ဟုန်ရှင်းစက်ရုံ - TopicsExpress



          

ဟုန်ရှင်းစက်ရုံ အလုပ်သမားများအတွက် လက်ကျန်လစာ၊ နစ်နာကြေးနှင့် ခွင့်လက်ကျန်ခံစားခွင့်ကြေး စုစုပေါင်း သိန်း ၄၀၀ ကျော် ပေးအပ်ပြီးစီး Created on Friday, 27 September 2013 21:27 ဟုန်ရှင်း အအေးခန်းစက်ရုံ အလုပ်သမားများအတွက် လက်ကျန်လစာ၊ အလုပ်ရပ်စဲသည့်အတွက် နစ်နာကြေး၊ ခွင့်လက်ကျန် ခံစားခွင့်ကြေး အားလုံးပေါင်း ငွေကျပ် သိန်း ၄၀၀ ကျော် ပေးအပ်ပြီးစီးပြီးဖြစ်ကြောင်းအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ ဟုန်ရှင်း အအေးခန်းစက်ရုံ ပိတ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ အလုပ်သမား ၁၀၀ ဦးခန့်က စက်တင်ဘာ ၂၂ ရက်က မြို့တော်ခန်းမရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် သပိတ်စခန်း ဖွင့်လှစ်ကာ အစိုးရ၏ အကူအညီ ရရှိရန် လုပ်ဆောင်ခဲ့သည်။ ဟုန်ရှင်းစက်ရုံ အလုပ်သမားများသည် ၎င်းတို့၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံရသည့်အတွက်ဟုဆိုကာ သြဂုတ် ၁၀ ရက်တွင် ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးရုံးတွင် ညှိနှိုင်းမှု ပြုလုပ်ရာတွင် သဘောတူညီမှု အပြည့်အ၀မရသောကြောင့် ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကို ခံယူခဲ့ကြသည်။ လက်ရှိတွင် အလုပ်ရှင်က စက်ရုံပိတ်သိမ်းသည်ဟုဆိုကာ အလုပ်သမားများအား လျော်ကြေးပေးပြီး အလုပ်ထုတ်ရန် ကြိုးစားနေသည်ဟု သပိတ်စခန်း ဖွင့်လှစ်ခဲ့သည့် အလုပ်သမားများက ဆိုသည်။ အဆိုပါ အလုပ်သမားများအတွက် ပြေလည်မှုရရှိစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အလုပ်သမားဝန်ကြီး ဦးစိုးမင်း အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များက လာရောက်ညှိနှိုင်းခဲ့သဖြင့် အချက်ငါးချက်ပါ သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့ပြီး ပြေလည်မှု ရရှိခဲ့သည်။ ထိုအချက်ငါးချက်တွင် ဒုတိယအချက်အရ ၎င်းအလုပ်သမားများအတွက် ဥပဒေအရ အလုပ်ရပ်စဲမှု နစ်နာကြေးနှင့် လုပ်ခလစာ ကျန်ငွေများကို စက်တင်ဘာ ၂၄ ရက်တွင် ဒဂုံဆိပ်ကမ်းစက်မှုဇုန်၊ ကနောင်ခန်းမတွင် ရယူရန်ပါရှိသည်။ ယင်းသဘောတူညီချက်အရ အလုပ်သမား(ကျား) ၃၅ ဦး၊ (မ) ၆၈ ဦး၊ စုစု ပေါင်း ၁၀၃ ဦးအတွက် လုပ်ခလစာကျန်ငွေ ကျပ် ၂၂ သိန်းကျော်၊ အလုပ်ရပ်စဲမှု နစ်နာကြေး ကျပ် ၃၃၆ သိန်းကျော်နှင့် ခွင့်လက်ကျန်ခံစားခွင့် ကျပ် ၄၅ သိန်းကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ Credit to >Eleven Media Group< Re-posted By ဆုံချက်ထူး 28-9-2013
Posted on: Fri, 27 Sep 2013 19:57:51 +0000

Recently Viewed Topics




© 2015