ကျောင်းမတက်ဘဲ - TopicsExpress



          

ကျောင်းမတက်ဘဲ အလုပ်လုပ်ကိုင်နေရသည့် ကလေးငယ်များကို လုပ်ငန်းခွင်အရောက် ပညာသင်ကြားပေးရန် စီစဉ် Thursday, August 22, 2013 စားဝတ်နေရေးအတွက် ကျောင်းတက်ရောက်နိုင်ခြင်း မရှိဘဲ အလုပ်လုပ်ကိုင်နေရသည့် ကလေးငယ်များကို လုပ်ငန်းခွင်အရောက် ပညာသင်ပေးရန် စီစဉ်လျက်ရှိကြောင်း သမ္မတရုံးအကြံပေး ဒေါက်တာအောင်ထွန်းသက် ၏ ပြောကြားချက်အရ သိရသည်။ မြန်မာနိုင်ငံ၌ ပညာရေး တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်ကာ လက်ဖက်ရည်ဆိုင်များ၊ ၀ပ်ရှော့များနှင့် အခြားသော လုပ်ငန်းခွင်များတွင် ၀င်ရောက်လုပ်ကိုင်နေရသည့် ကလေးငယ်များကို အများအပြား မြင်တွေ့ရသောကြောင့် ထိုကလေးငယ်များ၏ အနာဂတ်အတွက် ယခုအစီအစဉ်ကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။ "ကလေးတွေကို စီးပွားရေး အဆင်မပြေလို့ ကျောင်းမတက်ရဘူး ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ ကလေးက ကျောင်းကိုလာမတက်နိုင်ဘူး ဆိုရင် ကျောင်းကနေ ကလေးတွေဆီ သွားသင်ပေးတာမျိုး ဖြစ်ရပါမယ်။ အဲဒီအစီအစဉ်ကို အခုစတင် အကောင်အထည် ဖော်နေပါပြီ။ လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်လောက်နဲ့ အရင်ညှိနေပါတယ်။ သူတို့နဲ့ အဆင်ပြေသွားရင် နောက်ဆိုင်တွေကိုလည်း ထပ်ညှိနှိုင်းသွားဖို့ ရှိပါတယ်။ အဓိကကတော့ ပညာရေးကို ခေါက်ရိုးကျိုးအမြင်နဲ့ မစဉ်းစားဘဲ ပြုပြင်ပြောင်းလဲသင့်ရင် ပြောင်းလဲရမှာပါ" ဟု ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။ ကလေးက ကျောင်းကိုလာမတက်နိုင်ဘူးဆိုရင် ကျောင်းကနေ ကလေးတွေဆီ သွားသင်ပေးတာမျိုး ဖြစ်ရပါမယ်။ အဲဒီအစီအစဉ်ကို အခုစတင် အကောင်အထည် ဖော်နေပါပြီ။ လက်ဖက်ရည်ဆိုင် ၁၀ ဆိုင်လောက်နဲ့ အရင်ညှိနေပါတယ်။ သူတို့နဲ့ အဆင်ပြေသွားရင် နောက်ဆိုင်တွေကိုလည်း ထပ်ညှိနှိုင်းသွားဖို့ ရှိပါတယ် . . . . . လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးတွင် တက္ကသိုလ်ဝင်တန်းသို့ ၀င်ရောက်သည့် အရေအတွက်မှာ မူလတန်းသို့ ၀င်ရောက်သည့် အရေအတွက်၏ လေးပုံတစ်ပုံခန့်သာရှိပြီး ပညာရေးတွင် ဆုံးခန်းတိုင်အောင် သင်ယူနိုင်မှုမှာ အားနည်းလျက်ရှိကြောင်း ၎င်းကဆက်လက် ပြောကြားသည်။ ဘက်စုံလွှမ်းခြုံနိုင်သည့် ပညာရေးကဏ္ဍ လေ့လာသုံးသပ်မှု အစီရင်ခံစာအရ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ပညာသင်နှစ် ငါးနှစ်အတွင်း ကလေးများ၏ ကျောင်းထွက်နှုန်းမှာ မြို့ပြတွင် မူလတန်းအဆင့် ၁ ဒသမ ၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၀ ဒသမ ၈ ရာခိုင်နှုန်း၊ အထက်တန်းအဆင့် ၃၃ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကျေးလက်တွင် မူလတန်းအဆင့် ၁၃ ဒသမ ၉ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၂၂ ဒသမ ၇ ရာခိုင်နှုန်းနှင့် အထက်တန်းအဆင့် ၄၂ ဒသမ ၉ ရာခိုင်နှုန်း အထိရှိကြောင်း သိရသည်။ Eleven Media Group
Posted on: Thu, 22 Aug 2013 03:54:02 +0000

Trending Topics



Recently Viewed Topics




© 2015