အာဆီယံ နဲ့ - TopicsExpress



          

အာဆီယံ နဲ့ မိုးလေ၀သကဏ္ဍ ================ ဆရာ ဒေါက်တာထွန်းလွင် ရေးသားထားတဲ့ ဆောင်းပါးပါခင်ဗျာ။ အခုလိုရေးသားဖော်ပြခွင့်ပြုတဲ့ ဆရာဒေါက်တာထွန်းလွင် ကို ကျေးဇူးအထူးတင်ရှိပါတယ်။ အာဆီယံ နဲ့ မိုးလေ၀သကဏ္ဍ။ ဒါတွေ..မိတ်ဆွေတို့သိသင့်ပါတယ်။ မောင်ထွန်းလွင် (မိုးလေ၀သ) တလောက နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)မှာ နိုင်ငံတော်ကဖွဲ့စည်းထားတဲ့ “အာဆီယံ ထင်ရှားကျာ်ကြားသူ ပညာရှင်များအဖွဲ့” ရဲ့ ပထမဆုံးအကြိမ် အစည်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ သက်ဆိုင်သူ တာဝန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊အာဆီယံရေးရာတာဝန်ခံက ၂၀၁၄ ခုနှစ်မှာ မြန်မာက အလည့်ကျ အာဆီယံဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်တော့မှာမို့ မိမိတို့ကဏ္ဍအလိုက် မြန်မာနိုင်ငံက ဦးဆောင်ဦးရွက်ပြုနိုင်မယ့် လုပ်ငန်းများကို အကြံပြုပေးကြဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျွန်တော့် အလှည့်မှာတော့ အာဆီယံနိုင်ငံများအတွင်း မိုးလေ၀သကဏ္ဍ မှာ မြန်မာက ဦးဆောင်သူ(Pioneer or Leadership)အခန်းကဏ္ဍက ရှိနေတဲ့ လုပ်ငန်း(၄)ခုရှိနေပြီး၊ အဲဒီကဏ္ဍတွေကို ဆက်လက် ဦးဆောင်မှု ယူသင့်ကြောင်း ကို ဆွေးနွေးအကြံပြုခဲ့ပါတယ်။ အဲဒီကဏ္ဍ(၄)ရပ်ကတော့ (၁) မိုးလေ၀သခန့်မှန်းချက်များနဲ့သဘာဝဘေးသတိပေးချက်များ၊ ရာသီဥတုပြောင်းလဲခြင်းကိစ္စရပ်များ ဆောင်ရွက်ရာမှာ မြန်ဆန်ထိရောက်နှိုင်ရေးအတွက် မိုးလေ၀သဌာနရယ်၊ အစိုးရဌာနများရယ်၊ ဒေသခံ အုပ်ချုပ်သူများရယ်၊ ဒေသခံ ကိုယ်စားလှယ်များရယ်၊ UN, NGO, INGO အဖွဲ့များရယ်၊ သတင်းမီဒီယာ များရယ် စုပေါင်းပြီး လုပ်ငန်းဆိုင်ရာများ သူ့ဖက်ကိုယ့်ဖက် ပံ့ပိုးနှိုင်မှု၊ လိုအပ်ချက် စတာတွေကို ပွင့်ပွင့်လင်းလင်း ဒူးတိုက်နွေးနိုင်တဲ့ မုတ်သုံဖိုရမ် (Monsoon Forum) ကို အာရှတိုက် တစ်ခုလုံးမှာ မြန်မာနိုင်ငံက ၂၀၀၇ ခုနှစ်မှာ ပထမဆုံး စတင်တည်ထွင် ကျင်းပခဲ့တဲ့နိုင် ငံဖြစ်ပါတယ်။ နောက်ပိုင်းမှ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား တို့က မြန်မာနိုင်ငံမှ လေ့လာပြီး လိုက်လံကျင်းပလာခဲ့ကြပါတယ်။ (၂) မိုးလေ၀သဌာနက မိမိကိုယ်ပိုင်အဖြစ် မိုးလေ၀သခန့်မန်းချက် ရုပ်မြင်သံကြား သတင်း ထုတ်လုပ်ရေး အသေးစားစတူဒီယို (TV Weather News Production Mini-Studio) တစ်ခုကို ဌာနပိုင်အဖြစ် ၁၉၉၃-၉၄ ခုနှစ်လောက်စပြီး သိန်း(၃)ထောင်လောက် ကုန်ကျမယ့် စီမံကိန်းကို ၀န်ကြီးရုံးဘတ်ဂျှက်ငွေ (၁၄)သိန်းနဲ့ (၅)နှစ်ခန့် ကြိုးစားတည်ထောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ် မှာ မြန်မာ့ရုပ်မြင် သံကြားနဲ့ မြ၀တီရုပ်မြင်သံကြား တို့အတွက် မိုးလေ၀သ ရုပ်မြင်သံကြား သတင်းတွေကို မိုးလေ၀သဌာနက နေ့စဉ် စတင်ထုတ်လုပ်ပေးနိုင်ခဲ့ ပါတယ်။ ဒီကနေ့တော့လည်း နေပြည်တော်မှာ ဒီစတူဒီဟာ ခန်းခန်းနားနားနဲ့ ရှိနေခဲ့ပါပြီ။ သတင်းအဖွင့်တွေမှာ ရာသီအလိုက်မြန်မာသံစဉ်တေးသွားလေးတွေ၊ “ပုဝါနှစ်စအသာချ” တဲ့ သတင်းကြေငြာသူ ဌာနတွင်းက အမျိုးသမီးငယ်တွေရဲ့ ဒီဇိုင်းပုံလေးတွေ မိတ်ဆွေတို့မှတ်မိကြဦးမှာပါ။ “ကျန်းမာတော်မူကြပါစခင်ဗျာ” ဆိုတာကြီး ကိုလည်း မမေ့ကြသေးပါဘူးနော်။ ဒီလို မိုးလေ၀သဌာန ကိုယ်ပိုင်စတူဒီယိုမျိုး အာဆီယံနိုင်ငံတွေမှာ မြန်မာကလွဲရင် ဘယ်နိုင်ငံမှ မရှိကြပါဘူး။ မြန်မာနိုင်ငံက အာဆီယံမိုးလေ၀သဌာနများအစည်းအဝေးကို လက်ခံကျင်းပတော့ စင်္ကာပူမိုးလေ၀သဌာနက ညွှန်ကြားရေးမှူးချုပ်က ကျွန်တော်တို့ ရန်ကုန်၊ကမ္ဘာအေးရုံးက မိုးလေ၀သရုပ်မြင်သံကြားစတူဒီယိုကို လာကြည့်အပြီး “ငါတို့လည်း ဒီလိုစတူးဒီယိုမျိုး ထူထောင်ဖို့ ကြိုးစားဘူးတယ်ကွ၊ ဒါပေမယ့် မအောင်မြင်ပါဘူးကွာ၊ နောက်တော့ရပ်လိုက်ရပြီး ရုပ်မြင်သံကြားထုတ်လွှင့်တဲ့ ရုံးတွေကိုဘဲ ပြန်အပ်လိုက်ရပါတယ်” လို့ပြောတော့ ကျွန်တော်လေ ပီတိတွေ ဖြစ်လိုက်ရတာ။ ဟဲ…ဟဲ..ပီတိစား၊ အားရှိပါ၏ ဆိုတာ မှန်သားဗျ။ မလေးရှားက ကိုယ်စားလှယ်က သူတို့လည်း ဒါမျိုးထူထောင်ချင်လို့ အကူအညီပေးပါလို့ မေတ္တာရပ်ခံတော့ ကျွန်တော့မျက်နှာ ဘယ်လိုရှိနေမယ်ဆိုတာ ကျွန်တော်ပြန်မြင်ချင်လိုကတာ်။ (မှတ်ချက်။ ဒီစတူဒီယိုလုပ်ငန်းကို ကျွန်တော်နဲ့အတူ ပီတိတွေဘဲစားပြီး အပင်ပန်းအဆင်းရဲခံကာ နေ့မအိပ်၊ ညမအိပ်နဲ့ (၅)နှစ်ကျော်ကျော် စတူဒီယိုတည်ထောင်မှုကို နိုင်ငံအတွက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ၀န်ထမ်းများသာဖြစ်ကြတဲ့ (ဦး)မျိုးသန့်၊ (ဦး)ဘမော်၊ (ဦး)ဘသက်ဦး တို့ကို သတိတရ ရှိလှပါတယ်။) (၃) ၁၉၉၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ် Professor Dr. G. O. P. Obasi လာရောက်တော့ နိုင်ငံတော် ဒုတိယ အကြီးအကဲနဲ့တွေ့ဆုံခွင့်ရပါတယ်။ ဒီတွေ့ဆုံပွဲမှာ အတွင်းရေးမှူးချုပ်က နိုင်ငံတော် အကြီးအကဲကို မြန်မာနိုင်ငံ၊ တက္ကသိုလ်တွေမှာ မိုးလေ၀သဘာသာ၊ ဇလဗေဒဘာသာ ရပ်တွေကို ထည့်သွင်းသင်ကြားသင့်တဲ့အကြောင်း အကြံပြုသွားခဲ့ပါတယ်။ နာက်တော့ နိုင်ငံတော်ကလည်း အဲဒီတုံးက တက္ကသိုလ်(၁၂)ခုရှိတဲ့အနက် စာပေးစာယူတက္ကသိုလ်ကလွဲရင် ကျန်တက္ကသိုလ်(၁၁)ခုအတွက် တက္ကသိုလ်တွေမှာ မိုးလေ၀သဌာနတွေ ဖွင့်ဖို့ ပါမောက္ခကစပြီး အောက်ဆုံး ရုံးအကူ၊ ရုံးစောင့်အထိ ပါဝင်တဲ့ ဖွဲ့စည်းပုံဘတ်ဂျက်သစ်တွေကို ပြဌာန်းခွင်ပြုချပေးခဲ့ပါတယ်။ ဒီနေ့အထိ ဘယ်တက္ကသိုလ်မှမှ မဖွင့်နိုင်ခဲ့သေးပါဘူး။ ဒါပေမယ့် မိုးလေ၀သဌာနကတော့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန၊ သင်္ချာဌာနတို့နဲ့ ပူးပေါင်းပြီး ၁၉၉၄-၉၅ ခုနှစ်လောက်ကစပြီး သိပ္ပံ(ဂုဏ်ထူးတန်း) (မိုးလေ၀သ/ဇလဗေဒ)ဘွဲ့ တွေကို ပေးနိုင် ဖို့ မိုးလေ၀သဌာနက ၀န်ထမ်းတွေက တက္ကသိုလ် အချိန်ပိုင်းဆရာ/ဆရာမတွေအဖြစ် နဲ့ သင်တန်းများပိုချပေးခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ပထမဆုံး သိပ္ပံဘွဲ့(ဂုဏ်ထူးတန်း)(မိုးလေ၀သ)(ဇလဗေဒ)တွေ ကို ပေးအပ်နိုင်ခဲ့တယ်။ အခုအထိပါဘဲ။ ဒီလို မိုးလေ၀သဌာနတစ်ခုက မိမိရဲ့မူလတာဝန်များအပြင် တက္ကသိုလ် ပညာရပ်ဘွဲ့တွေ ကို ပေးဖို့ ဆောင်ရွက်ပေးနေတာဟာ အာဆီယံနိုင်ငံများမပြောနဲ့ ကမ္ဘာ့နိုင်ငံများ မှာတောင် မရှိနိုင်တဲ့ စွမ်းဆောင်မှုမျိုးဖြစ်ပါတယ်။ (၄) ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ(၂၆)ရက်နေ့မှာ အိန္ဒိယသမုဒ္ဒယာအတွင်း ပထမဆုံး အကြိမ် ဆူနာမီရေလှို်င်း တွေဖြစ်တော့အဓိကနိုင်ငံပေါင်း(၆)နိုင်ငံမှ လူပေါင်း(၃) သိန်းကျော် သေဆုံးခဲ့ကြရပါတယ်။ အဲဒီလို သေဆုံးကြရ တာဟာ အိန္ဒိယသမုဒ္ဒယာမှာ ပစိဖိတ်သမုဒ္ဒယာလို ဆူနာမီကြိုတင်သတိပေးစ့နစ်မရှိလို့ လို့ဝေဘန်ပြောဆိုကြ ပါတယ်။ ဒီတော့ အိန္ဒိယသမုဒ္ဒယာအတွင်းနိုင်ငံတွေမှာရော၊ ဒေသတွင်းမှာရော ဆူနာမီကြိုတင်သတိပေး စံနစ်တွေ ထူထောင်ဖို့ ဖြစ်လာပါတယ်။ အဲဒီနိုင်ငံတွေထဲ မှာ မြန်မာလည်းပါနေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တော့ ဆူနာမီကြိုတင်သတိပေး စံနစ် ထူထောင်ဖို့ဆိုတာဝေးလို့ ဆူနာမီဆိုတာတောင် ဘာမှန်းမသိသေးလို့ ဒီကိစ္စဟာ အလှမ်းဝေးလှပါတယ်။ နောက်ပြီး အဲဒီတုံးက မြန်မာနိုင်ငံဟာ နိုင်ငံရေး ပိတ်ဆို့ ခံထားရလို့ “မြန်မာဆိုရင် မပေးဘူး” ဖြစ်နေတဲ့ကာလပါ။ တကယ့် အကူအညီ မဲ့နေတဲ့ ကာလပါ။ ဒီအချိန်မှာ ဒေသတွင်းမှာ နည်းပညာနောက်ကျနေတဲ့ မဖွံ့ဖြိုးမတိုးတက်သေးတဲ့နိုင်ငံတွေအတွက် တစ်ယောက်အားနဲ့ယူဖို့မရနိုင်တဲ့ ကိစ္စမို့ အားလုံးစုပေါင်း ဆောင်ရွက်ကြဖို့ ဒေသဆိုင်ရာအဖွဲ့ တစ်ခုကို ၂၀၀၅ ခုနှစ်၊ ဇူလိုင်လမှာ ထူထောင် ခဲ့ကြပါတယ်။ နိုင်ငံပေါင်း(၁၁)နိုင်ငံ ပါဝင်လက်မှတ်ရေးထိုး ခဲ့ကြတယ်။ ဒီအဖွဲ့ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ AIT မှာ အခြေစိုက် ရုံးဖွင့်ထား တယ်။ ကနေ့တော့ ဒေသတွင်း အာရှသာမကတော့ဘဲ အာရိကနိုင်ငံတွေပါ အဖွဲ့ဝင်တွေ အဖြစ်ပါလာလို့ အဖွဲ့ဝင်(၂၆)နိုင်ငံရှိနေပါပြီ။ အဖွဲ့အမည်က RIMES(Regional Integrated Multi-hazard Early Warning System) လို့ခေါ်ပါတယ်။ အဲဒီအဖွဲ့ကို ၂၀၀၅ ခုနှစ်မှာ စတင်ထည်ထောင် ခဲ့တဲ့သူ ကတော့ မြန်မာနိုင်ငံမိုးလေ၀သဌာနဖြစ်ပါတယ်။ ပထမဆုံး ဥက္ကဌလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းကဏ္ဍ(၄)ခုမှာ မြန်မာက Leading Role ပါ။ မြန်မာဆိုတာ ညံ့တဲ့လူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် ဒါတွေကို သိတဲ့တဲ့လူ နည်းနိုင်ပါတယ်။ နောက်ပြီး အဲဒီ နိုင်ငံခြားရေးဝန်ကြီးဌာနအစည်းအဝေးမှာ တာဝန်ရှိပုဂိုလ်က ထိုင်းနိုင်ငံမှာ နောက်ဆုံး ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းဝေးကို ပါဝင်တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး Mr. John Terry ရဲ့ပြောစကားတစ်ခုကိုလည်း ပြောသွားခဲ့ပါသေးတယ်။ Mr. John Terry က သူတို့အမေရိကန်ပြည်ထောင်စုမှာ မြစ်တွေအတွင်း ရေကာတာတွေ၊ ရေအတားတွေ အများကြိးတည်ဆောက် ပြီး ရေအားလျပ်စစ်တွေထုတ်နေလို့ Colorado River ဟာ ပင်လယ်ထဲစီးဝင်တော့ ရေတွေနည်းသွားလိုက်တာ ချောင်းသာသာဘဲ ရှိပါတော့တယ်လို့ ရေကာတာများတည်ဆောက်မှုကြောင့် Another Dying River အဖြစ် မချိမဆန့်ခံနေရတဲ့ ကိုလိုရာဒိုမြစ်အကြောင်း ပြောသွားခဲ့ပါတယ်တဲ့။ ဒါဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးရဲ့ မိမိတို့ရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး မှားယွင်းမှုကြောင့် နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေ ပျက်စီးရပုံကို ပထမဆုံး လူပုံအလယ်မှာ ၀န်ခံပြောကြားခြင်းဖြစ်တယ်လို့ သတင်းမီဒီယာများက ပြောကြ ပါတယ်။ မြန်မာနိုင်ငံက မြစ်ဆုံတာတည်ဆောက်ရေးကို ပြန်လည်သက်သွင်းလိုနေကြတဲ့ လောဘ သမားတွေ၊ ဘနဖူး သိုက်တူးလိုနေတဲ့ သူတွေအတွက်တော့ ကြီးမားတဲ့ သတိပေးလိုက်သံပါဘဲ။ နောက်ပြီး အခုလို မကြာမီကျင်းပပြုလုပ်တော့မယ့် အာဆီယံအားကစားပွဲတော်မှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် မြန်မာ အားကစားသမားများ အနေနဲ့လည်း အာဆီယံမှာ မြန်မာက ဦးဆောင်နိုင်တဲ့ကဏ္ဍတွေ ရှိနေပါတယ် ဆိုတာကိုလည်း လူငယ်တွေကို အားပေးချင်ပါတယ်ဗျာ။ မောင်ထွန်းလွင် (မိုးလေ၀သ)
Posted on: Tue, 20 Aug 2013 04:34:19 +0000

Trending Topics



Recently Viewed Topics




© 2015