နိုင်ငံပိုင် - TopicsExpress



          

နိုင်ငံပိုင် ဘိလပ်မြေစက်ရုံ သုံးရုံကို အကျိုးတူ ဆောင်ရွက်ရန် ရွှေတောင်၊ Original Group, Mother Industrial အပါအ၀င် ကုမ္ပဏီ ၁၃ ခုအား ဆန်ခါတင် ရွေးချယ်ထား နိုင်ငံပိုင် ဘိလပ်မြေစက်ရုံ သုံးရုံကို အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ရွှေတောင်၊ Original Group တို့ အပါအ၀င် ကုမ္ပဏီ ၁၃ ခုတို့အား ဆန်ခါတင် ရွေးချယ်ထားပြီး အဆိုပါ ကုမ္ပဏီများသည် နောက်ဆုံးအဆင့် တင်ဒါဝင်ရောက် ယှဉ်ပြိုင်ရန် ရွေးချယ်ထားကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ စက်မှုဝန်ကြီးဌာန အမှတ် (၃)အကြီးစား စက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ ဘိလပ်မြေစက်ရုံ သုံးရုံကို သြဂုတ်လအတွင်းက တင်ဒါခေါ်ယူခဲ့ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အဆိုပါ ကုမ္ပဏီ ၅၀ ကျော် အနက်မှ ရွှေတောင်၊ Original Group တို့ အပါအ၀င် ကုမ္ပဏီ ၁၇ ခုကို ဆန်ခါတင် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအဆင့် တင်ဒါသို့ ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ခံရသည့် ကုမ္ပဏီများတွင် Shwe Taung Cement Co.,Ltd၊ Original Group Co.,Ltd၊ Max Myanmar Manufacturing Co.Ltd၊ Asia Cement Public Co.,Ltd၊ Ultra Group of Companies၊ Shwe Khit Aung Co.,Ltd၊ Ferrostaal၊ Mother Industrial Co.,Ltd၊ Myint Investment Group၊ Myanmar Cement & Mineral Production Co.,Ltd၊ Global Star Co.,Ltd၊ Diadem (Myanmar)၊ Myanmar Jidong Cement Co.,Ltd တို့ ပါဝင်ကြောင်း သိရသည်။ အဆိုပါ ကုမ္ပဏီများထဲတွင် ထိုင်း၊ ဂျာမနီနိုင်ငံတို့မှ ကုမ္ပဏီများ ပါဝင်ကြောင်း သိရသည်။ ပုဂ္ဂလိကနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာနမှ တင်ဒါခေါ်ခဲ့သည့် ဘိလပ်မြေစက်ရုံ သုံးရုံမှာ အမှတ် (၃၁)အကြီးစားစက်ရုံ (သရက်)၊ အမှတ် (၃၂) အကြီးစားစက်ရုံ (ကြံခင်း)၊ အမှတ် (၃၃)အကြီးစားစက်ရုံ (ကျောက်ဆည်) တို့ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အသစ်တည်ဆောက်နေသည့် ဘိလပ်မြေစက်ရုံ ကိုးရုံအထိ ရှိနေပြီး အဆိုပါ ဘိလပ်မြေစက်ရုံများ တည်ဆောက်ပြီးစီးပါက တစ်နှစ်လျှင် ဘိလပ်မြေ တန်ချိန် ၁၀ ဒသမ ၅၃ သန်းအထိ တိုးမြှင့်ထုတ်လုပ် နိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် အစိုးရပိုင် ဘိလပ်မြေစက်ရုံ သုံးရုံနှင့် ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၂ ရုံအထိရှိနေပြီး တစ်နှစ်လျှင် ဘိလပ်မြေ ထုတ်လုပ်နိုင်မှု ပမာဏမှာ ၄ ဒသမ ၀၂ သန်းဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ထိုင်းနိုင်ငံ အခြေစိုက် Siam Cement (ဆင်တံဆိပ် ဘိလပ်မြေ) မှ အမေရိကန်ဒေါ်လာ ၃၈၈ သန်းတန် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်ဖြစ်ပြီး Semen Indonesia ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ တန် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စီစဉ်နေသည်။ အိန္ဒိယအခြေစိုက် Ramco ကုမ္ပဏီမှ မြန်မာနိုင်ငံတွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး ဘိလပ်မြေစက်ရုံ ဆောက်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆွေးနွေးနေကြောင်း သိရသည်။
Posted on: Wed, 06 Nov 2013 04:00:47 +0000

Trending Topics



Recently Viewed Topics




© 2015