မိုးခေါင်မှုများ - TopicsExpress



          

မိုးခေါင်မှုများ ကြုံတွေ့နေရသော အလယ်ပိုင်း ဒေသများ၌ ဇူလိုင်လ တတိယပတ်အတွင်း မိုးရရှိမှု ပိုလာနိုင် Sunday, July 21, 2013 မြန်မာနိုင်ငံ အနှံအပြား မိုးရွာသွန်းမှု မြင့်တက်လာနိုင်ပြီး မိုးခေါင်မှုများ ကြုံတွေ့နေရသော မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မိုးပိုမို ရွာသွန်းနိုင်ကြောင်း Myanmar Climate Change Watch မှ သိရသည်။ ဇူလိုင် ၂၀ ရက် တိုင်းထွာချက်များအရ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန် တိုင်းဒေသကြီး တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်း၊ မွန်ပြည်နယ် မြောက်ပိုင်း၊ ကရင်ပြည်နယ် မြောက်ပိုင်းတို့တွင် မိုးရေချိန် မြင့်တက်လာခဲ့ကြောင်း Myanmar Climate Change Watch မှ ထုတ်ပြန်ချက်များအရ သိရသည်။ ဇူလိုင် ၂၃ ရက်မှ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ သာမက အလယ် ပိုင်းနှင့် မြောက်ပိုင်းဒေသများပါ မိုးကောင်း လာနိုင်ကြောင်းလည်း သိရသည်။ "အခုလ ၂၃ ရက်ကနေပြီး ၂၅ ရက်အတွင်း မိုးကောင်းမယ့် စိုစွတ်ကာလ ဖြစ်လာနိုင်တယ်။ ဒီကာလအတွင်း မိုးကောင်းနေတဲ့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသတွေ သာမက အလယ်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာပါ မိုးကောင်းလာနိုင်ပါတယ်။ မိုးရွာရန် ရာခိုင်နှုန်း ၈၀ ရှိပြီး မိုးရေချိန်က တစ်ရက်အတွင်း နှစ် လက်မလောက် ရနိုင်ပါတယ်" ဟု ဦးထွန်းလွင်က ဆိုသည်။ ထို့ပြင် နေရာကွက်ကြား မိုးကြီးမှုများကြောင့် မိုးကောင်းသော ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ပိုင်းတို့တွင် ရေဖုံးလွှမ်းနိုင်မှု အလားအလာ မြင့်မားနေကြောင်း သိရသည်။ "မိုးကောင်းတာက မိုးလိုနေတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေအတွက် သတင်းကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရေတွေအိုင်နေတဲ့ မြစ်ဝကျွန်းပေါ် ဒေသအတွက်တော့ ရေဖုံးလွှမ်းမှု အန္တရာယ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းရမယ့် ကာလဖြစ်သွားနိုင်ပါတယ်" ဟု ဦးထွန်းလွင်က ပြောကြားသည်။ မြန်မာနိုင်ငံအတွင်း ယခုလ ၂၀ ရက် နေ့အထိ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး မြောက်ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းများတွင် မိုးရေချိန် တစ်လက်မခန့်သာ ရရှိခဲ့ကြောင်း သိရသည်။ Eleven Media Group
Posted on: Sun, 21 Jul 2013 02:18:10 +0000

Trending Topics



Recently Viewed Topics




© 2015