မြောင်းထဲ ပို့ပစ်ရမယ့် - TopicsExpress



          

မြောင်းထဲ ပို့ပစ်ရမယ့် ဝတ္ထုတို တစ်ပုဒ် ဆရာမ မိချမ်းဝေရဲ့ “ငန်းရိုင်းတို့ ပျံသန်းခြင်း ခြေရာ (၉)” ဆောင်းပါးကို ၁၂-၁၂-၂ဝ၁၃ ကြာသပတေးနေ့ထုတ် “စံတော်ချိန်” နေ့စဉ် သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ရန်ကုန်ဘူတာကြီး ခုံးကျော် တံတားအောက် Lucky Flower လက်ဖက်ရည်ဆိုင်မှာ အပတ်စဉ် စာရေးဆရာတွေ စုဝေးပြီး ဝတ္ထုဖတ်ပွဲ၊ စာပေဆွေးနွေးပွဲ ပြုလုပ်ကြတယ်လို့ သိရပါတယ်။ ပါဝင်သူတွေ ကတော့ မိချမ်းဝေ၊ သင်းသင်းသာ၊ မြသွေးနီ၊ သွန်းနှင်းအိမ်၊ နှင်းဝေငြိမ်း၊ မြေလတ်မောင်မြင့်သူ၊ ခြိမ့်သဲ၊ ညီမင်းညို၊ ညီငယ်လေး၊ တင်မိခိုင်၊ ခွန်ရှားလှိုင် တို့ ဖြစ်ကြပါတယ်။ ဒီလို Lucky Flower စာပေ အလုပ်ရုံကလေး အကြောင်း ဖတ်ရတော့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ဒါမှလည်း နာတာရှည် ဖြစ်နေတဲ့ ရသစာပေ လူမမာဟာ နာလန်ထ ရှင်သန်လာမှာ ဖြစ်ပါတယ်။ အဲဒီနေ့က ဝတ္ထုတိုဖတ်ပွဲ အကြောင်းကို ပြန်ပြောင်း မှတ်တမ်းတင် ဖော်ရတဲ့ ဆရာမ မိချမ်းဝေရဲ့ ကြိုးပမ်းအားထုတ်မှု ကိုလည်း လေးစားမိပါတယ်။ ဝတ္ထုတိုဖတ်ပွဲ အစီအစဉ်ကို ဆရာ ခွန်ရှားလှိုင်နဲ့ စလိုက်ကြောင်း၊ ဆရာ ခွန်ရှားလှိုင် ဖတ်သောဝတ္ထုမှာ ဆရာဂျိုဇော်ရဲ့ “မြင်းခွာသံ” သံဝတ္ထုတဲ့။ ဆရာ့ဝတ္ထုက အချစ်ဝတ္ထု သက်သက် မဟုတ်ဘဲ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး လူငယ်တွေကို အားဖြစ်စေတဲ့ ဝတ္ထုဖြစ်ကြောင်း။ ဒုတိယမြောက် ဝတ္ထုတို ဖတ်သူမှာ ဆရာမ သင်းသင်းသာ ဖြစ်ပါတယ်။ သူ့ဝတ္ထုတိုကို ဖတ်ပြပါတယ်။ “ဝက်ဆီဖတ်သည် ကောင်မလေး” တဲ့၊ ပထွေးနဲ့ နေရတယ်၊ ပထွေး အနှိပ်အစက် ခံရတယ်၊ ဆင်းရဲတယ်၊ ကားဂိတ်မှာ ဝက်ဆီဖတ် ရောင်းတယ်၊ စီးနေကျ ကားဒရိုင်ဘာနဲ့ ငြိတယ်။ ဒီလူကလည်း အမူးသမား၊ နောက်တစ်ရက် ကျတော့ ကောင်မလေးကို မတွေ့တော့။ သူမရဲ့ ထွက်ပေါက်က ဒါလား။ သူမ ပျော်ရွှင်နိုင် ပါ့မလား။ စားရေးသူက မထိတထိနဲ့ ဒိုင်ယာလော့များနဲ့ သယ်သွားကြောင်း။ တတိယ ဝတ္ထုဖတ်သူ ကတော့ ညီငယ်လေး ဖြစ်ပါတယ်။ သူရေးတဲ့ ဝတ္ထုတိုဟာ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ “တဏှာကြိုက်တဲ့ အမိုက်တွေမှာ အဟိုက်မပြေ ပင်ပန်းရှာကြလေ” ဝတ္ထုတိုကို ဖတ်ပြပါတယ်။ ဝတ္ထုတို အမေးအဖြေ ပုံစံဖြင့် ရေးထားကြောင်း၊ ဘဝ၏ လိုအပ်ချက်အရ မမျှော်လင့်ဘဲ အသွေးအသား အဖျော်ဖြေခံ ကြေးရှင်မမတို့ကြိုက် “သူငယ်” ဖြစ်လာတော့တယ်။ ထိုလောက အတွင်းသို့ ရောက်ချင်တိုင်း ရောက်ခွင့်မရ ။ ရှေ့ပြေးပွဲစား ဂျိတ်မင်းသမီးထံ ဝင်ခွင့်ဖြေရ သေးသတဲ့။ သူငယ်တစ်ယောက်ဟာ တန်းမဝင်၊ စံမမီလို့ မရဘူး။ ဘူဇွာတို့ ကြေးရှင်မမတို့ အကြိုက် ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေနဲ့ တတ်သင့် တတ်အပ်တဲ့ ဖျော်ဖြေရေး ပညာတွေကိုလည်း တတ်မြောက်ရမယ်။ ဒီပညာတွေကို ဂျိတ်မင်းသမီးက သင်ပေးတယ်။ ဒီလိုနဲ့ ကောင်လေးဟာ ယောက်ျားဖာ ဘဝမှာ ကျင်လည်ရတော့တယ်။ ရတဲ့ အခကြေးငွေ ကလည်း ဂဏန်း ၆ လုံးဆိုတော့ ရုန်းမထွက်နိုင် ဘူးပေါ့။ ဒီလို အကြောင်းအရာမျိုး ရှိကောင်းရှိဦးမည် ဖြစ်သော်လည်း စာမျက်နှာ များပေါ်မှာ တခုတ်တရ မှတ်တမ်းပြုမှုများ မရှိသေးတဲ့ ဝတ္ထုဖြစ်တယ်လို့ ဆရာမ မိချမ်းဝေက မှတ်ချက် ပြုထားတယ်။ ဒီနေရာမှာ ဆရာမ သတိလက်လွတ် ဖြစ်သွား တာလား၊ မေ့သွားတာလား၊ မဖတ်မိတာလား၊ မမှီခဲ့တာလားတော့ မသိပါဘူး။ တစ်ချိန်က စာအုပ်တစ်အုပ်ကြောင့် နာမည်ဆိုးနဲ့ နာမည်ကြီးခဲ့တယ်။ ဒီလိုပဲ “ယောက်ျားဖာ” အကြောင်းကို ရေးထားတဲ့ ဝတ္ထုပဲ။ ဒီလို အတိုတောင် မဟုတ်ဘူး။ လုံးချင်းဝတ္ထု “ပန်းစားဘီလူး” ဆိုတာလေ။ ရေးသူက ပုပ္ပားကိုကိုဇော်။ ဒါပေမဲ့ ညီငယ်လေး ဝတ္ထုတို ဖတ်လို့ ဆုံးသွားတဲ့ အခါမှာ သုံးသပ်ရေးသား ထားတဲ့ အချက်ကတော့ ထိထိမိမိ ရှိလှတယ်။ “ကျွန်မတို့ ဝတ္ထုနားထောင်သူများ အလိုအရ ဇာတ်ကောင်မှာ သူ့အလုပ်၌ မပျော်ပိုက်ဟု သဘောပေါက် မိပါသည်။ သည်သို့ဆိုလျှင် ထိုသူငယ်ဘဝမှ အချိန်မီ ရုန်းထွက်သင့် လှ၏။ ယောက်ျားတန်မဲ့ တန်ဖိုးမဲ့ ယောက်ျားအဖြစ် အချိန်ကြာ မနေသင့်။ ဆရာ ညီငယ်လေးက ကြီးမား ကျယ်ပြန့်လာသော လိုအပ်ချက်များက လူတန်းစား သစ်များကို မွေးဖွားပေးလိုက်သည် ဟု ဆိုပါမူ ငွေကြေးဥစ္စာ ဆာလောင်မှု၊ တဏှာ ဆာလောင်မှုများ ကြီးမား ကျယ်ပြန့်နေသေး သရွေ့ အစစ်အမှန် တန်ဖိုးများ ဆက်လက် ကျဆင်းနေမည်မှာ မလွဲပါဟု မှတ်ချက်ပြုထားရာ သူငယ်တစ်ယောက် ၏ သွေးမြစ်များ ဆက်လက် စီးဆင်းနေမှုအတွက် ကျန်းမာရေး ရှုဒေါင့်၊ ရောဂါပြန့်ပွားရေး ရှုဒေါင့်၊ ထောင့်ပေါင်းစုံမှ ဝိုင်းဝန်း ဆွေးနွေးသင့်သည့် ဝတ္ထုတစ်ပုဒ် ဖြစ်သည်။ ဆက်လက် အငြင်းပွားဖွယ် များနိုင်သော ဝတ္ထုလည်း ဖြစ်သည်တဲ့။ အခု ကျွန်တော်ပြောချင်တဲ့ နေရာ ရောက်ပါပြီ။ ကျွန်တော့်အနေနဲ့ ညီငယ်လေးရဲ့ ဝတ္ထုတိုနဲ့ ပတ်သက်၍ ပြောစရာများ ရှိသည့်အတွက် ဒီဆောင်းပါးကို ရေးရခြင်း ဖြစ်ပါတယ်။ ညီငယ်လေးရဲ့ ဝတ္ထုတိုဟာ ဆရာမတို့ ပြောသလို အငြင်းပွားဖွယ်ရာတင် မဟုတ်ဘူး။ မြောင်းထဲ ပို့ပစ်ရမယ့် ဝတ္ထုပါ။ ညီငယ်လေးဟာ ဒီလို အညှီအဟောက်ကို ကြိုက်တဲ့သူပဲ။ တမင်တကာ ဒီလို ကိစ္စမျိုးတွေကိုမှ ရွေးပြီး ရေးချင်တဲ့သူပဲ။ သူ့ရဲ့ ဝါသနာလား။ သူ့ရဲ့ စာပေလိုင်းလား ဆိုတာတော့ ဘုရားမှတစ်ပါး....။ ဘာဖြစ်လို့လဲ ဆိုတော့ မကြာခင်က ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်းနဲ့ မန္တလေး အရုဏ်ဦး ဂျာနယ်တို့မှာ မိုးသက်ဟန် ဘာသာပြန် စာအုပ် “လန်ဇာရိုတီ” (Michel Houellebecq by Lanzarote) နဲ့ “နော်ဝေတောအုပ်” (Norwegian by Haruki Murakami) တို့ကို ဝေဖန်ရေးသား လိုက်ပါတယ်။ လန်ဇာရိုတီဟာ ညစ်တီးညစ်ပတ်တွေ ရေးထားတာမို့ “အပုပ်အသိုး မိုးသက်ဟန်နဲ့ ညစ်ညမ်းစာပေ အပြာဝတ္ထု” လို့ ကင်ပွန်းတပ် လိုက်သလို “နော်ဝေတောအုပ်” စာအုပ်ကိုလည်း တစ်အုပ်လုံး အပြာအောလ်ကား ရုပ်ရှင် ကြည့်ရသလို ကိုယ်လက်နှီးနှောမှု တွေကို အသေးစိတ် ဖော်ပြထားတာမို့ လိင်ဝတ္ထု၊ အပြာဝတ္ထု၊ အညှီအဟောက် ဝတ္ထု” လို့ ထောပနာ ပြုလိုက်ရပါတယ်။ ဒါကို ညီငယ်လေးက မကျေမနပ် ဖြစ်ပြီး ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ နောက်နေ့ထုတ် အလင်းတန်း ဂျာနယ်ကနေ “ဝါးလုံးခေါင်းထဲ လသာတဲ့ ဖြိုးထိန်၊ ဝါးလုံးရှည် ချေးသုတ်ယမ်း” ဆောင်းပါးနဲ့ မိုးသက်ဟန် ဘက်ကနေ တိုက်ခိုက် ရေးသား ခဲ့ပါတယ်။ “ဖြိုးထန်ဟာ ခွေးထီးနဲ့ခွေးမ မိတ်လိုက်တာတောင် ကြည့်ပြီး ဖီးလ်တက်ချင်တဲ့သူ။ စီစစ်ရေးရဲ့ အထူးကိုယ်စားလှယ် စာပေ ကင်ပေတိုင် လက်သစ်။ အင်္ဂလိပ်စာ မတတ်ဘဲ သူများရေးတာတွေ ဖတ်ပြီး လူလည် လုပ်နေသူ။ အနုပညာကို နားမလည်သူ။ ကမ္ဘာကျော်စာတွေကို မသိဘူး။ မရင့်ကျက်သူ” စတဲ့ တံဆိပ်အမျိုးမျိုး တပ်ခဲ့ပါတယ်။ သူဟာ ကျွန်တော့် ဝေဖန်ရေးကို တုံ့ပြန် ဝေဖန်ရမယ့် အစား အောက်တန်းကျစွာ ဆဲရေးတဲ့စာကို ရေးခဲ့တယ်။ ဒီမှာတင် ကျွန်တော် သိလိုက်ပြီ၊ ညီငယ်လေးရဲ့ စာပေ ရေသောက်မြစ် ကို တွေ့ပါပြီ။ သူ့အကြိုက်က အညှီအဟောက်၊ သူ့စာပေလိုင်းက တဏှာရာဂလိုင်း၊ ညစ်ညမ်းစာပေလိုင်း။ တကယ်က အနုပညာ ဆိုတာကို နကန်းတစ်လုံးမှ နားမလည်ဘဲ ရသစာပေ နေရာမှာ ညစ်ညမ်းစာပေနဲ့ အစားထိုး ပုံမှားရိုက်ဖို့ ကြိုးစားလာတာပဲ ဖြစ်ပါတယ်။ သူ့ဝတ္ထုက သက်သေခံ နေတယ်။ ဒါလောက်ဆိုရင် ဆရာမတို့ အရိပ်ပြလို့ အကောင်ထင်မှာပါ။ စာပေလောက အတွက် အန္တရာယ်ရှိပါတယ်။ အဆိပ်အတောက် ညစ်ညမ်းစာပေကို တစ်ဖက်လှည့်နဲ့ ဖြန့်ချီဖို့ ကြိုးစားနေကြတယ်။ ဒီအဆိပ် လူငယ်တွေကို ပြန့်သွားရင် ခက်ရချည်ရဲ့။ စာပေလောကကြီးလည်း ပျက်စီးခြင်း ငါးပါးနဲ့ ပျက်စီးတော့မယ်။ ဆရာမတို့ “စင်” မှာ သူတို့လို စာပေ ရာဇဝတ်ကောင်တွေကို နေရာပေးမိ တာဟာ အတော့်ကို အန္တရာယ် ကြီးပါတယ်။ ဆရာမတို့ “စင်” လည်း သောက်ရေအိုးထဲကို မစင်တစ်စက် ကျလိုက်သလို ဖြစ်သွားပြီ။ လှပတဲ့ စာပေအလုပ်ရုံ ကလေးလည်း အမည်းစက် ထင်သွားပြီ။ ဒီလို စာပေဓမ္မ န္တရာယ်တွေကို သတိထားဖို့၊ နေရာမပေးဖို့၊ မောင်းထုတ်ဖို့၊ ဆန့်ကျင်ဖို့ ဒီဆောင်းပါးနဲ့ တပ်လှန့်လိုက် ရပါကြောင်း။ By Info Bank Group From News Watch Journal
Posted on: Sat, 08 Feb 2014 02:34:36 +0000

Trending Topics



Recently Viewed Topics




© 2015