မတူညီသော - TopicsExpress



          

မတူညီသော ဓလေ့ထုံးစံများနှင့် ဒီမိုကရေစီနိုင်ငံ Created on Tuesday, 24 September 2013 17:39 Written by တင့်ခိုင် (၁) ကျွန်တော် ယခုတင်ပြမည့် "စံ" မှာ အင်္ဂလိပ် ဘာသာရပ်တွင် "Norm" ဟုခေါ်သော သတ်မှတ်စံ ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ခုက သတ်မှတ်ပြဋ္ဌာန်းထားသော "နှုန်းစံ" ကို ဆိုလိုခြင်းဖြစ်သည်။ စံသည် လူ့အဖွဲ့အစည်း တစ်ခုနှင့်တစ်ခု မတူကြပါ။ ကျွန်တော်တို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများကို ကြည့်လိုက်ပါ။ ရိုးရာဓလေ့များ မတူ။ စံများ မတူကြပါ။ မိမိနှင့် မတူသဖြင့် မကောင်းဟုပြော၍ မရနိုင်ပါ။ အက်စကီးမိုး လူမျိုးတွင် မယားငှားသော ဓလေ့ရှိသည်။ ဧည့်သည်တစ်ဦး မိမိအိမ်သို့ ရောက်လာပါလျှင် အဆိုပါ ဧည့်သည်အား မိမိ၏ မယားကို ငှားလိုက်ပါလျှင် အလွန်တရာ ဧည့်ဝတ်ကျေပွန်သော အိမ်ရှင်ဟု သတ်မှတ်ကြသည်။ သို့ရာတွင် ဇနီးသည်က အလိုအလျောက် ဧည့်သည်ထံသို့ သွား၍မရ။ သွားပါက စာရိတ္တ ဖောက်ပြန်ခြင်း ဖြစ်သဖြင့် ကြီးလေးသော အပြစ်ပေးခြင်းကို ခံရပါသည်။ ဧည့်သည်အား မယားငှားသောလိင်ဖြင့် ဧည့်ဝတ်ပြုသော စနစ်သည် သူတို့လူ့အဖွဲ့အစည်းတွင် ယဉ်ကျေးကြောင်း ပြသခြင်းသာ ဖြစ်၏။ မဒါးဂတ်စကာ (Madagasca) ရှိတလာနာ (Tanala) လူမျိုးများတွင် မယားပြိုင် စနစ်ကို ဥပဒေ စည်းကမ်းများ အသေးစိတ် ချမှတ်ပြဋ္ဌာန်းပြီး လိုက်နာကျင့်သုံး ကြသည်။ ယောက်ျားတစ်ယောက်သည် ပထမဦးဆုံး ချစ်ခြင်းမေတ္တာအပေါ် အခြေခံပြီး အိမ်ထောင်ပြုလိုက်သည်။ သားသမီး ရတနာ ရလာသော အခါ၌ မယားဖြစ်သူမှာ မနိုင်မနင်း ဖြစ်လာသဖြင့် လင်ယောက်ျားအား နောက်မိန်းမတစ်ယောက် ထပ်ယူရန် ဖွင့်ပြောသည်။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူရပြန်သည်။ တစ်ယောက်ပြီးတစ်ယောက် ယူသည်ကို ဇနီးများက ကြည်ဖြူကြသည်။ ခင်ပွန်းသည်နှင့် ငြိစွန်းသူများကို တရားဝင် ယူခွင့်ပြုသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ လင်ယောက်ျားနှင့် သာယာမှု ယူသည်နှင့်အမျှ ထိုအမျိုးသမီးသည် အရင်ပထမ မိန်းမများနည်းတူ အိမ်မှုတာဝန်ကို တန်းတူရည်တူ၊ ညီမျှစွာ ထမ်းဆောင်ပါမျှ တရားရာ ကျမည်ဟု ယူဆယုံကြည်ထား၍ ဖြစ်ပါသည်။ မယားသုံးယောက်ယူလျှင် သုံးအိမ်ခွဲထားပြီး လင်သည်အလှည့်ကျ သွားရသည်။ အလှည့်ကျော်ပါက "ကြာခို" သည်ဟု ယူဆပြီး ဥပဒေအရ အရေးယူနိုင်သည်။ မုဒိမ်းမှုကဲ့သို့ အပြစ်ကြီးသည်။ အထက်တွင် ဖော်ပြခဲ့သော ဓလေ့ထုံးတမ်းများသည် ဗုဒ္ဓဘာသာဝင် မြန်မာ့လူ့အဖွဲ့အစည်း၏ "စံ" ဖြင့် ချိန်ထိုးကြည့်ပါလျှင် မည်သို့မှ လက်ခံ၍ မရသော ဓလေ့ထုံးစံပင် ဖြစ်သည်။ လူ့အဖွဲ့အစည်း တစ်ခု၏ သတ်မှတ်စံဟူသည် ချက်ချင်းလက်ငင်း ပေါ်ပေါက်လာသည်မျိုး မဟုတ်။ နှစ်ပေါင်းများစွာ တည်တံ့လာခဲ့သော ရိုးရာဓလေ့ ထုံးတမ်းတစ်ခုကို ချက်ချင်းလက်ငင်း ပြောင်းလဲရန် ကိစ္စသည် ထင်သလောက် မလွယ်ပါ။ အချိန်ယူရဦးမည်။ သည့်အပြင် ထိုလူ့အဖွဲ့အစည်းထဲမှ သြဇာရှိသူများ၊ အများယုံကြည် ကိုးစားခံရသူများကိုယ်တိုင် ပြောင်းလဲရန် ကြိုးပမ်းမှသာ အောင်မြင်လာမည့် ကိစ္စဖြစ်သည်။ အမိန့်အာဏာဖြင့် ပြောင်းလဲ၍ အောင်မြင်သော ကိစ္စမျိုး မဟုတ်ပါ။ အသိပညာ ပေးခြင်းသည်သာ အကောင်းဆုံးသော ကြိုးပမ်းမှု ဖြစ်သည်။ (၂) လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ခန့်က လူဖြူတို့သည် ၀ါဂွမ်း၊ သကြား၊ ဆေးရွက်ကြီး လုပ်ငန်းများတွင် အလုပ်လုပ်ရန် အလုပ်သမားများ လိုအပ်သဖြင့် အနောက်အာဖရိက သားများကို သင်္ဘောပေါ် အတင်းဆွဲတင်ပြီး ကျွန်ပြုခဲ့သည်မှစ၍ ကမ္ဘာပေါ်တွင် ကျွန်စနစ် ပေါ်ပေါက်လာသည်။ လူကိုလူဟု သဘောမထားဘဲ တိရစ္ဆာန် တစ်ကောင်အလား စေခိုင်း၊ ရိုက်နှက်၊ သတ်ဖြတ်နေခဲ့သော ကျွန်ပြုမှုကို သမ္မတ လင်ကွန်းသည် ဖျက်သိမ်းပြီး အမေရိကန်-အာဖရိကန် (လူမည်း) များကို ကျွန်ဘ၀မှ လွတ်မြောက်ခွင့် ပြုခဲ့သည်။ ဥပဒေအရ လွတ်မြောက်မှု ရရှိခဲ့ကြသော်လည်း လူဖြူများ၏ နှလုံးသားတွင် စွဲထင်နေမှုကမူ ပျောက်ပျက်မသွားခဲ့ပါ။ စိတ်ခံစားမှု၊ အတွေးအမြင်များ ပြောင်းလဲရေးဟူသည် အသိအမြင် စင်ကြယ်ရန် လိုပါ၏။ အစွဲအလမ်းတစ်ခု၊ ဓလေ့ထုံးတမ်း၊ နှုန်းစံတစ်ခုကို လွယ်လွယ်ကူကူ ဖျောက်ဖျက်ပစ်ရန် ကိစ္စသည် ထင်သလောက် မလွယ်ကူနိုင်ပါ။ ထိုအခါ ထိုမတူညီမှု၊ ထိုကွဲပြားမှုများကို လက်ခံနိုင်သော စိတ်ခွန်အားများရှိရန် လိုလာသည် . . . . . အမေရိကန်များသည် လူမည်းများ၏ ဂုဏ်ရောင်ပြောင်သော အောင်မြင်မှုများကိုပင် အသိအမှတ် မပြုရဲကြပါ။ ကမ္ဘာ့အိုလံပစ်တွင် ဆိုဗီယက်ကို အနိုင်ရရှိခဲ့သော မိုဟာမက် အလီသည် ထိုစဉ်က သူ၏အောင်မြင်မှုကို ဘားကောင်တာတစ်ခုသို့ သွားပြီးပြောပြခဲ့ပါ၏။ သို့ရာတွင် သူ့ခမျာမှာ အသိအမှတ်ပြု မခံရသည့်အပြင် မောင်းထုတ်ခြင်းပင် ခံခဲ့ရပါသည်။ ထိုစဉ်က အမေရိကန် ပြည်ထောင်စုတွင် လူမည်းများသည် လူဖြူများနှင့် ရောနှောနေထိုင်ခွင့် မရှိ။ ဘတ်စ်ကားများတွင် ရှေးတန်းမှ စီးခွင့်မရှိ။ ခွဲခြားနှိမ့်ချ ဆက်ဆံခံခဲ့ရသည်။ ၁၉၅၅ ခုနှစ် ဒီဇင်ဘာလတွင် မစ္စရိုဇင်ဘတ်ဆိုသော အဘွားကြီးသည် အလုပ်မှပြန်သည့်အခါ ဘတ်စ်ကားပေါ်တွင် သူထိုင်နေသည်ကို လူဖြူခရီးသည်အတွက် အတင်းထခိုင်းခဲ့သည်။ အဘွားကြီးက ညင်သာသိမ်မွေ့စွာ ငြင်းဆန်ခဲ့သဖြင့် ဒရိုင်ဘာက ရဲကိုဖမ်းခိုင်းခဲ့သည်။ ထို့ကြောင့် လူမည်းများက ဘတ်စ်ကားကို သပိတ်မှောက်သည်။ လူထုကန့်ကွက်ပွဲကြီး ပေါ်ပေါက်လာသည်။ မာတင်လူသာကင်း (ဂျူနီယာ) သည်လည်း လူမည်းခေါင်းဆောင် ဖြစ်လာခဲ့သည်။ ကင်းသည် ဂန္ဒီကြီး၏ အကြမ်းမဖက်သော လမ်းစဉ်ဖြင့် အသားအရောင် ခွဲခြားမှုကို ဆန့်ကျင်ခဲ့သည်။ မာတင်လူသားကင်း (ဂျူနီယာ) လုပ်ကြံခံခဲ့ ရသော်လည်း အမေရိကားတွင် အိုဘားမား သမ္မတ ဖြစ်လာခဲ့ပါသည်။ ဒါသည်ပင်လျှင် အချိန်ကာလ တစ်ခုတွင် ရရှိလာသော အောင်မြင်လာမှု တစ်ခုဟုပင် ဆိုနိုင်ပါသည်။ (၃) ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ကြသော မြန်မာနိုင်ငံတွင် ထိုဓလေ့ထုံးတမ်း၊ နှုန်းစံများ၏ ပွတ်တိုက်မှုများသည် ရှိနေဦးမည် ဖြစ်ပါသည်။ ထိုကိစ္စ ကင်းပသွားစေရန် ကျေးလက်နေ ပြည်သူများကို စာဖတ်ခွင့် ရရှိအောင် ပထမဦးဆုံး ပြုလုပ်ပေးရန် လိုပါ၏။ ကျဉ်းမြောင်းသော လူမျိုးရေး အမြင်၊ ဘာသာရေး အမြင်များဟူသည် ကာယကံရှင်များအဖို့ ကျဉ်းမြောင်းသည်ဟု မြင်နေသည်မျိုး မဟုတ်ပါ။ အစွဲအလမ်းတစ်ခု၊ ဓလေ့ထုံးတမ်း၊ နှုန်းစံတစ်ခုကို လွယ်လွယ်ကူကူ ဖျောက်ဖျက်ပစ်ရန် ကိစ္စသည် ထင်သလောက် မလွယ်ကူနိုင်ပါ။ ထိုအခါ ထိုမတူညီမှု၊ ထိုကွဲပြားမှုများကို လက်ခံနိုင်သော စိတ်ခွန်အားများရှိရန် လိုလာသည်။ ယနေ့ ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ထိုမတူညီမှုများကို လက်ခံလာအောင် စည်းရုံးလုပ်ဆောင်မှုသည် အဓိက အရေးတကြီး ကိစ္စဖြစ်နေပါ၏။ သို့မှသာ ယနေ့မြို့ရွာ အချို့တွင် ဖြစ်ပေါ်နေသော လူမျိုးဘာသာ အဓိကရုဏ်းများ၊ နေအိမ်မီးရှို့ ဖျက်ဆီးမှုများ ပပျောက်သွားမည် ဖြစ်သည်။ ဥပဒေကို ချိုးဖောက်သော မည်သည့်ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိရောက်စွာ အရေးယူပြီး မတူညီသော နှုန်းစံ၊ ဓလေ့ထုံးတမ်းများကို လက်ခံနိုင်သော စိတ်အရည်အချင်း ပြည့်မီလာစေရန် အားလုံးဝိုင်းဝန်း ကြိုးစားမှသာ ယနေ့စိုက်ပျိုးနေသော ဒီမိုကရေစီ ပျိုးပင်ငယ်သည် ရှင်သန်လာမည် ဖြစ်သည်။ Credit to >Eleven Media Group< Thanks Re-posted by ဆုံချက်ထူး 25-9-2013
Posted on: Tue, 24 Sep 2013 18:48:21 +0000

Trending Topics



Recently Viewed Topics




© 2015