အဂတိ လိုက်စားမှု - TopicsExpress



          

အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ သ၀ဏ်လွှာကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ပြန်လည်စိစစ်မည် Wednesday, 14 August 2013 နိုင်ငံတော် သမ္မတမှ ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေနှင့် ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာများကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ပြန်လည်စိစစ်မည်ဖြစ်ကြောင်း သိရသည်။ သြဂုတ် ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယကက ယင်းသ၀ဏ်လွှာများ ဖတ်ကြားပြီးနောက် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်ဌေးက ဆွေးနွေး၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ထောက်ခံဆွေးနွေးကာ လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် ထိုသို့ပြန်လည် စိစစ်ရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်သမ္မတက ပေးပို့သည့် သ၀ဏ်လွှာများတွင် ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်ဟု အများပြည်သူ ထင်မှတ်နိုင်သောကြောင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အနေဖြင့် ပြန်လည်စိစစ်ရန် ဦးကျော်နိုင်ဌေးက ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာတွင် ယင်းဥပဒေကြမ်းကို သဘောထား (၁၂)ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်က နှစ်ချက်သာ ပြင်ဆင်ခဲ့ပြီး (၁၀)ချက်ကို မူလအတိုင်း ထားရှိ၍ ပြန်လည်ပေးပို့သည့် ဥပဒေကြမ်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကြမ်းဟု အမည်ပေးထားသော်လည်း လာဘ်ပေးလာဘ်ယူ အရေးယူခြင်း ဆိုင်ရာများကိုသာ ဖော်ပြထားခြင်း၊ ဥပဒေအမည်နှင့် ကိုက်ညီစေရန် အဂတိလိုက်စားမှု စကားရပ်အား အဓိပ္ပာယ်ဖွင့်ဆိုချက် ဖော်ပြရန် လိုအပ်ခြင်း၊ အဂတိလိုက်စားမှုတွင် မလျော်သြဇာ သုံးစွဲမှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် တမင်တာဝန်ပျက်ကွက်မှုများ ပါရှိရာ ဥပဒေကြမ်းတွင် ပြည့်စုံစွာ ရေးဆွဲရန် လိုအပ်ခြင်း စသည့်ပြန်လည် သုံးသပ်စရာများ ပါရှိနေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်ကို ဂရုပြုရန်လိုကြောင်း၊ သို့ရာတွင် အများဆန္ဒကို အလေးဂရုပြုသောအားဖြင့် လက်မှတ်ရေးထိုးပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးကျော်နိုင်ဌေးက ဥပဒေတစ်ခု ပြုရာတွင် အဓိက ရည်ရွယ်ချက်သည် အဓိကကျကြောင်း၊ ယခုဥပဒေသည်လည်း လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန် အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတ အနေဖြင့် ခေါင်းစဉ်ပြောင်းလဲရန် သဘောထား မှတ်ချက်ပြုခဲ့စဉ်က ထိုသို့ဆွေးနွေးစဉ်က ဥပဒေကြမ်းကော်မတီ အနေဖြင့် ဥပဒေပါ ချိတ်ဆက်ထားသည့် အခန်း၊ ပုဒ်မများသည် အလဟဿ ဖြစ်သွားနိုင်သည့်အတွက် မူလအတိုင်း ထားရှိရန် အကြံပြုခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစုက ပိုမိုကျယ်ပြန့်သည့် ခေါင်းစဉ်အောက်တွင် ဥပဒေသည် ပိုမိုကောင်းမွန်သွားမည်ဟု လက်ခံသောကြောင့် ပြောင်းလဲရန် အတည်ပြုခဲ့သည်ဟု မှတ်ယူပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး အနေဖြင့်လည်း ယင်းသို့သဘောထားမှတ်ချက် ပြုခဲ့စဉ်က စကားရပ်များကို တစ်ပါတည်း အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်သည်ဟု ထည့်သွင်းဆွေးနွေးခဲ့ပါက ဆွေးနွေးချက်များသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပါကြောင်း သ၀ဏ်လွှာနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ နိုင်ငံတော်သမ္မတ၏ သ၀ဏ်လွှာ နှစ်စောင်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြန်လည်စိစစ်ရန် လွှတ်တော်က အတည်ပြုခဲ့သည်။ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက နိုင်ငံတော်သမ္မတ ပေးပို့သော သ၀ဏ်လွှာနှစ်စောင်ကို မှတ်တမ်းတင် ထားရှိကြောင်း ကြေညာခဲ့သည်။ Eleven Media Group
Posted on: Wed, 14 Aug 2013 00:33:00 +0000

Trending Topics



Recently Viewed Topics




© 2015