ဒေါ်အောင်ဆန်းစုကြည် - TopicsExpress



          

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ရောက်ရေးဖြစ်နိုင်ပါသည်...သို့သော် ------------------------------------------------------------- ရေးသားသူ- ကျော်ဝင်း ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ် သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန် ဆို ဖော်ပြလိုက်ပါသည်။ လွှတ်တော်နိုင်ငံရေး နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန်ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအနေနှင့် ယခင်အစိုးရအကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ မာဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ် ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြ သောာအမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော် များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင် မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သောအောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာအံ့သြဖွယ်ကောင်းလောက်အောင် အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက် မရွံ့စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေ မန်းကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရလက်ထက်က နံပါတ် သုံးခေါင်း ဆောင် ဖြစ်ခဲ့သည်။) အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစုလူမျိုးစုပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံကြိုဆိုကြသည်များရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ”(RNDP)မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေပြောလို့ မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးလို့ရနေပါပြီ။ အပြုသဘော ဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်” ၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့်တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့်လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ”ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေးဆွေး နွေးပွဲများတွင် တက်တက်ကြွကြွပါဝင်လျက် ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ် လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေ ကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့်ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။ ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟုဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက်ရှိကောင်း ရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ်ရှေ့ ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ်အသုံးပြုနေသည့် သ ဘောရှိသည်။ ကိစ္စတော်တော် များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကို ပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည် များရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိ စနစ်အရ သမ္မတကိုပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။ ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံးပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံ နားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတားခင်းပေးနိုင် လောက်သူ ဖြစ်နေ၍လည်း အပေးအယူစေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာ ထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင်ဖြစ်နိုင်ပါသည်။ လူထုခေါင်းဆောင်မှနိုင်ငံတော်သမ္မတသို့ လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ ပါတီအင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံးရနေသည်မှာ အထင်အရှားပင်ဖြစ် သည်။ သူမနှင့်သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေးအဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန်ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံးဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူ နိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီတရားဝင်ပါတီဖြစ်စေရေးအတွက် အဟန့်အ တားအမှောင့် ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက် ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှုရှိစေရမည်ဟု အာမခံချက်ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံးလွတ်လပ်၍ တရားမျှ တသောရွေးကောက်ပွဲဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲအဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုအချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ်စွဲဆောင်နိုင်စွမ်း အနည်း ငယ်မျှ လျော့ပါးမသွားကြောင်းလှစ်ပြလိုက်သည့် သာဓကပင်ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာအနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစု ရှိရာ နေပြည်တော်မဲဆန္ဒနယ်လေးခုမှာပင် အနိုင်မရခဲ့ပါ။ အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏ အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကိုအသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်းဖြစ်သည်။ ထိုထက်သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံ ကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်း ဖြစ်လေရာတပ်မတော်ထဲမှပင်သူမကိုလိုလား သူတွေ မနည်းမနော ရှိနေသည်။ ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်ကရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အ သက်(၂)နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေး ပြိုင်ဘက်များ၏ လုပ်ကြံ သတ်ဖြတ်မှုခံခဲ့ရသည်။ မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီလုံးဝဥဿုံအောင်ပွဲဆင်နိုင်ခဲ့ သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။အကြောင်းမူ ယခင်တပ်မတော် အစိုးရလက် ထက်တစ်လျှောက်လုံး လောက်ပင်အင်န်အယ်လ်ဒီမှာဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့် ချီပြီးအကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန်တစ်လျှောက်လုံး သီးခြားခွဲပြီးတိုက်ပိတ်ခံ ခဲ့ရသည်များပင်ရှိသည်။ သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ်တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှနံရံတံတိုင်းများကြားတွင် နေခဲ့ရ သူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင်တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ”ဟု သူကဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့” စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင်မြေ အောက်အတိုက်အခံလှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ်ဖြစ်လာစေရန် ပြောင်းလဲ တည်ဆောက်လျက်ရှိနေသည်။ ပြီး ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲအတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန် မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူအနိုင်ရ”ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့များပါလိမ့်မည်။ လက်ရှိအာ ဏာရ ယူအက်စ်ဒီပီပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်းခက်ခဲနိုင်သည်။ အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ်ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျစုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ်ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက်ရှိလာသည်။ အထူးသဖြင့် သူမ၏အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့်သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိစသဖြင့် ဝေဖန်ကြသည်။ ဤသို့ဝေဖန်ခဲ့ကြသူများအနက်တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ်လုပ်ခဲ့ဖူးသော ဒေါ်ခင်လေးဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေ အနေကို ယခုလိုညည်းညည်း ညူညူပြောပြသည်။ “ဒေါ်စုက တစ်ခု ခုပြောလိုက်ရင် အဲဒါပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ်လုပ် နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကိုဝေဖန်မိရင် ပါတီအ ပေါ်သစ္စာမရှိဘူး။ အပြောခံရတယ်” အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သောပါတီတစ်ရပ်အဖြစ်ပြောင်းလဲနိုင်ဖို့လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသောပေါ်လစီများ ချမှတ် ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန်အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။ အမြော်အမြင်နှင့် အပေးအယူ အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကိုသမ္မတဖြစ် မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင်ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ-ဖြစ်ပါသည်)ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီး ဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါ ပုဂိုလ်အနေနှင့် သမ္မတ(သို့မဟုတ်) ဒုတိယသမ္မတဖြစ်ခွင့် မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ်(၁၉၉၉ ခုနှစ်က ကွယ်လွန်)နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ကိုင်ထားသော သားနှစ်ယောက်ထွန်းကားခဲ့သည်။ အင်န်အယ်လ်ဒီအနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤ ဥပဒေပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲမဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူမည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘောရှိနေသည်။ သို့တစေ ယခုနောက် ပိုင်းစိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင်ပြောင်းလာနိုင်သည့် အနေအထားဖြစ်ပါသည်။ တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်းဦးဆောင်သည့် ယူအက်စ်ဒီပီအနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်)နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက်နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာရှိပါလိမ့်မည်။ ထို့ထက် ပီအာရ် စနစ်၏အောက်တွင် လူနည်းစုပါတီများအတွက်လည်း ပိုအခွင့်သာနိုင် စရာရှိသည်။ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သောရွေးကောက်ပွဲ စနစ်ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ်တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟုဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာပြင်ဖို့ လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန်လွှတ်တော်ကော်မရှင်တစ်ရပ်ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် ဤသို့ စိစစ်ဖို့လိုသည်ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီအနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစုရထား သောလက်ရှိအချိန်သာ အကောင်းဆုံးဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။ လူမျိုးစုပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီတော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်းဖြစ်နေကြဟန် ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီးနှစ်ခုလုံးမှာ ဗမာ လူမျိုးစုအကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများစုပေါင်းပြီး ဖက်ဒရယ်ပါတီ ကို ပါတီသစ်တစ်ရပ်ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆိုနေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစု မျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည် ဟု ယူဆထားကြဟန် ရှိပါသည်။ ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမှ ကံသေကံမမဆိုသာ သည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက်တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှား ပေးလျှင် အင်န်အယ်လ်ဒီဘက်မှ လည်း အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေး အပေးအယူ”တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။ 7Day Daily စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)
Posted on: Thu, 13 Jun 2013 16:30:15 +0000

Trending Topics



s="stbody" style="min-height:30px;">
viagra ventricular arrhythmias
YOU ARE INVITED!! JOIN AIRLINE TICKETING COURSE NOW! On this
Im wondering if any of you remember a former classmate named Bobby
Why is it that people talk about others and spread lies, and then
Abuja Is Now Under Boko Haram Siege –Retired Army

Recently Viewed Topics




© 2015