အိုဟောင်းယာဉ်ဈေးကွက် - TopicsExpress



          

အိုဟောင်းယာဉ်ဈေးကွက် ကြီးစိုးနေသော်လည်း ကားသစ်ဈေးကွက်ရရှိရေး မစိုးရိမ် ထင်လင်းအောင်| တနင်္လာနေ့၊ ဒီဇင်ဘာ ၂ ရက်၊ ၂၀၁၃ ခုနှစ် အိုဟောင်းယာဉ်ဈေးကွက်ကြီးစိုးနေသော်လည်း ကားသစ်ဈေးကွက်ရရှိရေး စိုးရိမ်မှုမရှိဟု မာစီးဒီးကားများအား ပြည်တွင်းကိုယ်စားလှယ်ရရှိထားသော Cycle & Carriage Automobile ကုမ္ပဏီမှ အရောင်း ဌာန အကြီးအကဲ ဦးအောင်သက်လွင်က မဇ္ဈိမသို့ ပြောသည်။ ကမ္ဘာ့ထိပ်တန်း မော်တော်ကား စာရင်းဝင်ဖြစ်သော မာဒီဒီး (Mercedes- Benz) မော်တော်ကားများအား Automobile Alliance Co.,Ltd(AA) နှင့် Cycle & Carriage Automobile Myanmar Co.,Ltd (CCAM) တို့မှ ပူးတွဲအရောင်းကိုယ်စားလှယ်အဖြစ်ရရှိလိုက်ခြင်းနှင့် စပ်လျဉ်း၍ မဇ္ဈိမ၏ မေးမြန်းမှုအား နိုဝင်ဘာ၂၉ ရက်က ကျင်းပသော အရောင်းစင်တာဖွင့်ပွဲတွင် ပြောသည်။ တစ်ဦးချင်း တင်သွင်းခွင့်ပါမစ်များဖြင့် ၂၀၀၇ ခုနှစ်အထက် ကားများအား တင်သွင်းခွင့်ရရှိလာပြီးနောက် ပိုင်း ကားအရောင်းစင်တာများအနေဖြင့် ကားအသစ်များ တင်သွင်းရောင်းချမှုရှိလာသော်လည်း ပြည် တွင်းကားဈေးကွက်မှာ အိုဟောင်းယာဉ်ပါမစ်များဖြင့် ၀ယ်ယူခွင့်ရသော တစ်ပတ်ရစ်ကားများကိုသာ ၀ယ်ယူသူများနေလျက်ရှိသည်။ ဦးအောင်သက်လွင်က “ Use Car (အသုံးပြုပြီး တစ်ပတ်ရစ်ကား)ဈေးကွက်က နိုင်ငံတကာမှာလည်း ရှိပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကြည့်ရင်တော့ ပိုပြီးအားကြီးတာပေါ့။ သေချာပါတယ်။ နောက်ပိုင်းမှာတော့ အသစ်တွေကို ၀ယ်စီးတဲ့ဈေးကွက်နဲ့ Use Car တွေကိုဝယ်စီးတဲ့ ဈေးကွက်နှစ်ခုဖြစ်လာမှာပါ။ အဲဒါကြောင့် ကားသစ်ဈေးကွက်ရရှိဖို့ သိပ်ပြီးစိုးရိမ်ဖို့မလိုပါဘူး” ဟု ပြောသည်။ မာစီးဒီးကားထုတ်လုပ်သည့် Daimler South East Asia Pte Ltd ကုမ္ပဏီသည် မြန်မာနိုင်ငံတွင်း ကားအသစ်များ တင်သွင်းရောင်းချရန် ကိုယ်စားလှယ်ပေးသည့်အပြင် နောက်ဆုံးထုတ်လုပ်သော ၂၀၁၄မော်ဒယ် S-Class မာစီဒီးကားများကို တိုက်ရိုက်တင်သွင်းရောင်းချလာသည်။ လက်ရှိအချိန်တွင် ဖို့ဒ်နှင့်မာစီးဒီးကားများအပါအ၀င် မစ်ဆူဘီရှီကလည်း ကားအသစ်ရောင်းသည့် ဈေးကွက်အဖြစ် ၀င်ရောက်လာသည်။ Mizzima - News in Burmese
Posted on: Mon, 02 Dec 2013 04:43:57 +0000

Trending Topics



Recently Viewed Topics




© 2015