အင်ဖာ-ကလေး - TopicsExpress



          

အင်ဖာ-ကလေး ဘတ်စ်ကားလိုင်း ပြေးဆွဲနိုင်ရန် စီစဉ် Tuesday, June 25, 2013 အိန္ဒိယနိုင်ငံ နယ်စပ်ဒေသဖြစ်သော မဏိပူရပြည်နယ် အင်ဖာမှ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ထိ ဘတ်စ်ကားလိုင်း ပြေးဆွဲရန် စီစဉ်နေပြီဖြစ်ကြောင်း မန္တလေးမြို့တော်ရှိ အိန္ဒိယ ကောင်စစ်ဝန်ရုံးထံမှ သိရသည်။ အဆိုပါ အစီအစဉ်အရ အင်ဖာမှ မန္တလေးမြို့တော်ထိ တိုက်ရိုက်ပြေးဆွဲရန် ရည်ရွယ်ထားပြီး ကလေး-မုံရွာ လမ်း ကောင်းမွန်ခြင်း မရှိသေးသဖြင့် အင်ဖာမှ ကလေးမြို့ထိသာ တိုက်ရိုက် စတင် ပြေးဆွဲ သွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ ထပ်မံ သိရသည်။ ယင်းကဲ့သို့ စတင် ပြေးဆွဲနိုင်ရေးအတွက် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တွေ့ဆုံ ဆွေးနွေးပွဲကို ဇူလိုင် လဆန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ ကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒန် မိုဟန်ဆေတီက ပြောကြားသည်။ မြန်မာ ကောင်စစ်ဝန်ရုံး အင်ဖာတွင် တည်ဆောက်နိုင်ရေးအတွက် နေရာ သတ်မှတ်ပေးရန် အဆင်သင့်ရှိကြောင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ်က ပြောကြားထားကြောင်း ၎င်းက ဆိုသည်။ မဏိပူရ ပြည်နယ်အနေနှင့် ဗီဇာထုတ်ပေးရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း မေလအတွင်းက ပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တွေ့ဆုံဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။ "အင်ဖာနဲ့ ကလေးကို တိုက်ရိုက် ဘတ်စ်ကား ပြေးမယ်ဆိုရင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေး တက်လာမှာပါ။ ဘာလို့လဲဆိုတော့ အင်ဖာက လူက မြန်မာထဲကို လာချင်ရင် နယူးဒေလီမှာ ဗီဇာ ယူရတယ်။ မြန်မာက သွားချင်တယ်ဆိုရင်လည်း နေပြည်တော်မှာ ဗီဇာ ယူရတာဆိုတော့ သွားလာဖို့ မလွယ်ကူတဲ့အတွက် ကူးသန်းရောင်းဝယ်ရေးမှာ အခက်အခဲ ဖြစ်စေတယ်" ဟု Upper Myanmar India Business Association မှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းရွှေက ပြောကြားသည်။
Posted on: Tue, 25 Jun 2013 10:57:34 +0000

Trending Topics



Recently Viewed Topics




© 2015