လွတ်လပ်သည့် - TopicsExpress



          

လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဖြစ်ရန် လိုအပ်နေပြီဟု တရားလွှတ်တော်ရှေ့နေဆို _________________________ နန်းလွင်နှင်းပွင့် | တနင်္လာနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၇ မိနစ် တရားစီရင်ရေးမဏ္ဍိုင်နှင့် ဥပဒေများကို ပြည်သူများအနေဖြင့် ယုံကြည်ရန် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ၀င်ရောက်စွက်ဖက်မှု မရှိသည့် တရားစီရင်ရေး ဥပဒေများဖြစ်လာရန် လိုအပ်နေပြီဟု Independent of Judiciary မှ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးက ပြောကြားလိုက်သည်။ တရားလွှတ်တော်ရှေ့နေ ဦးဌေးဦးက စက်တင်ဘာလ ၂၂ရက်က ရန်ကုန်မြို့ ပြည်လမ်းရှိ International Business Center တွင် ပြုလုပ်သည့် Myanmar Legal Aid Network Workshop တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် ၁၉၆၂ခုနှစ်နောက်ပိုင်း တောက်လျှောက် ကျင့်သုံးခဲ့သည့် နည်းစနစ်များသည် အုပ်ချုပ်ရေး အာဏာများ လွှမ်းမိုးလျက်ရှိပြီး ထိုစနစ်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်ကြောင်း ဦးဌေးဦးက ပြောသည်။ ဒီမိုကရေစီစနစ်ကျင့်သုံးသည့် တိုင်းပြည်တိုင်းတွင် အချုပ်အခြာအာဏာကို ကဏ္ဍအလိုက်၊ မဏ္ဍိုင်အလိုက် ခွဲဝေကျင့်သုံးရမည်ဖြစ်ပြီး တရားစီရင်ရေးမဏ္ဍိုင်မှ တရားမျှတသည့်ဥပဒေဖြင့် ပြည်သူအား အကာအကွယ်ပေးမှသာလျှင် တရားဥပဒေ စိုးမိုးရေးသည် လုံခြုံမှု၊ လွတ်လပ်မှု၊ တရားမျှတမှုရှိသည်ကို ပြည်သူက ယုံကြည်မည်ဟုဆိုသည်။ “အုပ်ချုပ်ရေးဌာနတွေက အစိုးရတွေက တရား စီရင်ရေးဌာနတွေ၊ လုပ်ငန်းတွေကို သူတို့ရဲ့ လက်နက်သဖွယ် သုံးခဲ့ကြတာကနေ တရား ဥပဒေစိုးမိုးမှုတွေ ပျက်ပြားခဲ့တာတွေက အင်္ဂလန်မှာ၊ အိန်္ဒိယမှာလည်း ဖြစ်ခဲ့ကြဖူးပါတယ်။ အမေရိကန်မှာလည်း ဖြစ်ခဲ့ဖူးသလို ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဖြစ်ခဲ့ကြတာကို ကျွန်တော်တို့ အားလုံးသိပြီး သားပါ”ဟု ဦးဌေးဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ၁၉၄၇ အခြေခံဥပဒေအရ တရားသူကြီးအားလုံးတို့သည် အခြေခံ ဥပဒေပုဒ်မများကိုသာ လိုက်နာ၍ မိမိတို့၏တရားစီရင်ရေးကို လွတ်လပ်စွာဆောင်ရွက် နိုင်သည်ဟု ပါရှိသည်။ ထိုအခြေခံဥပဒေအရ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် တရားစီရင်ရေး မဏ္ဍိုင်သည် အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် ကင်းကွာစွာ ရပ်တည် နိုင်ခဲ့သည်။ သို့သော် ၁၉၆၂ ခုနှစ် နောက်ပိုင်း၌ အစိုးရသတ်မှတ်သည့် စီမံချက်များကို ပြဋ္ဌာန်းဥပဒေထက် ကျော်လွန်ကာ လုပ်ပိုင်ခွင့်များ ပေးထားသည်ဟု ရှေ့နေများက ဆိုသည်။ “အဲဒီ့အချိန်က အာမခံပေးရမယ်လို့ တရားဥပဒေမှာ ပြဋ္ဌာန်းထားပေမယ့် လည်း စီမံချက်ဆိုတာနဲ့ပဲ တရားသူကြီးက အာမခံ မပေးရဲတော့ဘူး။ စီမံချက်ဆိုတာနဲ့ပဲ အပြစ်မရှိတဲ့ သူကိုလည်း အပြစ်မရှိမှန်းသိလျက်နဲ့ လွှတ်မပေးရဲတော့ဘူး။ အုပ်ချုပ်ရေးအစိုးရကို မလွန်ဆန်နိုင်တဲ့ ဘ၀တွေ ရောက်ခဲ့တဲ့ အချိန်ပေါ့” ဟု အလုပ်ရုံဆွေးနွေးပွဲ တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။ ၁၉၈၈ခုနှစ်နောက်ပိုင်း တရားစီရင်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တရား လွှတ်တော်ရှေ့နေ ဦးဌေးဦးက “အစိုးရရဲ့ တိုက်ရိုက် အမိန့်အတိုင်းပဲ ဆောင်ရွက်ခဲ့တယ်။ အစိုးရရဲ့ လမ်းညွှန်ချက်အတိုင်းလုပ်တဲ့ တရားသူကြီးတွေဆိုရင် သူတို့မှာ ဘယ်လိုအပြစ်တွေပဲ ရှိနေရှိနေ ရာထူးတွေ တိုးတက်ချီးမြှင့်ခြင်းခံရသလို အစိုးရလမ်းညွှန်ချက်အတိုင်း မလုပ်ခဲ့တဲ့ တရားသူကြီးတွေကတော့ အရေးယူ အပြစ်ပေးခံရတယ်။ ဒါ့ကြောင့် တရားစီရင်ရေးမဏ္ဍိုင်က ယိမ်းယိုင် ပျက်စီးခံခဲ့ရ တယ်လို့ ဆိုနိုင်တယ်” ဟု ဝေဖန် လိုက်သည်။ အုပ်ချုပ်ရေးမဏ္ဍိုင်မှ အာဏာသက်ရောက်ခွင့်ရှိနေသည့် တရားဥပဒေများ ပြင်ဆင်ရန် လိုအပ်သလို ရှေ့နေများ အကျိုးစီးပွားနှင့် အခွင့်အရေးကို အထောက်အကူပြုသည့် Bar Council ဥပဒေသည်လည်း ရှေ့နေများအား ကွပ်ကဲခြင်း၊ ကာကွယ်ပေးခြင်းစသော သိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းသင့်သည့်အချက်များ မရှိတော့သဖြင့် ပြင်ဆင်ပေးရန် လိုအပ်သည်ဟု Independent of Bar Council မှ ဦးလှကိုက ဆိုသည်။ အင်္ဂလန်နိုင်ငံမှ နိုင်ငံတကာ ဥပဒေ ပညာရှင် Mrs. Rowan Ryrie (Professional Ethnics of Judges, Lawyer, and Legal Official) က "UK မှာဆိုရင် ရှေ့နေတွေဟာ တရားခံဘက်ကနေ ပို့စ်စကတ်လို ပစ်္စည်းမျိုးတောင် ယူခွင့်မရှိပါဘူး၊ ယူမိလို့ရှိရင် ရှေ့နေလိုက်ခွင့်ကို ရပ်နားပစ်တာတို့၊ ဒါမှမဟုတ်ရင်လည်း အမှုလိုက်ရာမှာ အရေးကြီး အမှုတွေ၊ အမှုကြီးတွေ မလိုက်ရတော့ဘဲ သာမန် သေးငယ်တဲ့အမှုတွေကိုသာ လိုက်ခွင့်ရှိတော့တယ်၊ အဲ့လို ကန့်သတ်ချက်တွေရှိတယ်” ဟု ဆိုသည်။ UK တွင် သာမက နိုင်ငံတကာတွင် ရှေ့နေ သက်တမ်းအား တစ်နှစ်တစ်ကြိမ် တင်ရပြီး တင်ခွင့်ကျလာသည့် သူများသာ ရှေ့နေလုပ်ပိုင်ခွင့်၊ အမှုလိုက်ပိုင်ခွင့်ရှိသည်။ အမှုလိုက်ကျွမ်းကျင်သည့် အကြီးတန်းရှေ့နေများသာလျှင် တရားသူကြီး အဆင့်သို့ လျှောက်ထားခွင့်ရှိပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေး မဏ္ဍိုင်သည် ထိုအချက်များနှင့် ကွာခြားနေကာ စာမေးပွဲဖြေပြီးသည်နှင့် ရာထူးများတန်းရကြသည်ဟု ဆိုသည်။
Posted on: Mon, 23 Sep 2013 10:54:44 +0000

Trending Topics



Recently Viewed Topics




© 2015