အမျိုးသား - TopicsExpress



          

အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်ဝင်ခွင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများအသင်း ကန့်ကွက် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်က ခေါ်ယူသော ဝင်ခွင့် လျှောက်လွှာတွင် ကိုယ်လက်အင်္ဂါ ချို့ယွင်းသူ လျှောက်ထားခွင့်မပြုဟု ဖော်ပြထားခြင်းအပေါ် မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများ အသင်းက ကန့်ကွက်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်း အလုပ် အမှုဆောင် ဦးခင်မောင်သန်းအေးက The Voice သို့ ပြောကြားသည်။ မြန်မာနိုင်ငံအနေနှင့် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုး ထားသည့် ကြားမှ ယခုကဲ့သို့ ဝင်ခွင့် သတ်မှတ်ချက်မျိုးသည် မသန်စွမ်း အခွင့်အရေးကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ယင်းကန့်ကွက်စာများကို အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် အပြင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ လာမည့် သီတင်းပတ် အတွင်း တင်ပြသွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ် တာဝန်ရှိသူများက ပယ်ဖျက်ပေးမှု မရှိပါက သက်ဆိုင်ရာ ဝန်ကြီးဌာနကို ဆက်လက် တင်သွင်းရန် စီစဉ်ထားကြောင်း ဦးခင်မောင်သန်းအေးက ပြောဆိုသည်။ ယင်းအပြင် ကိုယ်အင်္ဂါ မသန်စွမ်းသူများ နည်းပြ ဆရာ၊ ဆရာမအဖြစ် လုပ်ကိုင်ခွင့် ရှိရေးအတွက် ဆက်လက် တောင်းဆိုသွားရန် စီစဉ်ထားကြောင်း ၎င်း၏ ပြောကြားချက်များအရ သိရသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ တက္ကသိုလ်ကို ဆက်သွယ် မေးမြန်း ရန် ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။ “အရင်က ကျန်းမာ သန်စွမ်းသူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက် ရှိတယ်။ ဒါပေမဲ့ အဆင့်မြင့်ပညာ ဦးစီးဌာန လက်အောက်က တက္ကသိုလ်တွေကတော့ မသန်စွမ်းတွေကို လက်ခံပေးတယ်” ဟု မိတ္ထီလာ စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက ပြောကြားသည်။ ဆေးတက္ကသိုလ်များတွင်လည်း မသန်စွမ်းသူများကို သီးသန့် တားမြစ် ထားခြင်း မရှိသော်လည်း တက္ကသိုလ်၏ ဆေးအဖွဲ့ (Medical Board) ၏ ဆေးစစ်ချက် အောင်မှသာ တက္ကသိုလ်ဝင်ခွင့် ရရှိမည် ဖြစ်ကြောင်း ဆေးတက္ကသိုလ် (၂) မှ ပါမောက္ခချုပ် ဒေါက်တာ တင့်ဆွေလတ်က The Voice သို့ ပြောကြားသည်။ “ဆေးကုတဲ့ အလုပ်က သာမန်လူတွေတောင် ပင်ပန်းတယ်လေ။ ဒါကြောင့် ကျန်းမာရေး ကောင်းမှ အဆင်ပြေမယ်” ဟု ၎င်းက ထပ်လောင်း ပြောကြား သည်။ လက်ရှိ အချိန်ထိ မြန်မာနိုင်ငံရှိ မသန်စွမ်းသူများသည် ၎င်းတို့၏ ပညာရေး၊ အလုပ်အကိုင်နှင့် ပတ်သက်ပြီး အခက်အခဲများ ရှိနေသေးကြောင်း မသန်စွမ်းဆိုင်ရာ အစီရင်ခံစာများတွင် ဖော်ပြထား သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ပတ်သက်ပြီး မသန်စွမ်း ဥပဒေ ကို ရေးဆွဲလျက်ရှိပြီး မြန်မာနိုင်ငံအနေနှင့် ကုလသမဂ္ဂ မသန်စွမ်းသူ အခွင့်အရေးများဆိုင်ရာ သဘောတူညီ စာချုပ်ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်တွင် ရေးထိုးခဲ့သည်။ွှThe Voice Weekly
Posted on: Mon, 15 Jul 2013 04:13:16 +0000

Trending Topics



Recently Viewed Topics




© 2015