တမူးတွင် - TopicsExpress



          

တမူးတွင် တရားမဝင်ခိုးဝင်လာသော ကသည်းလူမျိုးခြောက်ဦး ဖမ်းမိ(သတင်း) ================================ ကလေး၊ ဇူလိုင် ၁၇ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အိန္ဒိယနိုင်ငံဘက်မှ တရားမဝင် ခိုးဝင်လာသော ကသည်းလူမျိုး ခြောက်ဦးကို ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ ယင်းနေ့ ညနေ ၅ နာရီ မိနစ် ၃၀ အချိန်ခန့်က တမူးမြို့ မြို့မ (၁၄) ရပ်ကွက်ရှိ ရာအိမ်မှူးဟောင်း ဦးပြုံးကိုမောင်၏ နေအိမ်အနီးတွင် အဆိုပါ ကသည်းလူမျိုးများ ဆိုင်ကယ်ကယ်ရီ ငှားရမ်းနေစဉ် ဒေသခံများ၏ သတင်းပေး တိုင်တန်းချက်အရ သွားရောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကသည်းလူမျိုးများတွင် နတ်ကိုးကွယ်သူ လေးဦး၊ ဟိန္ဒူဘာသာဝင် နှစ်ဦးပါရှိပြီး တမူးမြို့အနီး မင်းသား ကျေးရွာရှိ နတ်နန်းတစ်ခုသို့ လာရောက် ပူဇော်ကန်တော့ရန် ဖြစ်သည်ဟု ၎င်းတို့ကို စစ်ဆေးချက်အရ သိရကြောင်း အဆိုပါ စခန်းတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ယခင်က ကသည်းလူမျိုးများ လာရောက်ရာတွင် တရားဝင်ခွင့်ပြုချက် (Border Pass) ဖြင့် လာရောက်ကြကာ ခိုးဝင်လာ၍ ဖမ်းဆီးခြင်းများ မရှိခဲ့ကြောင်း တမူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါ တရားမဝင် ခိုးဝင်လာသော ကသည်းလူမျိုး ခြောက်ဦးကို တမူးမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၆၁/၂၀၁၃၊ ၁၉၄၇ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော ပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ- ၁၃(၁) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ ထပ်မံသိရသည်။
Posted on: Thu, 18 Jul 2013 05:32:01 +0000

Trending Topics



Recently Viewed Topics




© 2015