တရုတ်ပိုက်လိုင်းမှ - TopicsExpress



          

တရုတ်ပိုက်လိုင်းမှ တစ်နေ့ရရှိမည့် ရေနံစိမ်းဂါလံ လေးသောင်းအတွက် ပြည်တွင်း၌ချက်လုပ်ရန် ရေနံအမျိုးအမည် တောင်းခံထားသော်လည်း CNPC အနေဖြင့် ယခုအချိန်ထိ ပေးအပ်နိုင်မှု မရှိသေး မြန်မာနိုင်ငံကို ဖြတ်သန်း၍ တရုတ်နိုင်ငံသို့ တင်ပို့မည့် ရေနံပိုက်လိုင်းအတွက် တစ်ရက်လျှင် ရေနံစိမ်းဂါလန် လေးသောင်းရရှိမည်ဖြစ်ပြီး အဆိုပါ ရေနံစိမ်းများအား ပြည်တွင်း၌ ချက်လုပ်နိုင်ရန် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းအား တည်ဆောက်နေသည့် CNPC သို့ ပို့လွှတ်မည့် ရေနံစိမ်း အမျိုးအစားဆိုင်ရာ အချက်အလက်များ တောင်းခံထားသော်လည်း လက်ရှိအချိန်အထိ ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာနမှ ညွှန်ကြားရေးမှူး ဦးအေးချိုက ဇန်န၀ါရီ ၁၅ ရက်တွင် Eleven Media Group ၏ မေးမြန်းမှုကို ဖြေကြားသည်။ အာဖရိကနှင့် အနောက်နိုင်ငံအချို့မှ တင်သွင်းလာမည့် ရေနံစိမ်းများအား မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ ထွက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ တင်ပို့မည့် ပိုက်လိုင်းနှင့်အပြိုင် တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ပြီး အဆိုပါ ရေနံစိမ်းများ တင်ပို့မှုအတွက် မြန်မာနိုင်ငံမှ တစ်နေ့လျှင် ရေနံစိမ်းဂါလန် ၄၀၀၀၀ နှင့် တစ်နှစ်လျှင် ရေနံစိမ်းဂါလန် နှစ်သန်းအား ၀ယ်ယူသည့် ဈေးနှုန်းအတိုင်း မြန်မာနိုင်ငံ အနေနှင့် ပြန်လည်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ဝယ်ယူမည့် ရေနံစိမ်းများအား ပြည်တွင်း၌ချက်လုပ်ရန် မန္တလေးမြို့အနီးတွင် စက်ရုံဆောက်လုပ်ရန် သဘောတူညီမှုများ ယာယီရရှိထားပြီး စက်ရုံမတည်ဆောက်နိုင်မီ ကာလအတွင်း ပြည်တွင်း၌ ယခင်ချက်လုပ်နေသည့် စက်ရုံများတွင် ချက်လုပ်ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း တင်သွင်းလာသည့် ရေနံအမျိုးအမည် ကွာဟပါက ပြည်တွင်း၌ ချက်လုပ်ရန် အခက်အခဲ ကြုံတွေ့နိုင်ကြောင်း ဦးအေးချိုက ပြောကြားသည်။ “ကျွန်တော်တို့နဲ့ သဘောတူထားတာက တစ်နေ့ကို ရေနံစိမ်းဂါလန် ၄၀၀၀၀ ကို မြန်မာနိုင်ငံအတွက် ၀ယ်ဈေးအတိုင်း ပြန်လည်ရောင်းချပေးဖို့ပါ။ သူတို့တင်သွင်းလာမယ့် ရေနံစိမ်းတွေကို မြန်မာနိုင်ငံမှာ ချက်လုပ်နိုင်ဖို့အတွက် ရေနံစိမ်းအမျိုးအမည် တင်ပြဖို့ တောင်းခံထားပေမယ့် လက်ရှိအချိန်အထိတော့ တင်ပြနိုင်မှု မရှိပါဘူး။ သူတို့တင်သွင်းလာတဲ့ ရေနံစိမ်းနဲ့ မြန်မာနိုင်ငံမှာ လက်ရှိချက်လုပ်နေတဲ့ ရေနံစိမ်းနဲ့ မတူရင် ချက်လို့မရပါဘူး” ဟု ဦးအေးချိုကဆိုသည်။ တရုတ်-မြန်မာ သွယ်တန်းထားသည့် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း လုပ်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု စစ်တမ်းများ ပါဝင်မှုမရှိသဖြင့် အဆိုပါစီမံကိန်းအား ပိုက်လိုင်းဖြတ်သန်းရာ ဒေသများမှ အဖွဲ့အစည်းများက စီမံကိန်းအား ကန့်ကွက်မှုများနှင့် မြေယာလျော်ကြေး မရရှိမှု ပြဿနာများဖြင့် လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲ ဖြစ်သော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရွှေသဘာဝဓာတ်ငွေ့ကိုမူ တရုတ်နိုင်ငံသို့ ပို့လွှတ်နေပြီဖြစ်သည်။ မြန်မာနိုင်ငံမှ ဖြတ်သန်းသွားသည့် ရေနံစိမ်းပိုက်လိုင်း ဖြတ်သန်းခအဖြစ် တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ရရှိမည်ဖြစ်သည့်အတွက် တစ်နှစ်လျှင် တင်ပို့မည့် ရေနံစိမ်းတန်ချိန် ၂၂ သန်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။ ရေနံစိမ်းပိုက်လိုင်းအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် လုပ်ဆောင်နေသော်လည်း ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ် ၂၁ မြို့နယ်မှ ဒေသခံများအား ပိုင်လိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေးမှုများမှာ မရှိသလောက် နည်းပါးနေဆဲဖြစ်ပြီး နိုင်ငံတကာတွင်လည်း ရေနံပိုက်လိုင်း ပေါက်ကွဲမှုများ ဖြစ်ပေါ်နေသောကြောင့် မြန်မာနိုင်ငံတွင် ဖြတ်သန်းမည့် ရေနံပိုက်လိုင်းဆိုင်ရာ ဘေးအန္တရာယ်များအပေါ် စိုးရိမ်စရာ အခြေအနေများဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောကြားထားသည်။
Posted on: Thu, 16 Jan 2014 03:21:49 +0000

Trending Topics



Recently Viewed Topics




© 2015