ဖွဲ့စည်းပုံ အခြေခံဥပဒေ - TopicsExpress



          

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့အကြား ထိန်းညှိမှု မရှိသလောက် ဖြစ်နေ၍ ပြင်ဆင်ရန် လိုအပ်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပြောကြား Monday, October 7, 2013 ဥပဒေပြုရေး မဏ္ဍိုင်နှင့် တရားစီရင်ရေး မဏ္ဍိုင်တို့အကြား ထိန်းညှိမှု မရှိသလောက် ဖြစ်နေပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် အဆိုပါ ကိစ္စရပ်နှင့် သက်ဆိုင်သည့် အချက်ကို ပြင်ဆင်ရန် လိုအပ်မည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဗဟိုအလုပ်မှုဆောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက The Daily Eleven သို့ ပြောကြားသည်။ မိမိတို့ပါတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို တန်းတူညီတူရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး ဖက်ဒရယ်မူအရ ပြည်ထောင်စုမျိုး ထူထောင်ရန် ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်လာရေး၊ ပြည်ထောင်စု အစိုးရမှ ဖွဲ့စည်းပုံအရ ဗဟိုချုပ်ကိုင်မှု များနေသည့် အချက်များနှင့် အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေး ကိစ္စရပ်များအား ပြင်ဆင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။ "ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါဝါခွဲဝေမှု လုပ်ထားပြီးတော့ ပါဝါတစ်ခုနဲ့တစ်ခု ဘာမှဆက်စပ်မှု မရှိဘဲနဲ့ လုပ်ချင်သလို လုပ်ဖြစ်နေတာတွေ အများကြီး ရှိတယ်။ အဲဒါကိုလည်း ကျွန်တော်တို့ ကာဆီး၊ တားဆီးနိုင်ဖို့ လုပ်ဖို့လိုတယ်။ ဒီပါဝါ သုံးခုကို ထိန်းညှိပေးဖို့ ဆိုတာလည်း လိုတယ်။ ထိန်းညှိတဲ့ ကိစ္စမှာ အချို့နေရာမှာ အားနည်းနေတာတွေ ရှိတယ်။ ကျွန်တော်တို့ အနေနဲ့ ကြည့်မယ်ဆိုရင် လွှတ်တော်နဲ့ အစိုးရအဖွဲ့ ထိန်းညှိမှု တော်တော်ကောင်းတယ်။ လွှတ်တော်နဲ့ တရားရေး ထိန်းညှိမှု ဘာမှမရှိသလောက် ဖြစ်နေတယ်။ လုပ်ရတာ တော်တော်ခက်တယ်။ နောင်လာမယ့် ပြင်ဆင်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဒီအချက်ကိုပြင်ဖို့ လိုမယ်" ဟု ဒေါက်တာဗညားအောင်မိုးက ပြောကြားသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံအသစ် ရေးဆွဲရေးကို လက်မခံဘဲ ပြင်ဆင်မည်ဖြစ်ကြောင်း၊ သို့သော် အသစ်ရေးဆွဲရန် ပြုလုပ်နေသူများကို ကန့်ကွက်ရန် မရှိကြောင်းနှင့် ဒီမိုကရေစီ နည်းအရ ကိုယ့်အမြင်နှင့် ကိုယ်သာဖြစ်ကြောင်း . . . . . ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၁(က)တွင် "နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုလုပ်သည်" ဟု ပြဋ္ဌာန်းထားသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အထွေထွေ အခန်းပါ ဇယား(၁)ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား(၂) တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေပြု စာရင်း၊ ဇယား(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများ ပြဋ္ဌာန်းထားချက်အား ပြင်ဆင်မှုပြုလုပ်ရန် တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များမှ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်နေပြီး အဆိုပါ အချက်များ ပြင်ဆင်ရေး အဓိက မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ရပ်တည်မှု ပါဝါကို ခွဲဝေပေးရန် လိုအပ်နေသေးသည့်အတွက် ယင်းအချက်နှင့် သက်ဆိုင်သည့် အချက်များကို ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားသည်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံအသစ် ရေးဆွဲရေးကို လက်မခံဘဲ ပြင်ဆင်မည်ဖြစ်ကြောင်း၊ သို့သော် အသစ်ရေးဆွဲရန် ပြုလုပ်နေသူများကို ကန့်ကွက်ရန် မရှိကြောင်းနှင့် ဒီမိုကရေစီ နည်းအရ ကိုယ့်အမြင်နှင့် ကိုယ်သာဖြစ်ကြောင်း ဒေါက်တာဗညားအောင်မိုးက ဆိုသည်။ ထိုကဲ့သို့ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်တို့အကြား ထိန်းညှိမှု အားနည်းနေကြောင်း ဝေဖန်ပြောဆိုမှု ရှိနေပြီး ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်မှ ဒေါ်မစန်း၏ ငွေးချေယူသည့် အမှုကိစ္စနှင့် ဆက်စပ်၍ တရားရုံး ဆုံးဖြတ်မှုများကြောင့် နစ်နာခဲ့သည်ဟုဆိုကာ လွှတ်တော်သို့ တိုင်ကြားမှုအား အမျိုးသားလွှတ်တော်မှ စုံစမ်းရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့ပြီး လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့မှုကို ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီး ဦးစိုးညွန့်က လွှတ်တော်အနေဖြင့် တရားရေး ကိစ္စအား ၀င်ရောက်စုံစမ်းခြင်း ထောက်ပြပြောဆိုမှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ ပြောဆိုမှုများနှင့် စပ်လျဉ်း၍ သြဂုတ် ၃၀ ရက်က ပြုလုပ်သော အမျိုးသားလွှတ်တော်၌ တရားသူကြီး ဦးစိုးညွန့်အား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တုံ့ပြန်ပြောကြားရာတွင် အချုပ်အခြာအာဏာ သုံးရပ်အား တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံးပြီးမှ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမည် ဖြစ်ကြောင်း၊ ပိုင်းခြားကျင့်သုံးသည်မှာ ယတိပြတ်ပိုင်းခြင်း ကျင့်သုံးခြင်း မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တတ်နိုင်သမျှဆိုသည့် စကားရပ် ပါကြောင်း၊ တရားရုံး တစ်ရုံး၏ ဆုံးဖြတ်ချက် မချသေးရသည့် အမှုကိစ္စကို လွှတ်တော်၌ ဆွေးနွေးခြင်း မပြုရဟု လွှတ်တော်နည်းဥပဒေတွင် ပြဋ္ဌာန်းထားခြင်းသည် စည်းတားထားသည့် သဘောပင်ဖြစ်ကြောင်း၊ သို့သော် ဆုံးဖြတ်ချက် ချပြီးသား ကိစ္စမှန်သမျှ လွှတ်တော်တွင် ဆွေးနွေးထောက်ပြပိုင်ခွင့်ရှိကြောင်း ပါဝင်သည်။ Eleven Media Group myanmaronlinenews.net/2013/10/blog-post_5084.html
Posted on: Mon, 07 Oct 2013 01:28:38 +0000

Trending Topics



Recently Viewed Topics




© 2015