မတ်ဂျစ်ကယ် - TopicsExpress



          

မတ်ဂျစ်ကယ် ရီယာယ်လစ်ဇင် နှင့် ပန်းချီ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်ဆိုတဲ့ ဝေါဟာရဟာ ပထမဆုံး ပန်းချီနဲ့ ဆက်စပ်ပြီးဖြစ်ပေါ်လာတာပါ။ အဓိက အားဖြင့် ဂျာမန်ပို့စ်အိပ်စ်ပရက်ရှင်းနစ် လှုပ်ရှားမှုထဲက ပန်းချီဆရာတွေနဲ့ ဆက်စပ်နေတာ။ နောက်တော့ ၂၀ရာစု အလယ်ပိုင်းက ကနေဒီယန်မှာ ဖြစ်လာတဲ့ ဟိုက်ပါ ရီယာယ်လစ်တွေ နောက် မက္ကဆီကန်က သာမန်နဲ့ မတူတဲ့ ထူးခြား ဆန်းကြယ်မှုတွေကို ရေးဆွဲတဲ့ ပန်းချီဆရာ ဖရီးဒါ ခါလို(Frida Kahlo) အထိပဲ။ ယခင် မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် နဲ့ ဆောင်းပါးတွေ တုန်းက ဒီဝေါဟာရဟာ ဂျာမန်အနုပညာဝေဖန်ရေးဆရာ ဖရန့်ဇ် ရို့(Franz Roh)နဲ့ ဆက်စပ်နဲ့ တဲ့ အသုံးဖြစ်ကြောင်းလည်း ဆိုခဲ့ဖူးပါတယ်။ ဖရန့်ရို့က ပို့စ်အိပ်စ်ပရက်ရှင်းနစ် ပန်းချီပုံသဏ္ဌာန်သစ်တွေကို ဖော်ပြချင် တဲ့ အတွက် မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်လို့ သုံးခဲ့တာပါ။ အဲဒီ ရို့ညွန်းခဲ့တဲ့ ပန်းချီးကာတွေက အရှိတရားတွေကို အသေးစိတ် တောက်တောက်ပပခြယ်မှုန်းထားပြီး လျို့ဝှက်ဆန်းကြယ်ပြီး ဒဏ္ဍာရီဆန်တဲ့ ဘ၀တွေကို ဖော်ပြထားတာကိုတွေ့ရမယ်။ အဓိက ကျတဲ့ ပန်းချီဆရာတွေက တော့ အောတို ဒစ် (Otto Dix ) ၊ ခရစ်ယန် ရှက် (Christian Schad) ၊ ဂျော်ခ်ျ ရှရင့် (George Schrimpf )၊ George Grosz နဲ့ အလက်ဇန္ဒား ခနော့ဒ် ( Alexander Kanoldt) တို့ပါပဲ။ တနည်းအားဖြင့် သူတို့ကို ပန်းချီရီယာယ်လစ်ဇင်ပန်းချီတွေ ရေးတဲ့ နေရာမှာ ထင်ရှားတဲ့ ပန်းချီဆရာတွေလို့ ဆိုရမယ်။ အားလုံးက ကမ္ဘာစစ်နှစ်ခုကြား ဂျာမနီမှာ အခြေပြု တယ်။ ဝေမာ သမ္မတနိုင်ငံရဲ့ ခေးအော့ အခြေအနေကို ဖော်ပြဖို့ကြိုးစားကြတယ်။ နောက် ဒီ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် ပန်းချီဆရာတွေကို လွှမ်းမိုးသူတွေကတော့ အီတလီပန်ချီဆရာ ချီရီကို (Georgio de Chirico) ပဲ ။ ဒီ ချီရီကို ရဲ့ လက်တွေကလည်း ၁၉၁၀နဲ့ ၂၀ခုနှစ်များကာလက အီတလီမှာထွန်းကားခဲ့တဲ့ Arte Metafisca လှုပ်ရှားမှုရဲ့ အစိတ် အပိုင်း တစ်ရပ်အနေနဲ့လည်း အသိအမှတ်ပြုကြတယ်။ သူ့ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The Enigma of a Day (၁၉၁၄)ဟာ ဆိုရင် အလင်းနဲ့ အမှောင်းတွေကို ထူးခြားဆန်းကြယ်မှုအပြည့်ဖြစ်အောင် ဆန့်ကျင်ဘက် ယှဉ်တွဲ သုံးစွဲထားတယ်။ နောက် အထိမ်းအမှတ် ရုပ်ထုလိုအရာမျေိုးတွေကို မြို့ပြနဲ့ ကင်းကွာတဲ့ ထူးထူးခြားခြားနေရာတွေမှာ ထားပြပြီး ရေးဆွဲတယ်။ လူသားတွေမပါဘူး။ နေရာအခင်းအကျင်းရွေးတဲ့အခါမှာ ထူးခြားဆန်းကြယ်ပြီး သာမန်နဲ့ မတူတဲ့ နေရာထိုင်ခင်းတွေ ကို ရွေးချယ်ထားတယ်။ ချီရီကိုရဲ့ လွှမ်းမိုးမှုကိုခံရတဲ့ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် ပန်ချီဆရာတွေက သူ့ရဲ့ တက်ခနိတွေကို ယူငင်သုံးစွဲ ကြတာ။ ဒါပေမယ့် လူတွေနဲ့ သဘာဝတရားကို ထည့်သွင်းရေးဆွဲလာတယ်။ ချီရီကို ရှင်လင်းပြတ်သားမှုနဲ့ သာမန်နဲ့ မတူ ထူးခြားဆန်းကြယ်တဲ့ နေရာတွေကို ရွေးခြယ်ပုံကိုတော့ လက်မလွှတ်ကြဘူး။ ဖရန့်ဇ်ရို့ က သူ့ရဲ့ ၁၉၂၅ခုနှစ်ထုတ် မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် အနုပညာစာအုပ်မှာ မတ်ဂျစ်ကယ်ရီယာယ်လစ် ပန်းချီတွေရဲ့ ရှုထောင့် နှစ်ဆယ့် နှစ်ခုကို စာရင်းဖွင့်ပြီးဖော်ပြခဲ့တယ်။ ၁၉၅၈မှာတော့ သူ့ရဲ့ ဒီလက်ရာကို ပြန်လည်ပြင်ဆင်ထုတ်ဝေခဲ့တယ်။ အဲဒီမှာတော့ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်လို့ မသုံးဘဲ “ new objectivity” လို့ သုံးတယ်။ အဲဒီမှာတော့ အနုပညာရှုထောင့်ကို နှစ်ဆယ့်နှစ်ခုကနေ ၁၅ခုထိလျော့ချခဲ့တယ်။ တည်တည်ခံ့ခံ့ အကြောင်းအရာ ၊ ရှင်းလင်ပြတ်သားတတဲ့ အရာ ၀တ္ထု ၊ ကိုယ်စားပြုထုတ်ဖော်ခြင်း၊ ဗဟုသဘောပေါင်းစပ်မှု ၊ ငြိမ်မှု ၊ တိတ်ဆိတ်မှု ၊ အကြမ်းထည်သဘော ၊ အနီးကပ် အမြင်နဲ့ အဝေးအမြင် ၊ အသေးစိတ်ခြယ်မှုန်းမှု ၊ အေးစက်မှု ၊ ပါးလွှတဲ့ မျက်နှာပြင် ၊ ချောမွေ့မှု ၊ ပန်းချီရဲ့ ဖြစ်စဉ်သဘော၊ ဗဟိုခါာ သဘော၊ အရာဝတ္ထုတွေရဲ့ အပြင်ပိုင်းသန့်စငမှု ဆိုပြီေးဖ်ာပြတယ်။ ၁၉၆၉မှာတော့ ရို့ရဲ့ မတ်ဂျစ်ကယ် ရီယာယ်လစ် ဇင် ပန်းချီရှုထောင့်တွေကို ပိုရှင်းလင်အောင်ဆိုပြီး ဗီလန်း ရှမီးက အကျဉ်းချို့ပြတယ်။ ၁။ တည်တည်ခံ့ခံ့ ပြီး ပြတ်သတ်တဲ့ ဖိုးကပ်စ်တွေ၊ အာရုံခံစားမှုသဘောနဲ့ စိတ်လှုပ်ရှားခံစားမှုသဘောကင်းမဲ့နေတဲ့ အမြင် ၂။ အနုပည်ာရှင်ရဲ့အမြင်တွေဟာ နေ့စဉ်လူနေမှုဘ၀ ၊ တားမြစ်ထားပြီး ထင်ရှားဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ကိုင်တွယ်တယ်။ သာယာဖွယ်မကောင်းတဲ့ ပန်းချီအတွက် မ၀ံ့မရဲဖြစ်နေတာမျိုးမရှိဘူး။ ၃။ တည်ငြိမ်ပြီး တင်းတင်းကြပ်ကြပ်နဲ့ စုစည်းညီညွတ်တဲ့ဖွဲ့စည်းပုံ ရှိတယ်။ တစ်ခါတစ်ရံ လုံးဝ လေ၀င်လေထွက် မရှိတဲ့ သဘောတောင်ဆောင်တယ်။ ဖန်သားပြင်နဲ့တူ နေရာလွတ်တွေရှိပြီး အဲဒီနေရာလွတ်တွေကလည်း ဒိုင်းနမတ် သဘောထက် တည်ငြိမ်မှုကိုပေးအပ်တယ်။ ၄။ ပန်းချီဖြစ်စဉ်ကို ချေရာခံလိုက်လို့မရအောင် ဖျောက်ထားတယ်။ လက်မှုလက်ရာတွေရဲ့ သဘောကနေ လွတ်ထွက် နေတယ်။ ၅။ ကမ္ဘာလောကထဲအကြောင်းအရာတွေနဲ့ စိတ်ဝညဉ်ပိုင်းဆိုင်ရာ ဆက်သွယ်ချက်အသစ်ရှိနေတယ်။ ဒါပေမယ့် ခက်နေတာက ဒီအဓိပ္ပာယ်ဖွင့်ဆိုချက်က ပန်းချီကားတွေကို လက်ရာအမျိုးအစားခွဲခြားပြဖို့ ၊ တနည်းအားဖြင့် မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် ပန်းချီကားဟုတ်မဟုတ်ခွဲခြားပြဖို့ရာပုံသေပေးလိုက်နိုင်တာမျိုးမဟုတ်ဘူး ။ ခွဲခြားရ ခက်ခဲတဲ့ အပိုင်းတွေအများကြီးရှိတယ်။ နောက်ဆုံး ဝေမာသမ္မတနိုင်ငံအတွင်းက အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို အထက်ပါ စာ ရင်းနဲ့ ခွဲရင်တောင်လွယ်လှတယ်လို့တော့ မဆိုနိုင်ဘူး။ ဥပမာ အော်တို ဒစ် (Otto Dix) (၁၈၉၁-၆၉)နဲ့ ဂျော်ခ်ျ့ ရှရင့်မ် (George Schrimpf ) ရဲ့ လက်ရာတွေမှတောင် အတော်ကလေးရှုပ်ထွေးနေတယ်။ ဒစ်ရဲ့ ပန်းချီတွေကို လူအများစုက ကြိုက် ကြတယ်။ ထူးခြားဆန်းကြယ်မှုလေးရှိပြီး လူတွေကို ကယ်ရီကယ်ချပုံစံနဲ့ဆွဲထားတယ်။ ပန်းချီကားထဲက ဘယ်သူကမှ ဘယ်သူထက်ပိုပြီး ထင်ရှားပေါ်လွင်နေတာမျိုးမရှိဘူး။ မိန်းမတွေရဲ့ မျက်လုံး မိတ်ကပ်န စကပ်တိုအောက်က ခြေသလုံးကြွက်သားတွေဟာ သာမန်ထက်ပိုကြီးမားနေပြီး သိသာမြင်သာအောင်ဖော်ပြထားတယ်။ “လျှံပယ်ခြင်း” (excess) ကို မြင်သာအောင်ရေးပြထားတာပါပဲ။ သူ့ရဲ့ ပန်းချီတွေကအများအားဖြင့် မြို့ပြပတ်ဝန်းကျင် ညဘက်တွေ ကို အခြေပြုတယ်။ သူ့ရဲ့ ၁၉၂၇နဲ့၂၈ကာလမှာဆွဲခဲ့တဲ့Metropolis မှာတွေ့ရမယ်။ ပန်းချီကားထဲမှာက အလှတန်ဆာတွေ ဆင်ယင်ခြယ်သ ထားတဲ့ မိန်းအများစုနဲ့ ပြည့်နှက်နေတာ။ မိန်းမတွေက အလုပ်လုပ်နေတာ၊ ပါတီပွဲကျင်းပနေတာ၊ နေရာကျဉ်းကလေး မှာ စစ်သားတွေပွတ်သီးပွတ်သက်လုပ်နေတာကိုတွေ့ရမယ်။ ပတ်ဝန်းကျင်က လူတွေပြည်သိပ်မွန်ထူနေပြီး မကောင်းမှု သဘော အနည်းငယ်ဆန်တယ်။ ဒစ်ရဲ့ ဒီလက်ရာထဲက မတ်ဂျစ်ကယ်ရီယာယ်လစ်သဘောကတော့ ပန်းချီကားရဲ့ ချောမွေ့နေမှု ၊ အသေးစိတ်ခြယ်စိတ်ထားပုံနဲ့ သာယာဖွယ်ရာမရှိတဲ့ အရှိတရားတွေကို ခြယ်မှုန်းထားပုံ ၊ အဲဒီနေရာ အတွင်းကလူတွေကို နီးနီးကပ်ကပ်ရောစပ်လိုက်ပြီး ရောနှောပြထားတဲ့ အရာကနေ ထွက်ပေါ်လာတဲ့ ထူးခြားဆန်း ကြယ်မှုတွေကိုနေတွေ့ရမယ်။ ဂျော့ခ်ျရှရင့်မ်(၁၈၈၉-၁၉၃၈)ရဲ့ လက်ရာ Landscape in the Bavarian Forest (1933) မှာလည်း ရို့ရဲ့ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင် ပန်းချီနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ကိုတွေ့ရမယ်။ ပန်းချီကားက သစ်ပင်တွေပြည့်နှက် နေတဲ့ ပုံကို အဓိက ဖိုးဂရောင်းထားပြီး နောက်မှာ တောင်ကုန်းတွေကို ခံထားတဲ့ပုံပဲ ။ မိုးကုပ်စက်ဝိုင်း နိမ့်နိမ့်လေးမှာ ကျယ်ပြန့်တဲ ကောင်းကင်ပုံဖြန့်ကျက်ဆွဲထားတယ်။ အဲဒီလို ရှုထောင့်အမြင်ကိုရို့သ်ပြောသလို မတ်ဂျစ်ကယ်ရီ ယာယ်လစ်ဇင် ပန်းချီကားမှာ ဝေးကွာမှုနဲ့နီးကပ်မှုနှစ်ခုစလုံးထည့်ဝင်ထားတယ်ဆိုတဲ့သဘောမျိုးပဲ။ နောက် အသေးစိတ် ခြယ်မှုန်းတဲ့သဘောကိုလည်းတွေ့ရမယ် ။ အသေးစိတ်ခြယ်မှုန်းတဲ့သဘောကတော့ ကျယ်ပြန့်တဲ့ကောင်းကင်နဲ့ ဆန့်ကျင်ပြီးရှိနေဲ့ ကုန်းမြေနဲ့ အသေးစိတ်ဖော်ပြထားတဲ့ သစ်ပင်တွေပဲ ။ ပန်းချီကားမျက်နှာပြင်ချောမွေ့နေတဲ့ပုံနဲ့ အသေးစိတ်ခြယ်မှုန်းထားပုံက ဓါတ်ပုံဆန်တယ်လို့တောင်မှ ဆိုရမယ်။ ပန်းချီကားကို ပြင်ပလောကထဲက အရှိတရား ထက်တောင်မှ ပိုအသေးစိတ်ထားတဲ့အတွက်ကြောင့်လည်း အရှိတရားထက်တောင်မှ ပိုပြီး အရှိတရားဆန်နေတယ် လို့ ဆိုရမယ် ။ နောက်ပိုင်းနှစ်တွေမှာ မတ်ဂျစ်ကယ်ရီယာယ်စလစ်ပန်းချီကားတွေကို မြောက်အမေရိကတိုက်က ပန်းချီဆရာ တွေပိုပြီး ရေးဆွဲလာကြတယ်။ အက်ဒွပ်ဟော့ပါး (၁၈၈၂-၉၆၇)က ချော့မွေ့ပြီး တိတိကျကျရေးဆွဲထားတဲ့ သာမန် မြို့ သားတွေရဲ့ ဘ၀ကိုရေးဆွဲတယ်။သူ့ရဲ့ ပန်းချီကားတွေက ပြင်ပလောကထဲက အရှိတရားတွေကိုရေးဆွဲတယ်။ ဒါပေမယ့် မယ့် ရှိတ်(shade ) တွေကို အမည်းတုန်းတွေများများထည့်ပြီးဆွဲတာကြောင့် အရှိတရားကို အရှိတရားမဟုတ်တာနဲ့ တွဲဖက်ထားတဲ့သဘောရှိတယ်။ နောက်သူ့ရဲ့ Early Sunday Morning (၁၉၃၀)မှာဆိုရင် တနင်္ဂနွေနေ့ မနက် ဈေးဆိုင်တန်းတွေရှိတဲ့ လမ်းမှာ လူတစ်ယောက်မှ မရှိတဲ့ ပုံဟာလည်း မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်ပုံပါပဲ။ ၁၉၆၀ခုနှစ် ပိုင်းမှာတော့ အဲလက်စ် ကောလ်ဗွီးလို ကနေဒါပန်းချီဆရာတွေက ဆွဲလာကြတယ်။ မြင်ကွင်းတွေကို အရှိတရားထက် တောင်မှ ပိုပြီး အရှိတရားဆန်အောင်ရေးဆွဲထားတယ်။ သူ့ရဲ့ မတ်ဂျစ်ကယ်ရီယာယ်လစ်သဘောက ဒစ်ထက်စာရင် ရှရင့်နဲ့ ပိုနီးစပ်တယ်လို့ မှတ်ချက်ချကြတယ်။ သဘောကတော့ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်အမြင်အတွက် ဓါတ်ပုံ ဆန်ဆန်အသေးစိတ်ခြယ်မှုန်းမှုကို အရှိလွန်ဖြစ်နေအောင် ရေးဆွဲတာမျိုးပဲ။ သာမန်နဲ့ မတူတဲ့ ရှုထောင့်ကနေ အရှိတရားကို အနီးကပ်ကြည့် အသေးစိတ်ခြယ်မှုန်းမှုဟာ အရှိတရားဆိုတာကိုတောင်မှ မေးခွန်းထုတ်စရာဖြစ်လာတယ်။ ဝေဖန်ရေး ဆရာ ဟာဒါမင်းန်ကတော့ ကိုးဗီးလ်ရဲ့ ပန်းချီကား To Prince Edward Island (၁၉၆၅) ကို ညွန်းတယ်။ ပန်းချီကား နဲ့ ပန်းချီကားနာမည်ကို အချိုးမကျလုပ်ထားတယ်။ မင်းသား အက်ဒွပ်ကျွန်းလို့ဆိုထားပေမယ့် ရှုမျှော်ခင်းကိုဆွဲထားတာ မျို မဟုတ်ဘဲ သဘောင်္ကုန်းပတ်ပေါ်ကနေ မှန်ပြောင်းနဲ့ ကြည့်နေတဲ့ အမျိုးသမီးငယ်တစ်ဦးပုံကို ဆွဲထားတာဖြစ်တယ်။ မြင်ကွင်းကို မှန်ပြောင်းထဲက မြင်တဲ့ ပုံအတိုင်း တိတိကျကျဆွဲထားတယ်။ မိန်းခလေးက ထိုင်ပြီး သူမရဲ့ ရှေ့မှာ မှန်ပြောင်းကို ထားပြီးကြည့်နေတဲ့ပုံပဲ။ မိန်းခလေးမျက်နှာကိုတော့ မတွေ့ရဘူး။ သူ့ရဲ့ လက်ကိုသာ တွေ့ရမယ်။ ဟာဒါမင်းန်ကတော့ဒီ ပန်းချီကားဟာလည်း အဝေးမြင်နဲ့ အနီးမြင်နှစ်ခုစလုံးကို ပါအောင်ဆွဲထားတယ်။ နောက် မြင်ရတဲ့ အရရော မမြင်နိုင်တဲ့ အရာကိုပါ သိအောင်ဆွဲထားတယ်လို့ ထောက်ပြတယ်။ မတ်ဂျစ်ကယ်ရီယာယ်လစ် ပန်းချီကားအကြောင်းပြောမယ်ဆိုရင် မက္ကဆီကန် အနုပညာရှင် ဖရီဒါ ခလို(Frida Kahlo) (၁၉၀၇ -၅၄) အကြောင်းကို မဖော်ပြလို့ မဖြစ်ဘူး ။ တစ်ချို့ကတော့ ခလိုရဲ့ လက်ရာတွေကို မတ်ဂျစ်ကယ် ရီယာယ်လစ်ဇင်ထဲမှာ မထည့်ချင်ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ်သူမရဲ့ ဒေသခံတွေနဲ့ မက္ကဆီကန်ယဉ်ကျေးမှုကို ရောယှက် ဖော်ပြမှုကတော့ ဂါဆီယာ မားကွပ်စဇ်ရဲ့ မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်နဲ့ ဆက်နွယ်သွားစေတယ်။ သူမရဲ့ ပန်းချီကား တွေမှာ မက္ကဆီကန် ကျောက်သံပတ္တမြားတွေ ဒါမှမဟုတ် လက်မှုပစ္စည်းတွေထဲသလို ၊ ဒေသခံ သစ်တောနဲ့ သားရဲ တိရစ္ဆာန်တွေကို ဖော်ပြလေ့ရှိတယ်။ ဒါပေမယ့် ရိုရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေအရကြည့်မယ်ဆိုရင်တော့ ခလိုကို မတ်ဂျစ်ကယ်ရီယာယ်လစ်ဇင်ထဲမှာ ထည့်ဖို့တော့ အတော်ကလေး ငြင်းခုံရလိမ့်မယ် ။ သူ ယူသုံးထားတဲ့ ပန်းချီကား ထဲ ကပစ္စည်းတွေက သင်္ကေတသဘောဆောင်ပြီး တစ်ခုခုကို ရှင်းလင်းထုတ်ဖော်ပြဖို့ရာ ကြိုးစားနေတယ်။ သူမ ပန်းချီကား တွေ နာမည်ကြီးရတဲ့ အချက်က သူမဟာကိုယ့်ရဲ့ ပုံကို ပန်းချီကားထဲ ထည့်ဖို့ရာ ကြိုးစားတယ်။ ထည့်တဲ့ နေရာမှာ လည်း ပြင်ပက ပုံထက်ပိုကျော်လွန်သွားတာတွေကို ထည့်ဖို့ကြိုးစားနေတာဖြစ်တယ်။ ကားလို့စ်ဖျူးတပ်စ်ကတော့ ခလိုရဲ့ ကိုယ်ပိုင်ပုံရိပ်တွေမှာ သူမှာ ရှိမနေသေးတဲ့ လူသားတစ်ယောက်ရဲ့ သီးခြားအမှတ်လက္ခဏာတွေကို တွေ့ရတယ်။ ရှိမနေသေးတဲ့ သီးခြားအမှတ်လက္ခဏာဆိုပေမယ့် ဖြစ်နေခြင်း (Becoming) သဘောတော့ဖြင့် ရှိနေပြီ လို့မြင်တယ်။ သူမရဲ့ ကိုယ်တိုင်ရေးပုံတူကိုဆွဲတဲ့နေရာမှာလည်း ခလိုက မသန်စွမ်းတဲ့ ပုံတွေထည့်ရေးဆွဲတယ်။ ပထမတော့ ပိုလီယိုဖြစ်နေတဲ့ပုံ ၊ နောက်တော့ ထိခိုက်ဒဏ်ရာ ဖြစ်ပြီး ကျောရိုး၊ နံရိုးကျိုးပြီး သတ္ထုအပိုင်းအစတွေက သူမရဲ့ လိင်အင်္ဂါကနေ ထိုးထွက်လာတဲ့ပုံကို ဆွဲပြထားတယ်။ ကားလို့ဖျူးတပ်စ်ကတော့ “ ခလိုရဲ့ ကိုယ်ရေးအတ္ထုပတ္တိမှာ နာကျင်မှုဝေဒနာပေါင်း ၂၉နှစ်စာလောက်ပါတယ်” လို့တင်စားပြောဆိုတယ်။ တနည်းအားဖြင့် သူ့မှာ မတ်ဂျစ်ကယ် ရှုထောင့် လိုပြောနိုင်တာက သာမန်ထက်အလွန်အကျွံဖော်ပြထားတဲ့ ကိုယ်ပိုင်အရှိတရားဘ၀ကို ရေးဆွဲပြာထားလို့ပဲ လို့လည်း ဆိုကြတယ်။ မင်းခက်ရဲ
Posted on: Mon, 23 Sep 2013 08:31:00 +0000

Trending Topics



Recently Viewed Topics




© 2015