ်ကားများကို ထိန်းသိမ်းပေးခဲ့ပြီး ဘုရင့်နောင်လမ်းဆုံ မရောက်ခင် နေရာမှစ၍ လမ်းကြောင်း သစ်များဖြင့် လမ်းကြောင်းပြောင်း ပြေးဆွဲပေးခဲ့ရကြောင်း မထသ (ဗဟို) မှ စုံစမ်းသိရသည်။ ထိုသို့ လမ်းကြောင်းပြောင်း ပြေးဆွဲပေးသော်လည်း လမ်းပိတ်ဆို့မှုများ ရှိခဲ့ကြောင်း၊ ယခုချိန်ထိလည်း မကြာခဏ ပိတ်ဆို့ကြောင်း အဆိုပါ တံတားစီမံကိန်းကို ဖြတ်၍ သွားလာနေရသည့် ခရီးသည်များက ဆိုသည်။ လောလောဆယ် ဘုရင့်နောင်တံတားကို လမ်းပိတ်၍ လုပ်ဆောင်ရန် မရှိသေးကြောင်း လမ်းတံတားဌာန၊ ယာဉ်ထိန်း အင်ဂျင်နီယာဌာနခွဲမှ တာဝန်ခံ အင်ဂျင်နီယာ ဦးခိုင်ဇော်ဝင်းက ပြောဆိုသည်။ အဆိုပါ ဘုရင့်နောင်တံတား စီမံကိန်းတွင် ကားကြီးများ ဖြတ်ခွင့်ရသည့်နေရာ ရှိသကဲ့သို့ ဖြတ်ခွင့်မရသည့် နေရာများလည်း ရှိကြောင်း၊ ယာဉ်အရေအတွက်ကို ကန့်သတ်ထားသည့် နေရာ များလည်း ရှိသောကြောင့် ဘတ်စ်ကား ၁၀ စီး ပြေးဆွဲနေပါက ငါးစီးသာ ပြေးဆွဲစေပြီး ကျန်ငါးစီးကို လမ်းကြောင်းပြောင်း ပြေးဆွဲခိုင်းခဲ့ကြောင်း မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က အသေးစိတ် ရှင်းပြခဲ့သည်။ ထို့ပြင် စတင်အသုံးပြုနေပြီ ဖြစ်သော လှည်းတန်း ခုံးကျော်တံတားပေါ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ မရှိသော်လည်း တံတားအောက်တွင် ခရီးသည်တင်ယာဉ် ဘတ်စ်ကားများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ မကြာခဏ ကြုံတွေ့ရကြောင်း အငှားယာဉ်မောင်း တစ်ဦးဖြစ်သူ ကိုမင်းမင်းဦးကလည်း ညည်းတွား ပြောဆိုသည်။ “တံတားဆောက်နေတုန်းက လမ်းတွေပိတ်တယ်။ တံတားပြီးတော့ လမ်းပိတ်တာ သိပ်မတွေ့ရတော့ဘူး” ဟု လှည်းတန်း ခုံးကျော်တံတားအနီးတွင် သွားလာလျက်ရှိသော ခရီးသည်များထံမှ စုံစမ်းသိရှိရသည်။ ရွှေဂုံတိုင် ခုံးကျော်တံတား၏ လမ်းအကျယ်မှာ ၄၅ ဒသမ ၅၉ ပေ ရှိပြီး တံတားအရှည်မှာ၂၀၅၉ ဒသမ ၅၅ ပေ ရှိကာ အမြင့်ဆုံး ယာဉ်ခံနိုင်ဝန်မှာ တန် ၆၀ ဖြစ်ကြောင်း ရွှေဂုံတိုင် ခုံးကျော်တံတား တည်ဆောက်ခွင့်ရသည့် Capital Development ကုမ္ပဏီက တရားဝင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရွှေဂုံတိုင် ခုံးကျော်တံတားကို လေးလမ်းသွား ပင်မတံတားအရှည် ၄၂၁ မီတာ၊ ချဉ်းကပ်တံတားအရှည်မှာ မြောက်ဘက်ခြမ်းတွင် ၁၅၀ ဒသမ ၇ မီတာ နှင့် တောင်ဘက်ခြမ်းတွင် ၅၆ ဒသမ ၀၅ မီတာ ရှိမည်ဖြစ်ပြီး သံကူကွန်ကရစ် တံတားအမျိုးအစားအဖြစ် တည်ဆောက် သွားမည်ဟုလည်း သိရသည်။ ယင်းရွှေဂုံတိုင် ခုံးကျော်တံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က တံတားဒီဇိုင်းကို တွက်ချက်၍ ကျပ်ငွေ တစ်ဆယ့်သုံးဘီလီယံ အသုံးပြုခွင့်ပေးမည် ဖြစ်ကြောင်း၊ ယင်းငွေကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ထုတ်ပေးမည်ဟု ယင်း Capital Development ကုမ္ပဏီ ဒါရိုက်တာ ဦးအေးသော်က ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော်တွင် အဆင့်မြင့် တံတားများ တည်ဆောက်ရန်နှင့် ယာဉ်ကြော ရှုပ်ထွေးမှုကို လျှော့ချနိုင်ရန် ခုံးကျော်တံတားသုံးစင်း တည်ဆောက်သွားရန် တရားဝင် ကြေညာခဲ့ပြီး ပထမဆုံး အနေနှင့် လှည်းတန်း ခုံးကျော်တံတားကို ရွှေတောင်ကုမ္ပဏီက ၂၀၁၂ ခုနှစ် မတ်လတွင် စတင် တည်ဆောက်ခဲ့ကာ ၂၀၁၃ ခုနှစ် ဧပြီလ ၁၀ ရက်တွင် ယာဉ်များ စတင်သွားလာနိုင်ခဲ့သည်။ ၎င်းနောက် ဆောက်လုပ်ဆဲ တံတားဖြစ်သည့် ဘုရင့်နောင် ခုံးကျော်တံတားကို First Myanmar Investment Co.,Ltd. (FMI) က ၂၀၁၂ခုနှစ် ဇွန်လတွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် အသုံးပြုနိုင်မည်ဟု သတင်းများက ဆိုသည်။ ယခု တတိယမြောက် ခုံးကျော်တံတားဖြစ်သော ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် အပြီးဆောက်လုပ် မည်ဟုလည်း ယင်းတံတား စီမံကိန်းထံမှ စုံစမ်းသိရှိရသည်။ ထို့အပြင် ထပ်မံ၍ ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရေးအတွက် မြန်မာ့မီးရထားကလည်း အင်းစိန် ရထားခုံးကျော်တံတား၊ သစ္စာရထားခုံးကျော်တံတား၊ ခရေပင် ရထားခုံးကျော်တံတား၊ သမိုင်း ရထား ခုံးကျော်တံတားဟူ၍ ခုံးကျော်တံတား လေးစင်းကို ဆောက်လုပ်မည် ဖြစ်ပြီး လမ်းပိတ်ဆို့မှုများ ပိုမိုဖြစ်ပွားနေသော အင်းစိန် ရထားခုံးကျော်တံတားကို ဇွန်လမှ စတင်၍ မြေပြင်အနေအထား၊ ဒီဇိုင်းနှင့် တိုင်းတာတွက်ချက်မှုများ ဆောင်ရွက်ခဲ့ကြောင်း မီးရထားဝန်ကြီးဌာန မြန်မာ့မီးရထား အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက ဆိုသည်။ အဆိုပါ ခုံးကျော်တံတား စီမံကိန်းများ ပြီးစီးသွားပါက ရန်ကုန်မြို့တော်၏ နေ့စဉ် ကြုံတွေ့နေရသော ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာကို မည်မျှအတိုင်းအတာအထိ ဖြေရှင်းပေးနိုင်မည်ကို မြို့တော်နေပြည်သူများ စိတ်ဝင်တစား မျှော်လင့်နေကြသည်။ (သဇင်ဦး၊ ဥမ္မာလွင်) The Voice Weekly
Posted on: Fri, 09 Aug 2013 13:47:56 +0000

Trending Topics



Recently Viewed Topics




© 2015