အတည်ပြုထားသည့် - TopicsExpress



          

အတည်ပြုထားသည့် သတင်းများကိုသာ ထုတ်ပြန်ရန် ကုလကို မြန်မာ အစိုးရတောင်းဆို ======================================== The Voice Daily ကုလသမဂ္ဂ အနေနှင့် သတင်းများ ထုတ်ပြန်ရာတွင် အတည်ပြုထားသည့် သတင်းများကိုသာ ထုတ်ပြန်ရန် ကုလသမဂ္ဂ အထွေထွေ ညီလာခံက ချမှတ်ထားသည့် ကြေညာချက်အတိုင်း လိုက်နာရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။ မောင်တော ဖြစ်စဉ်နှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၃ ရက်နေ့က ရန်ကုန်မြို့တော် နိုင်ငံခြားရေး ဝန်ကြီးဌာနရုံးတွင် သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် ဘင်္ဂါလီများ တိုက်ခိုက်၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံး ခဲ့သော်လည်း ကုလသမဂ္ဂ ထုတ်ပြန်ရာတွင် ဒုချီးရားတန်း ကျေးရွာ၌ လုံခြုံရေးများနှင့် ရခိုင် တိုင်းရင်းသားများ တိုက်ခိုက်၍ ဘင်္ဂါလီ လေးဆယ်ခန့် သေဆုံး ခဲ့သည်ဟုဆိုကာ ယင်းကိစ္စကို စုံစမ်းစစ်ဆေးပေးရန် မြန်မာအစိုးရ ကို တောင်းဆိုခဲ့သည်။ မောင်တော အကြမ်းဖက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာ တွင် နိုင်ငံတကာ မီဒီယာများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် မသေချာသည့် အချက်အလက်များကို ထုတ်ပြန်ခဲ့ကြောင်း ဦးဝဏ္ဏမောင်လွင်က ဆိုသည်။ “UN ညီလာခံကလည်း သတင်းထုတ်ပြန်တဲ့အခါ တိကျသေချာပြီး UN ကြေညာချက်အတိုင်း လိုက်နာဖို့ လိုအပ်တယ်။ နိုင်ငံတကာ မီဒီယာတွေက ထုတ်ပြန်တဲ့ အခါမှာလည်း တိကျသေချာပြီး ယုံကြည်စိတ်ချမှု ရှိဖို့လိုတယ်” ဟု ၎င်းကဆိုသည်။ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာန ဆက်သွယ်ရေး အရာရှိ ဦးအေးဝင်းကမူ ဦးဝဏ္ဏမောင်လွင်၏ ပြောဆိုချက်နှင့် ပတ်သက်၍ မှတ်ချက်ပေးစရာ မရှိကြောင်း ပြောဆိုသည်။ နိုင်ငံတကာ သတင်းဌာနများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့် သတင်းထုတ်ပြန်ရာတွင် သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနှင့် ဆက်သွယ် စုံစမ်း အတည်ပြုထားသော သတင်းများကိုသာ ထုတ်ပြန်ရန်၊ အစိုးရ အတည်ပြုချက်မရှိဘဲ သတင်းထုတ်ပြန်မှုသည် မြန်မာနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ရာ ရောက်ကြောင်း ဇန်နဝါရီလ ၂၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Posted on: Thu, 30 Jan 2014 04:39:14 +0000

Trending Topics



Recently Viewed Topics




© 2015