အများပြည်သူဆိုင်ရာ - TopicsExpress



          

အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေအရေး စာနယ်ဇင်းကောင်စီနှင့် ဥပဒေပညာရှင်များ ဆွေးနွေး 25.8.2013 မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ခဲ့သည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုမီဒီယာ Public Service Media (PSM) ဥပဒေနှင့် ပတ်သက်၍ ဥပဒေပညာရှင်များနှင့် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ကောင်စီရုံးခန်းတွင် ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု မီဒီယာ PSM မှာ ဒီမိုကရေစီ နိုင်ငံတိုင်းတွင် ကျင့်သုံးခြင်းမရှိဘဲ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုရုပ်သံ Public Servic Broadcasting (PSB) သာရှိရာ ပြန်ကြားရေးဝန်ကြီးဌာနက နိုင်ငံပိုင်ငွေဖြင့် သတင်းစာ၊ ဂျာနယ် ထုတ်ဝေသူများနှင့် အပြိုင် လုပ်ကိုင်မည် ဆိုသည်မှာ တရားမျှတမှု မရှိသောကြောင့် လွှတ်တော်သို့ တင်ပြ ဆွေးနွေးရန် အကြံပေးခဲ့ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၏ ဥက္ကဋ္ဌ ဦးကိုနီက ပြောဆိုသည်။ “မြန်မာ့အလင်းတို့၊ ကြေးမုံသတင်းစာတို့ကို အစိုးရကပဲလုပ်လုပ်၊ ပုဂ္ဂလိကပဲပေးပေး လုပ်လို့ရတယ်၊ အခုဟာက အစိုးရက ၇၀ ရာခိုင်နှုန်း ပါဝင်ပြီး လုပ်ကိုင်မယ်ဆိုတာတော့ မတရားဘူး” ဟု ၎င်းကဆိုသည်။ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှု သတင်းစာလုပ်ငန်းအတွက် နိုင်ငံတော်၏ ဘဏ္ဍာရေးအရ သုံးဆိုင်ရာ ဥပဒေအရ လုပ်ငန်းလည်ပတ်ရန် လိုအပ်သော အသုံးစရိတ်၏ အနည်းဆုံး ၇၀ ရာခိုင်နှုန်းကို လွှတ်တော်က ပြဋ္ဌာန်းသည့် အတိုင်း နိုင်ငံတော်ဘဏ္ဍာငွေ၊ လွှတ်တော်က သတ်မှတ်ပေးသည့် အခွန်တစ်မျိုးမျိုးက သော်လည်းကောင်း နှစ်စဉ် တိုက်ရိုက် ထုတ်ပေးရမည်ဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ကြော်ငြာကဏ္ဍမှ ရှာဖွေရမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ခဲ့သည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းတွင် ပါရှိသည်။ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သည် ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုမီဒီယာ ဥပဒေကြမ်းတွင် သဘောမတူသည့် အချက်များနှင့် အကြံပြုချက် စုစုပေါင်း (၉) ချက်ကို ယင်းမီဒီယာ ဥပဒေကြမ်း ထုတ်ပြန်ခါစက ပြန်ကြားရေး ဝန်ကြီးဌာနသို့ တရားဝင် ပေးပို့ထားပြီး ဖြစ်သော်လည်း ယခု ဥပဒေပညာရှင်များနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် ယင်း (၉) ချက်ကို ပြင်ဆင်သုံးသပ်ထားသည့် အချက် (၇) ချက် ရရှိကြောင်း၊ ထိုအချက်များကို ဝန်ကြီးဌာနသို့ အသိပေးပြီး မကြာမီ တရားဝင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) မှ ပြောရေးဆိုခွင့်ရှိသူ အလုပ်အမှုဆောင်အဖွဲ့ဝင်က ရှင်းပြသည်။ The Voice
Posted on: Sun, 25 Aug 2013 05:20:20 +0000

Trending Topics



Recently Viewed Topics




© 2015