တရားဥပဒေ - TopicsExpress



          

တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကော်မတီသို့ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာ ၁၁၂၅၉ စောင်ထဲတွင် တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တိုင်ကြားစာ အများဆုံးဖြစ် Tuesday, 13 August 2013 ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ အများပြည်သူမှ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာနှင့် တင်ပြချက် စာပေါင်း ၁၁၂၅၉ စောင်ကျော် ရှိကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ ကော်မတီသို့ တင်ပြတိုင်ကြား အသနားခံသည့်စာ ၁၁၂၅၉ ကျော်ထဲတွင် တရားစီရင်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာပေါင်းမှာ အများဆုံး ပါဝင်ပြီး ဒုတိယ အများဆုံးမှာ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာများ ဖြစ်ကြောင်း၊ လယ်ယာမြေ သိမ်းဆည်း ခံရသည့် တိုင်ကြားစာမှာ တတိယ အများဆုံး ဖြစ်ကြောင်း ဖော်ပြထားသည်။ တရားစီရင်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာ အရေအတွက်မှာ ၃၈၀၀ ရှိကြောင်း၊ အုပ်ချုပ်ရေးပိုင်းနှင့် ပတ်သက်သည့် တိုင်ကြားစာ ၃၆၀၀၊ လယ်ယာမြေ သိမ်းဆည်းခံရခြင်းနှင့် ပတ်သက်သည့် တိုင်ကြားစာ ၃၄၆၆ စောင်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ လူမှုရေးတို့နှင့် ပတ်သက်သည့် တိုင်ကြားစာမှာ ၃၉၃ စောင်ဖြစ်ကြောင်း သိရသည်။ ထို့အတွက် တရားစီရင်ရေးပိုင်းနှင့် အုပ်ချုပ်ရေး ပိုင်းတို့နှင့် ပတ်သက်သည့် တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာ အရေအတွက်သည် စုစုပေါင်း အရေအတွက်၏ ၆၆ ရာခိုင်နှုန်းနီးပါး အထိရှိနေသည်။ လယ်ယာခြံမြေများကို ဥပဒေမဲ့ သိမ်းဆည်း ခံထားရခြင်း၊ သိမ်းဆည်းထား သူများက သီးစားခယူပြီး လုပ်ကိုင်ခြင်း၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရခြင်းမှ ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာအရ ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မူလပိုင်ရှင်များထံ ပြန်လည် မရရှိသေးခြင်း၊ ပြန်မရသည့်အပြင် ကျူးကျော်မှုဖြင့်ပင် ပြန်လည် တရားစွဲ ခံနေရခြင်း၊ တောင်သူများထံ ပြန်မပေးရရေး အတွက် အဆောက်အအုံများကို အတင်းတွန်းဆောက်ခြင်း များပင် ရှိနေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အုပ်ချုပ်ရေးပိုင်း အဖွဲ့အစည်းများတွင် ရာစုထက်ဝက်ကျော် စွဲကပ်နေသော အလေ့အကျင့် စရိုက်လက္ခဏာများ၊ အကျင့်ပျက် ခြစားမှုများ၊ မပျောက်မပျက် ရှိနေပြီး အချို့သော တရားရုံးများ အမှုစစ်ဆေးခြင်း၊ စွဲချက်တင်ခြင်း၊ စီရင်ချက်ချခြင်းတို့တွင် ဥပဒေနှင့်အညီ မလိုက်နာခြင်းတို့ ရှိကြောင်းလည်း ကော်မတီက လေ့လာသုံးသပ် ထားသည်။ ထို့အတွက် တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားစာများမှာ ထိုသို့သော ဥပဒေနှင့်အညီ တရားရုံး အချို့မှ မလုပ်ခြင်း၊ တရားစီရင်ရေးအပေါ် အာဏာရှိသူများမှ ၀င်ရောက် စွက်ဖက်ခြင်း၊ လွှမ်းမိုးခြင်း၊ ဖိအားပေးခြင်း များကြောင့် ဖြစ်ကြောင်းလည်း သိရသည်။ တိုင်ကြားမှု၊ အသနားခံမှုနှင့် တင်ပြမှုများထဲတွင် အမှန်တကယ် လုပ်ကိုင်မည့် အင်းလုပ်သားများထံ အင်းများကို ဥပဒေနှင့်အညီ လေလံမပစ်ခြင်း၊ ပြည်သူပိုင် သိမ်းထားသော ပစ္စည်းအချို့ကို ပြန်ပေး သည့်စာသာ ရရှိသော်လည်း ပစ္စည်းလက်ရောက် မရခြင်း၊ အချို့မြို့နယ် များတွင် ပြည်တွင်း အခွန်များ ဦးစီးဌာနက တံဆိပ်ခေါင်းခွန်၊ ရုံးခွန်များ လုံလောက်စွာ ရောင်းချမှု မရှိခြင်းတို့နှင့် ပတ်သက်မှုများ ပါဝင်ကြောင်းလည်း သိရသည်။ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ အများပြည်သူမှ တင်ပြသည့် တိုင်ကြားစာ၊ အသနားခံစာနှင့် တင်ပြချက် စာပေါင်း ၁၁၂၅၉ စောင် ကျော်ရှိကြောင်း အဆိုပါ ကော်မတီ၏ အစီရင်ခံစာအရ သိရသည်။ eleven media group
Posted on: Tue, 13 Aug 2013 00:07:59 +0000

Trending Topics



Recently Viewed Topics




© 2015