အနန္တတရားရဲ့ - TopicsExpress



          

အနန္တတရားရဲ့ တံခါးများအား ငါ့အားဖွင့်ပေးရင်လဲ (ဘာအရေးလဲ) မာန်နတ်ဆီက လာလာ၊ နတ်ဆီကလာလာ ဘာအရေးလဲ၊ နတ်ဖြစ်ဖြစ်၊ နာနာဘာဝဖြစ်ဖြစ်။ ပီယာရှားလ်ဘို့ဒလယ် (1821-67) ကမ္ဘာပေါ်မှာ နတ်သမီးများရှိဖို့ လိုအပ်ပါသလား။ ကျွန်တော်ကတော့ ရှိစေချင်ပါသည်။ ဥပမာ The Lord of the Ring ထဲက Liv Tylar လို နတ်သမီးမျိုးကိုပေါ့။ နောက် မကြာခဏ ရေနစ်တတ်သော ကျွန်တော့်အတွက် “မေခလာ” လို နတ်သမီးတစ်ပါးလည်း အလိုရှိပါသည်။ မဟော်သဓာအား ရှာရှာဖွေဖွေမေးခွန်းများ မေးတတ်သော ဝိဒေဟရာဇ် မင်းကြီး၏ ထီးစောင့်နတ်သမီးကိုလည်း ကျွန်တော်မေးလိုရာမေးနိုင်ရန် အလိုရှိပါသည်။ အဲရိုးစမစ် (Arrow Smith) အဖွဲ့၏ နတ်သမီး (Angle) သီချင်းကို မဟောင်းစေချင်သေးပါ။ နတ်သမီးကို အော်ကြီးဟစ်ကြယ်ပင့်ဖိတ်ဖို့ မလိုဘူးလေ။ နတ်သမီးများရဲ့ မြို့ဟာ နိဗ္ဗာန်ဘုံ တောင်ပိုင်းမှာ ရှိတယ်လို့ ကျွန်တော်ပြောခဲ့လျှင် သင့်အားမငြင်းစေချင်ပါဘူး။ သင်ရော ကျွန်ုပ်ပါ နိဗ္ဗာန်ဘုံတောင်ပိုင်း ကို မရောက်ဖူးခဲ့ဘူး မဟုတ်လား။ အကယ်၍ ကျွန်တော့်မှာ ယောနသံဇင်ယော်၏ အတောင်ပံတစ်စုံသာ ရှိခဲ့မယ်ဆိုရင် နိဗ္ဗာန်ဘုံသို့ ခရီးထွက်ရန် သင့်ကို ဖိတ်ခေါ်ပါမည်။ ဝိုင်နီတစ်ပိုင့်နှင့် ဒိန်ခဲအနည်းငယ်ကိုတော့ဖြင့် ယူခဲ့စေချင်ပါသည်။ ကျွန်တော့်မှာ ကဗျာနည်းနည်းတော့ ပါခဲ့ပါသည်။ နတ်သမီးများ၏ တောင်ပံဖြူဖြူများအား တိမ်တိုက်များကြားတွင် ထိတွေ့ဆော့ကစားခွင့် ရချင်ပါသေးသည်။ တစ်စုံတစ်ယောက်က ကျွန်တော့်ကို သင်သွားလိုရာ သွားနိုင်ပြီဟု ခပ်တိုးတိုးပြောသည့်အခါ နတ်သမီးများရှိရာ ကောင်းကင်ဘုံတောင်ပိုင်းသို့ ကျွန်တော်သွားခဲ့ပါသည်။ ဂျူးလူမျိုးများရဲ့ အယူအဆအရ “ဘုရားသခင်သည် လူများနှင့် တိုက်ရိုက်ထိတွေ့မှုကို မပြုလုပ်၊ အရာဝတ္ထုများကို လောင်ကျွမ်းမှုကို ဖြစ်စေ၍ စက်ဝန်းသဏ္ဍာန်ဖြစ်ပေါ်ကာ နတ်သမီးများကို ပေါ်ပေါက်စေပြီးလျှင် ဘုရားသခင်အား အခစားဝင်လေသည်။ ထို့နောက် ဘုရားသခင်နှင့် သတ္တလောကကြားတွင် ကြားခံပုဂ္ဂိုလ်များ သို့မဟုတ် သတင်းပို့သူများအနေဖြင့် ဆောင်ရွက်တော်မူသည်” ဟု နတ်သမီးများ အစပြုပုံကို (Guide of the Perplexed 11:4) တွင် ဖော်ပြသည်။ နတ်သမီးများသည် ခန္ဓာကိုယ်မရှိ၊ နာမ်သာရှိပြီး စွမ်းအားများလည်း တစ်ပါးနှင့်တစ်ပါး မတူညီပဲ ကန့်သတ်မှုရှိသည်ဟု Skeptic’s Dictionary တွင် ရောဘတ်တီကာရိုး (Robert T.Carroll) က ဆိုသည်။အချို့သော နတ်သမီးများသည် မာန်နတ်ထံမှ ပို့လွှတ်သော နတ်သမီးများဖြစ်သည်ဟု ကာရိုးက ဆိုပြန်သည်။
Posted on: Sun, 11 Aug 2013 14:17:43 +0000

Trending Topics



Recently Viewed Topics




© 2015