ဘဝမှာ - TopicsExpress



          

ဘဝမှာ နေထိုင်ခြင်းအနုပညာ Eagle Breeze မြို့ပြင်ထွက်လို့ လယ်ကွင်းတွေမြင်ရတယ်ဆိုရင်ပဲ စိတ်ကလွတ်လပ်ပေါ့ပါးသွားလိုက်တာ။ လက်က လီဗာကိုတင်းလိုက်တော့ ဆိုင်ကယ်က မြားတစ်စင်းလို လေကိုခွင်းသွားတယ်။ ကျွန်တော်က မောင်းသူ၊ သားကအလယ်၊ သားတို့အမေက နောက်မှာ။ ကိုထီးသီချင်းထဲကလို ဘီးကလေးနဲ့ မိသားစုလေးပေါ့။ ပုသိမ်ကို ပေါ့ပေါ့ပါးပါးကိစ္စလေးတစ်ခုနဲ့ သွားကြတာပါ။ အလျင်လိုစရာလည်းမရှိ။ အသားကျလေးပဲစီးလို့။ လေကလေးချွန် ဟိုငေးဒီငေး။ လမ်းဘေးဝဲယာက ကောက်ပင်တွေက စိမ်းမြ။ နံနက်ခင်း လေပြေက အေးရှ။ ကျွန်တော့်ဆိုင်ကယ်က တရုတ် KENBO 110 လေးပါ။ ငါးနှစ်လောက်ပြီဆိုတော့ တရုတ်ပစ္စည်းတစ်ခုအတွက် အိုပြီလို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သန္ဓေသိပ်ကောင်းတယ်။ လမ်းမှာ ပြသနာသိပ်မရှာတတ်ဘူး။ highway ဆို ဘီးတောင်မပေါက်ဖူးဘူး။ ဆိုင်ကယ်အိုပေမယ့် မောင်းသူလည်းအိုစပြုတော့ အတော်ပါပဲ။ ဒူးကာလေးတွေကွဲ၊ မူလီလေးတွေချောင်၊ အသံလေးထွက်လဲ သွားနေတာပါပဲ။ လမ်းမှာ ကုန်ကားတွေ ကိုယ်ပိုင်ကားတွေ သုံးဘီးဆိုင်ကယ်တွေက လမ်းလယ်ကိုပိတ်ပြီး မောင်းလာလို့ ဆိုင်ကယ်ကို လမ်းဘေးချပေးရတိုင်း အသာစီးရရင် အခွင့်အရေးယူတတ်တဲ့ လူ့သဘာဝကို အခါခါသတိရဖြစ်တယ်။ သူတို့အဖို့ ဆင်သွားရင် လမ်းဖြစ်ပေမယ့် ဆင်နင်းမခံရဖို့ ရှောင်ရှားနေရတဲ့ဘဝတွေ အများကြီးရှိတာ သူတို့မေ့နေတာများလား။ နောက်ကလာတဲ့ဆိုင်ကယ်တွေ တစ်စီးပြီးတစ်စီး ကျော်တက်နေကြတော့ သားကပြောတယ်။ အဖေကြီးက နှေးလိုက်တာ သူများတွေ ကျော်ကုန်ကြပြီတဲ့။ လူငယ်ဆိုတော့ မခံချင်ဘူးပေါ့။ သားရေ.... ဘဝမှာ မြန်တိုင်းလည်း အရင်ရောက်တာမဟုတ်ပါဘူး။ ကျော်တက်တိုင်းလည်း သာသွားပြီလို့ ပြောလို့မရပါဘူး။ အရေးကြီးတာက ကိုယ့်အရှိန် ကိုယ့်နှုန်း ဟန်ချက်ညီဖို့၊ ဘေးရန်ကင်းဖို့၊ အချိန်မှီရောက်ဖို့ပါပဲ။ ဒိုင်ခွက်က မိုင်နှုန်းကိုကြည့်၊ လက်က လီဗာကိုထိ၊ ခြေကဘရိတ်ကိုဖိ၊ အားလုံးသတိပေါ့။ ကိုယ်မနိုင်တဲ့အရှိန်ကို မောင်းပြီးမှ မထိန်းနိုင်ပဲ မှောက်မှာ လဲမှာကြောက်တယ်။ ဆိုင်ကယ်က မောင်းအားကို မခံနိုင်လို့ လမ်းခုလတ်မှာ စက်ပျက်မှာ ဘီးပေါက်မှာ ခရီးဖင့်မှာ စိုးတယ်။ လမ်းပေါ်က ကိုယ့်ထက်ကြီးတဲ့ ဆင်တွေရဲ့ အနင်းခံရမှာ၊ ကိုယ်က သူသွားဖို့ အနင်းခံရတဲ့ လမ်းဖြစ်မှာ ကြောက်တယ်။ သားရေ.... တစ်နေ့ကျလို့ သားဘဝလမ်းပေါ်မှာ ဆိုင်ကယ်စီးတဲ့အခါ နှေးနှေး မှန်မှန် သတိလေးနဲ့ မောင်းဖို့ မမေ့ပါနဲ့။ ဘဝကံအကျိုးပေးကောင်းလို့ ကားလေးဘာလေးစီးနိုင်ခဲ့ရင်လည်း ကိုယ်ချင်းစာတရားထားပြီး ကိုယ့်ထက်ငယ်တဲ့ယာဉ်တွေကို လမ်းပေးပြီးမောင်းဖို့ သတိရပါ။
Posted on: Wed, 02 Oct 2013 00:38:55 +0000

Trending Topics



Recently Viewed Topics




© 2015