ပြည်ပသို့ - TopicsExpress



          

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် ၃၇၀၀၀ ကျော် တင်ပို့မှုမှ ဒေါ်လာ ၉၄ သန်းကျော် ရရှိ Created on Sunday, 06 October 2013 19:05 ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် ၃၇၃၉၂ တန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၉၄ ဒသမ ၅၁၈ သန်းကျော် ရရှိထားသော်လည်း နိုင်ငံတကာဈေး ဆက်တိုက်ကျဆင်းနေမှုကြောင့် ရငွေမှာ လျော့နည်းနေကြောင်း သိရသည်။ အဆိုပါ ရငွေပမာဏမှာ ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၀ ရက်အထိ တင်ပို့မှုမှ ရငွေဖြစ်ပြီး ယခင်ဘဏ္ဍာရေးနှစ်က တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော် ရှိခဲ့သည့် နိုင်ငံတကာ ရော်ဘာဈေးမှာ ယခုဘဏ္ဍာရေးနှစ် အတွင်း၌ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ မှ ၂၇၀၀ ကြား ပေါက်ဈေးရှိပြီး အောက်တိုဘာ ၅ ရက်တွင် အမေရိကန်ဒေါ်လာ ၂၅၂၂ ပေါက်ဈေးရှိကြောင်း သိရသည်။ ယခင်နှစ် ကာလတူ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက တန်ချိန်အားဖြင့် တစ်သောင်းကျော် ပိုမိုတင်ပို့ ထားသော်လည်း ရငွေမှာ ဒေါ်လာ ၆ သန်းကျော်သာ ပိုမိုရရှိထားကြောင်း သိရသည်။ ယခု အချိန်မှာ ခြံဖွင့်ကာလ ဖြစ်သော်လည်း မိုးမကုန်သေးသဖြင့် ဈေးကွက်အတွင်းရှိ လက်ကျန်ရော်ဘာ ကုန်ကြမ်းများကိုသာ ပြည်ပသို့ တင်ပို့မှု ရှိနေပြီး အောက်တိုဘာ လလယ်တွင် ခြံများပြန်ဖွင့်ကာ ရော်ဘာကုန်ကြမ်းများကို ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း တင်ပို့သူများ အနေဖြင့် အကျဈေးဖြင့်ပင် ဆက်လက်တင်ပို့နိုင်ဖွယ် ရှိနေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ခဲ့သည်။ "ဒီနှစ်မှာ ရော်ဘာဈေး ဆက်တိုက်ကျနေတယ်။ အဓိက ဈေးကွက်ဖြစ်တဲ့ တရုတ်က အ၀ယ်နည်းနေတယ်။ အ၀ယ်များရင်လည်း သူတို့ဘက်က ဈေးဖွင့်ပြီးမှ ၀ယ်တဲ့အတွက် အကျဈေးမှာပဲ ရှိနေတယ်။ ပြည်တွင်းမှာ ရော်ဘာကို နှစ်စဉ်တိုးပြီး ထုတ်လုပ်နေတဲ့အတွက် အထွက်နှုန်းများပြီး ထုတ်လုပ်နိုင်မှုလည်း မြင့်ပါတယ်။ တန်ချိန်အနေနဲ့ ပိုပြီးတင်ပို့နိုင်တဲ့ အနေအထား ရှိပေမယ့် ဈေးကျနေတဲ့အတွက် တန်ချိန်ပိုပြီးပို့လည်း ရငွေနည်းနေတာပါ" ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ အတွင်းရေးမှူး ဦးခိုင်မြင့်က ပြောကြားသည်။ အောက်တိုဘာ ၅ ရက်တွင် ရော်ဘာကုန်ကြမ်း FOB ဈေးမှာ RSS 1 အမျိုးအစား တစ်တန်လျှင် ၂၄၀၀ ဒေါ်လာ၊ RSS 3 အမျိုးအစား တစ်တန်လျှင် ၂၃၀၀ ဒေါ်လာ၊ RSS 5 အမျိုးအစား တစ်တန်လျှင် ၂၂၀၀ ဒေါ်လာ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။ ရော်ဘာကုန်ကြမ်းများအား တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက် ရှိသည်။ အေးချမ်းမွန် Credit To >Eleven Media Group
Posted on: Mon, 07 Oct 2013 01:20:51 +0000

Trending Topics



Recently Viewed Topics




© 2015