ထားဝယ်-ထီးခီး - TopicsExpress



          

ထားဝယ်-ထီးခီး ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်များက တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများပြုလုပ် Created on Saturday, 24 August 2013 01:40 တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်ခွဲနှင့် မေတ္တာမြို့နယ်ခွဲ ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး စခန်းသို့ ပြေးဆွဲနေသော ခရီးသည်တင် ယာဉ်အချို့ကို သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင်အချို့က တားဆီးစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း ထားဝယ်ဒေသခံများက ပြောကြားသည်။ 'ကျွန်တော်တို့ ယာဉ်လိုင်းက တစ်စီး၊ စွမ်းသစ်ယာဉ်လိုင်းက တစ်စီးကို သူတို့တားဆီး ခဲ့တယ်လို့ သိရပါတယ်။ ထားဝယ်ကို ထွက်လာတဲ့ ထီးခီးက ယာဉ်တွေမှာ ပါလာတဲ့ ခရီးသည်တွေရဲ့ မှတ်ပုံတင်တွေ၊ ကားလိုင်စင်တွေကိုသိမ်းပြီး ခဏရပ်ခိုင်း ထားတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပြန်လွှတ် လိုက်ပါတယ်။ ခရီးသည်တွေဆီက ဘာမှမယူပါဘူး။ ထားဝယ်က အတက်ကားတွေ ကတော့ မေတ္တာမြို့မှာ ညအိပ်လိုက်ရပါတယ်။ မနက်ကျတော့ သိမ်းထားတဲ့ မှတ်ပုံတင်တွေနဲ့ လိုင်စင်တွေကို မေတ္တာရုံးမှာ ပြန်လာပေးခဲ့ပါတယ်။ တခြား ဘာမှမဖြစ်ပါဘူး' ဟု ရွှေမင်းသမီး ယာဉ်လိုင်း၏ ထားဝယ်ဂိတ် တာဝန်ခံက သြဂုတ် ၂၃ ရက်တွင် ပြောကြားသည်။ အဆိုပါ ကိစ္စရပ်သည် KNU အမည်ခံပြီး ခရီးသည်များ ပို့ဆောင်ပေးနေသည့် လိုင်စင်မဲ့ယာဉ် တစ်စင်းကို သရက်ချောင်းမြို့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် သရက်ချောင်းတွင် ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်နှင့် ဆက်စပ်မှု မရှိကြောင်း KNU တပ်မဟာ-၄ ၏ ထားဝယ်- မြိတ်ခရိုင် ဆက်ဆံရေးရုံးမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။ 'အခုလို ကားတွေကို ရပ်ခိုင်းပြီး စစ်တာကတော့ ဒီလမ်းကြောင်းပေါ်မှာ သွားနေတဲ့ လိုင်းကားတွေက စည်းကမ်းမဲ့ မောင်းနေတာရယ်၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သယ်ယူလာတာတွေ ရှိမှာစိုးလို့ စစ်ဆေးတဲ့ သဘောလောက်ပါပဲ။ ကျွန်တော်တို့က မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး သယ်ယူတာ လုံးဝလက်မခံပါဘူး။ သရက်ချောင်းဘက်မှာ KNU နဲ့ ဆက်နွယ်နေတဲ့ လိုင်စင်မဲ့ကားကို ဖမ်းလို့ အခုလို လုပ်တာလည်း မဟုတ်ပါဘူး။ အဲဒီကားက သရက်ချောင်းကို ရောက်နေတာ တစ်လလောက် ရှိပါပြီ။ အခြားကား တစ်စီးက အဲဒီကားကို တိုက်မိလို့ စစ်ဆေးရင်းနဲ့ လိုင်စင်မဲ့ကားဆိုပြီး မိခဲ့တာ ဖြစ်ပါတယ်။ တခြား ဘာပြဿနာမှ မရှိပါဘူး။ အေးဆေးပါပဲ' ဟု KNU တပ်မဟာ-၄ ဆက်ဆံရေးရုံးမှာ တာဝန်ကျ အရာရှိက ပြောကြားသည်။ သြဂုတ် ၂၂ ရက်က ဖြစ်ခဲ့သော ဖြစ်စဉ်တွင် KNU တပ်မဟာ-၄ တပ်ဖွဲ့ဝင် အချို့က ခရီးသည်ယာဉ် အချို့ကို ဆင်ဖြူတိုင် ကျေးရွာအနီး၌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အစိုးရနှင့် KNU မှ တာဝန်ရှိသူအချို့ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဖမ်းဆီးခဲ့သော ခရီးသည် ယာဉ်များကို သြဂုတ် ၂၂ ရက် ည ၁၁ ခန့် အချိန်တွင် ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။ အေးချမ်းမွန် Credit To >Eleven Media Group< Thanks Re-posted By ACM 24-8-2013 https://facebook/excellencemedia
Posted on: Fri, 23 Aug 2013 23:56:39 +0000

Trending Topics



Recently Viewed Topics




© 2015